Sunday, July 29, 2012

ကျောင်းလမ်းထဲမှာ


ကျောင်းလမ်းထဲမှာ

ကဗျာတွေခင်းထားပြီး
ချိုင့်တွေနက်နေခဲ့၊
ခွက်နေတဲ့ ချိုင့်ထဲ
ဘယ်ဆိုက်ကားမှ
မာနကြီးကြီး 
မိုင်ကုန်မဖွင့်ရဲဘူး၊
ချိုင့်ခွက်တွေကို
ယဉ်ကျေးရတယ်။
သွားနဲ့
ခေါင်းဟာ
ကျွတ်ဖို့နဲ့
ကွဲဖို့ပဲ၊
ရန်ပွဲတစ်ပွဲသာဆိုရင်။

cone တွေကလည်း ခေါင်းမရွေးဘဲ ပျံဝဲနေတယ်၊
ICU နဲ့ ရန်ပွဲနဲ့ဟာ
ဆရာအရှင်နဲ့ ဝေနေယျပေါ့။

လက်ဖက်ရည်ဆိုင်က
ခွေးခြေဟာ
နည်းနည်းမာပုံရတဲ့ဂျိုစောင်းအတွက်၊

တံထွေးရှိနေသရွှေ့၊
အထင်သေးတဲ့ မျက်လုံးတွေကို
ထွေးပစ်နိုင်သေးတယ်၊

လူငယ်ဘဝ
လူငယ်ဘဝငဲ့
ရှည်နေတဲ့ဆံပင်ကို ဆွဲ
မေးဖျားကို ခြေထောက်နဲ့ကန်လို့ရအောင်
လွတ်လပ်ပါပေရဲ့၊

လောကဓံနဲ့မှမဟုတ်ဘူး၊
ကိုယ့်စိတ်နဲ့ကိုယ်တောင်
မတည့်ခဲ့ပါဘူး ။                     ။

Zephyr

Monday, July 23, 2012

လရောင်တက်တူး။


လရောင်တက်တူး။

ခွေးအူသံအဖြူတွေ၊
ကြိတ်သွားတဲ့လှည်ဘီးမှာ၊
လရောင်လည်းပါသွားတယ်။

အပျော်တမ်းကစားပွဲမှာမှ
လေးနက်လွန်းနေခဲ့တဲ့
ညမွှေးပန်းရနံ့များ၊

မိုး စဲ သွား ပြီ လား၊
ကြွေကျနေတဲ့
ကောင်းကင်ရော
စဲသွားပြီလား

ဆန့်တန်းထားတဲ့လက်ထဲ
အရည်ပျော်ကျနေတဲ့ မျက်ရည်ပေါက်များ၊
စဲ သွား ကြ  ပြီ လား။

အခုတော့
မှားယွင်းမှုဆေးသားများ
အသက်ဝင်လွန်း၊

နာကျင်မှုကို
အရသာခံတတ်ရင်တော့
ချို ခဲ့ ပါ တယ်။                          ။

Zephyr