Wednesday, December 18, 2013

သုံးလက်မပတ်လည်မြေလေးတစ်ကွက်ဝယ်နိုင်ရင် ခြေမနှစ်ချောင်းနဲ့ခြေဖျားထောက်ထားမယ်။

သုံးလက်မပတ်လည်မြေလေးတစ်ကွက်ဝယ်နိုင်ရင် ခြေမနှစ်ချောင်းနဲ့ခြေဖျားထောက်ထားမယ်။


အကျယ်အဝန်းလား၊ အကျဉ်းအကျပ်လား
အလျား၊အနံတိုလွန်းတယ်၊
အမိုးမမြင့်ဘူး၊(၉ပေတဲ့)
လှေကားကျဉ်းတယ်။
အမြင့်ကြီးမှာ၊
ဘာပဲဖြစ်ဖြစ်၊
ငှားစားရင် တစ်သိန်းရသေးတယ်။
ကဗျာဆိုတာ အဇ္ဈတ္တကိုဖော်ပြရမယ်။
အတိုးဘယ်လောက်နှုန်းလဲ၊
အရင်းနဲ့ကိုက်သလား၊
လူဆင်းရဲတွေကို အမြတ်ထုတ်ဖို့လား၊
လူတန်းစားကွာဟမှုကို ဇစ်တပ်ပေးချင်တာလား၊
ငါလား၊ သူလိုကိုယ်လို ဘူဇွာ၊
အဲဒီလိုများလား၊
ငါ့အကွက် ငါအိမ်ဆောက်လိုက်ရင် လယ်လာစိုက်နေကြတစ်ယောက်
ငိုမှာလား၊
ဒီမြေတွေကို မင်းတို့မပိုင်ဘူး၊ ငါလည်း အငှား၊
မင်းတို့ငါတို့
တဏှာယောကျာ်းလက်သမားရဲ့
လွဲချော်ဆောက်ချက်တွေ။
မနက်ရှိုင်းဘူး၊
သို့သော်လည်း
သုံးမရတော့ဘူး။
ဒီဘဝ၊
ဟိုဘဝ၊
အဲဒီဘဝရဲ့ ခြေလှမ်းသုံးလှမ်းအကွာ၊
အဲဒီဘက်မှာရော
မြေဈေးဘယ်လောက်၊
ခြံမြေလား၊
အပင်စိုက်ရမှာလား၊
ငါးမွေးရမှာလား၊
လမ်းချဲ့ရင် ငါ့မြေမထိစေနဲ့လား၊
စီမံကိန်းမြေလား၊
မုဆိုးမဆီက မုန်ညင်းဆီလား၊ မုန်ညင်းစေ့လား၊
ပါပါရာဇီရဲ့ မှန်ပြောင်းရှည်ထဲက
ဝတ်လစ်စလစ် ဆယ်လီဘရစ်တီလား၊
ငါတို့ဘဝ
ငါတို့
ဝေခွဲမရသေးတာ မှားလား၊
ပါလာတာကို
ဖြတ်လိုက်ပြီးမှ
ပြန်လိုချင်လို့ အတုပြန်တပ်နေရမယ်တဲ့၊
အူအတတ်ထုတ်ထားတဲ့သူတွေပြောပါတယ်။
ကျနော့်အတွေးများချာချာလည်၊
ကြိုပွိုင့်အတွက်
ငိုဖို့
မျက်နှာသုတ်ပုဝါကြိုပြီး ပွိုင့်အောက် လုပ်ထားရမှာလား၊
အကယ်ဒမီတွေ ဘယ်နှစ်ထပ်ကွမ်းလဲ
ပွဲစားက လှလှလေး အမြဲပြုံးတယ်၊
ဟုတ်တယ် ဦးလေး၊
ဈေးတွေက
အရူး တရွတ်တိုက်ဆွဲသွားတဲ့ သစ်ကိုင်းထိပ်ဖျားမှာ ပါသွားတဲ့ သစ်ရွက်လေးလို
ဖြစ်ချင်ရာကို ဖြစ်နေတော့တာတဲ့၊
ကျွန်မတို့က ပွဲစားပါ
ကောက်ညှင်းပေါင်းရောင်းတယ်မမှတ်ပါနဲ့
ဘာလဲဟဲ့ ကောက်ညှင်းပေါင်း
နှမ်းဖြူးတယ်မထင်နဲ့လို့ပြောတာပါရှင့်
အော် ... အေး ...
အဆန်းတွေချည့်၊
ကိုင်ထားလိုက်တာမမှားပါဘူးရှင်ဆိုပဲ။
ဆွဲထားလိုက်မှ စိတ်ချရမယ်ဆိုတာလည်းရှိသေးတယ်။
တုံးခုထားပြီးကန်ထုတ်လိုက်ပေါ့တဲ့၊
လည်ပင်းကကြိုးကအစ
ငါ့ကို
အကြံပေးနေတယ်။ ။


Zephyr

Tuesday, December 10, 2013

ဒီဇင်ဘာ ၁၀ ရက်။

ဒီဇင်ဘာ ၁၀ ရက်။

ဘာလိုလိုနဲ့ဒီဇင်ဘာ သုံးပုံတစ်ပုံ ကျိုးသွားပြီ။
စန်တာကလော့စ် လာဖို့၊
ခြေအိတ်အနီလေးချိတ်ထားတယ်။
ဘာလက်ဆောင်မှမယူခဲ့ပါနဲ့၊
ကမ္ဘာမြေပေါ်က
ကလေးငယ်တွေရဲ့သောကတွေ၊
သယ်ဆောင်ပေးသွားဖို့ပဲ အားထုတ်ပါ စန်တာ။
ကလေးတစ်ချို့ jingle bell ဆိုနေချိန်မှာ
ကလေးတစ်ချို့ဟာ လမ်းမပေါ်မှာ တောင်းစားနေတယ်။
ကလေးတစ်ချို့ဟာ အိပ်ရာထဲလဲလို့ ငတ်ပြတ်နေတယ်။
ကလေးတစ်ချို့ဟာ ကုစရာဆေးဖိုးမရှိလို့ သံကုတင်မှာ အသက်ငင်နေတယ်။
ငြိမ်သက်ည၊ မြင့်မြတ်ညလို့ သီဆိုနေစဉ်မှာ ....
စိုးရိမ်သောက မကင်းတဲ့ မျက်လုံးတွေမှာ
မျက်ရည်တွေ ဝေသီနေတယ်။
လောကရဲ့အမှောင်ဖက်ခြမ်း၊
လောကရဲ့အလင်းဖက်ခြမ်း၊
ဇူဇယ်မရှိ၊မေရီမပါဘဲ
လမ်းမပေါ်
တွားတက်လာတဲ့ကလေးငိုသံတွေ၊
ကောင်းကင်တမန်တေးသံတွေကို
ဖုံးလွှမ်းသွားတယ်၊
နွားစားခွက်ထဲက ကောက်ရိုးတွေလောက်
နွေးထွေးမှုမရှိတဲ့
အထင်သေးမျက်လုံးတွေအောက်မှာ
ကလေးငယ်တွေ
လောင်ကျွမ်းသွားတယ်။
တစ်ချို့
ကလေးစစ်သားတွေဖြစ်သွား၊
တစ်ချို့
လူကုန်ကူးခံရ၊
Hark the herald angels sing
"Glory to the newborn King!
ဆိုနေတုန်း၊
တစ်ချို့ရပ်ကွက်တွေမှာ
နောက်ထပ်စားစရာ ပါးစပ်တစ်ပေါက်တိုး လာတယ်။
ဗလာတွေနဲ့ ဒီကလေးကို ဘယ်လိုဝလင်အောင်ကျွေးရမလဲ တဲ့၊
သိုးကျောင်းသားတွေ စုရုံးလာသလိုမျိုးပဲ
လက်နက်ကိုင်ရဲတွေဟာ အလစ်သုတ်သမား ကလေးငယ်ကို ဖမ်းသွားကြတယ်။
ကမ္ဘာကြီးရဲ့အမှောင်ဘက်ခြမ်းမှာ
ဒီလောက်မသာယာခဲ့ဘူး၊
ဟေရုဒ်ဟာ နှစ်ပေါင်း ၂၀၁၃ အကြာမှာ ဗီဇသစ်တွေနဲ့ ပွားများလာခဲ့ပြီ၊
နာဇရတ်မြို့သားတွေ
အနှိမ်ခံတွေ၊
နင်းပြားတွေ၊
တံထွေးခွက်ထဲက ပိုးမွှားတွေ၊
များသထက်များလာပြီ၊
ဂါဗြီအဲလ်ကဗျာဒိတ်လာပေးသလိုမျိုး၊
လမ်းပေါ်က ကလေးကို
လမ်းလူမိုက်ကြီးက အဖွဲ့ဝင်မလား လာမေးတယ်။
မိုးပွင့်လို ဖြူစင်သော နှလုံးသားတွေရဲ့
ကျဆုံးခန်းပေါ့ ...........၊
အဲဗစ်က in th ghetto ကိုဆိုဖို့
သူတို့က သူတို့ဘဝနဲ့ရေးဖွဲ့ပစ်လိုက်တာ။
ကြယ်တွေနောက်ကို လိုက်နေတဲ့
ပညာရှင်သုံးဦးတော့၊
ဒီဇင်ဘာမှာ
လမ်းပျောက်ရင်း
ကလေးအလောင်းတစ်ချို့
နင်းမိခဲ့ကြသေးတယ် ................................။ ။

Zephyr