Tuesday, March 24, 2015

အနက်ရောင်များကို ခုခံခြင်း

အနက်ရောင်များကို ခုခံခြင်း

မလွယ်ကူတာတွေဖြစ်လာတော့
မလွယ်ဘူးပေါ့၊
မလွယ်ပေမယ့်လည်း
မခက်အောင် နေမယ်။

မခက်အောင်နေဖို့
လွယ်လွယ်ပဲပြောတယ်။
မလွယ်တာတွေ ဖြစ်နေပေမယ့်၊
မခက်အောင် နေကြ။

ဆရာဝန်ကပြောမယ်၊
စိတ်မကောင်းစရာတွေ၊
မလွယ်ပေမယ့်၊
မခက်အောင် နေလိုက်တော့ အပူကင်းတာပေါ့။

ရွေးချယ်စရာမရှိတာကို
ဘာကိုဆွေးနေမလဲ၊
မခက်အောင် နေလိုက်ရုံပေါ့။

ခေါင်းကိုဆင်နင်းသည်ဖြစ်စေ၊
ဒဏ်ရာများ နက်ရှိုင်းသည်ဖြစ်စေ၊
ကြေကွဲစရာများ အုံဖွဲ့သည်ဖြစ်စေ၊
မခက်အောင်နေကြဖို့ပါပဲ။

မလွယ်တာတွေ ဖြစ်လာပေမယ့်၊
မခက်အောင်နေဖို့ သတိထားပါတယ်။

တိုတောင်းလွန်းတဲ့ ရှင်သန်ချိန်မှာ
ကျနော်တို့ဟာ
မခက်အောင် နေထိုင်သူများပါပဲ။

မလွယ်တာတွေဖြစ်လာရင်
ဒီကဗျာကို နာနာဖတ်ပါ။            ။

Regards
Zephyr

နာကျင်စရာ အတွေ့အကြုံတွေကသာ လူကို ရင့်ကျက်ပြည့်စုံစေတာပဲ။ လူဟာ အခက်အခဲကြုံရတာ ထုံးစံပါပဲ။ ဒီအခက်အခဲကို ဘယ်လို တုန့်ပြန်သလဲဆိုတာက လူတစ်ယောက်စီရဲ့ လွတ်လပ်မှုနဲ့အသိဥာဏ်တိုးတက်မှုဖြစ်စဉ်ကို ပြဌာန်းတာ။ လောကကြီးမှာ (ကိုယ့်ကိုယ်ကိုယ်) ဒီလူကြီး မတုန်မလှုပ်နေသွားတယ်ဆိုတာကိုတွေးကြည့်လိုက်ရင် အရသာရှိတာပါပဲ။ ကိုယ့်ကိုယ်ကို လေးစားနိုင်ဖို့ မခက်အောင်နေတတ်ဖို့ လိုမယ်လို့ ကျွန်တော်ထင်မိတယ်။