Wednesday, December 18, 2013

သုံးလက်မပတ်လည်မြေလေးတစ်ကွက်ဝယ်နိုင်ရင် ခြေမနှစ်ချောင်းနဲ့ခြေဖျားထောက်ထားမယ်။

သုံးလက်မပတ်လည်မြေလေးတစ်ကွက်ဝယ်နိုင်ရင် ခြေမနှစ်ချောင်းနဲ့ခြေဖျားထောက်ထားမယ်။


အကျယ်အဝန်းလား၊ အကျဉ်းအကျပ်လား
အလျား၊အနံတိုလွန်းတယ်၊
အမိုးမမြင့်ဘူး၊(၉ပေတဲ့)
လှေကားကျဉ်းတယ်။
အမြင့်ကြီးမှာ၊
ဘာပဲဖြစ်ဖြစ်၊
ငှားစားရင် တစ်သိန်းရသေးတယ်။
ကဗျာဆိုတာ အဇ္ဈတ္တကိုဖော်ပြရမယ်။
အတိုးဘယ်လောက်နှုန်းလဲ၊
အရင်းနဲ့ကိုက်သလား၊
လူဆင်းရဲတွေကို အမြတ်ထုတ်ဖို့လား၊
လူတန်းစားကွာဟမှုကို ဇစ်တပ်ပေးချင်တာလား၊
ငါလား၊ သူလိုကိုယ်လို ဘူဇွာ၊
အဲဒီလိုများလား၊
ငါ့အကွက် ငါအိမ်ဆောက်လိုက်ရင် လယ်လာစိုက်နေကြတစ်ယောက်
ငိုမှာလား၊
ဒီမြေတွေကို မင်းတို့မပိုင်ဘူး၊ ငါလည်း အငှား၊
မင်းတို့ငါတို့
တဏှာယောကျာ်းလက်သမားရဲ့
လွဲချော်ဆောက်ချက်တွေ။
မနက်ရှိုင်းဘူး၊
သို့သော်လည်း
သုံးမရတော့ဘူး။
ဒီဘဝ၊
ဟိုဘဝ၊
အဲဒီဘဝရဲ့ ခြေလှမ်းသုံးလှမ်းအကွာ၊
အဲဒီဘက်မှာရော
မြေဈေးဘယ်လောက်၊
ခြံမြေလား၊
အပင်စိုက်ရမှာလား၊
ငါးမွေးရမှာလား၊
လမ်းချဲ့ရင် ငါ့မြေမထိစေနဲ့လား၊
စီမံကိန်းမြေလား၊
မုဆိုးမဆီက မုန်ညင်းဆီလား၊ မုန်ညင်းစေ့လား၊
ပါပါရာဇီရဲ့ မှန်ပြောင်းရှည်ထဲက
ဝတ်လစ်စလစ် ဆယ်လီဘရစ်တီလား၊
ငါတို့ဘဝ
ငါတို့
ဝေခွဲမရသေးတာ မှားလား၊
ပါလာတာကို
ဖြတ်လိုက်ပြီးမှ
ပြန်လိုချင်လို့ အတုပြန်တပ်နေရမယ်တဲ့၊
အူအတတ်ထုတ်ထားတဲ့သူတွေပြောပါတယ်။
ကျနော့်အတွေးများချာချာလည်၊
ကြိုပွိုင့်အတွက်
ငိုဖို့
မျက်နှာသုတ်ပုဝါကြိုပြီး ပွိုင့်အောက် လုပ်ထားရမှာလား၊
အကယ်ဒမီတွေ ဘယ်နှစ်ထပ်ကွမ်းလဲ
ပွဲစားက လှလှလေး အမြဲပြုံးတယ်၊
ဟုတ်တယ် ဦးလေး၊
ဈေးတွေက
အရူး တရွတ်တိုက်ဆွဲသွားတဲ့ သစ်ကိုင်းထိပ်ဖျားမှာ ပါသွားတဲ့ သစ်ရွက်လေးလို
ဖြစ်ချင်ရာကို ဖြစ်နေတော့တာတဲ့၊
ကျွန်မတို့က ပွဲစားပါ
ကောက်ညှင်းပေါင်းရောင်းတယ်မမှတ်ပါနဲ့
ဘာလဲဟဲ့ ကောက်ညှင်းပေါင်း
နှမ်းဖြူးတယ်မထင်နဲ့လို့ပြောတာပါရှင့်
အော် ... အေး ...
အဆန်းတွေချည့်၊
ကိုင်ထားလိုက်တာမမှားပါဘူးရှင်ဆိုပဲ။
ဆွဲထားလိုက်မှ စိတ်ချရမယ်ဆိုတာလည်းရှိသေးတယ်။
တုံးခုထားပြီးကန်ထုတ်လိုက်ပေါ့တဲ့၊
လည်ပင်းကကြိုးကအစ
ငါ့ကို
အကြံပေးနေတယ်။ ။


Zephyr

Tuesday, December 10, 2013

ဒီဇင်ဘာ ၁၀ ရက်။

ဒီဇင်ဘာ ၁၀ ရက်။

ဘာလိုလိုနဲ့ဒီဇင်ဘာ သုံးပုံတစ်ပုံ ကျိုးသွားပြီ။
စန်တာကလော့စ် လာဖို့၊
ခြေအိတ်အနီလေးချိတ်ထားတယ်။
ဘာလက်ဆောင်မှမယူခဲ့ပါနဲ့၊
ကမ္ဘာမြေပေါ်က
ကလေးငယ်တွေရဲ့သောကတွေ၊
သယ်ဆောင်ပေးသွားဖို့ပဲ အားထုတ်ပါ စန်တာ။
ကလေးတစ်ချို့ jingle bell ဆိုနေချိန်မှာ
ကလေးတစ်ချို့ဟာ လမ်းမပေါ်မှာ တောင်းစားနေတယ်။
ကလေးတစ်ချို့ဟာ အိပ်ရာထဲလဲလို့ ငတ်ပြတ်နေတယ်။
ကလေးတစ်ချို့ဟာ ကုစရာဆေးဖိုးမရှိလို့ သံကုတင်မှာ အသက်ငင်နေတယ်။
ငြိမ်သက်ည၊ မြင့်မြတ်ညလို့ သီဆိုနေစဉ်မှာ ....
စိုးရိမ်သောက မကင်းတဲ့ မျက်လုံးတွေမှာ
မျက်ရည်တွေ ဝေသီနေတယ်။
လောကရဲ့အမှောင်ဖက်ခြမ်း၊
လောကရဲ့အလင်းဖက်ခြမ်း၊
ဇူဇယ်မရှိ၊မေရီမပါဘဲ
လမ်းမပေါ်
တွားတက်လာတဲ့ကလေးငိုသံတွေ၊
ကောင်းကင်တမန်တေးသံတွေကို
ဖုံးလွှမ်းသွားတယ်၊
နွားစားခွက်ထဲက ကောက်ရိုးတွေလောက်
နွေးထွေးမှုမရှိတဲ့
အထင်သေးမျက်လုံးတွေအောက်မှာ
ကလေးငယ်တွေ
လောင်ကျွမ်းသွားတယ်။
တစ်ချို့
ကလေးစစ်သားတွေဖြစ်သွား၊
တစ်ချို့
လူကုန်ကူးခံရ၊
Hark the herald angels sing
"Glory to the newborn King!
ဆိုနေတုန်း၊
တစ်ချို့ရပ်ကွက်တွေမှာ
နောက်ထပ်စားစရာ ပါးစပ်တစ်ပေါက်တိုး လာတယ်။
ဗလာတွေနဲ့ ဒီကလေးကို ဘယ်လိုဝလင်အောင်ကျွေးရမလဲ တဲ့၊
သိုးကျောင်းသားတွေ စုရုံးလာသလိုမျိုးပဲ
လက်နက်ကိုင်ရဲတွေဟာ အလစ်သုတ်သမား ကလေးငယ်ကို ဖမ်းသွားကြတယ်။
ကမ္ဘာကြီးရဲ့အမှောင်ဘက်ခြမ်းမှာ
ဒီလောက်မသာယာခဲ့ဘူး၊
ဟေရုဒ်ဟာ နှစ်ပေါင်း ၂၀၁၃ အကြာမှာ ဗီဇသစ်တွေနဲ့ ပွားများလာခဲ့ပြီ၊
နာဇရတ်မြို့သားတွေ
အနှိမ်ခံတွေ၊
နင်းပြားတွေ၊
တံထွေးခွက်ထဲက ပိုးမွှားတွေ၊
များသထက်များလာပြီ၊
ဂါဗြီအဲလ်ကဗျာဒိတ်လာပေးသလိုမျိုး၊
လမ်းပေါ်က ကလေးကို
လမ်းလူမိုက်ကြီးက အဖွဲ့ဝင်မလား လာမေးတယ်။
မိုးပွင့်လို ဖြူစင်သော နှလုံးသားတွေရဲ့
ကျဆုံးခန်းပေါ့ ...........၊
အဲဗစ်က in th ghetto ကိုဆိုဖို့
သူတို့က သူတို့ဘဝနဲ့ရေးဖွဲ့ပစ်လိုက်တာ။
ကြယ်တွေနောက်ကို လိုက်နေတဲ့
ပညာရှင်သုံးဦးတော့၊
ဒီဇင်ဘာမှာ
လမ်းပျောက်ရင်း
ကလေးအလောင်းတစ်ချို့
နင်းမိခဲ့ကြသေးတယ် ................................။ ။

Zephyr

Sunday, October 6, 2013

စူပါမန်း

ကျွန်တော် ကဗျာတိုလေးတွေကို ချစ်ပါတယ်။
အချိန်ရှားပါးလာတဲ့ ခပ်မြန်မြန်လောကကြီးအတွက် လိုရင်းရောက်စေတာမျိုးလို့ ကျွန်တော်မြင်မိတယ်။

ရှုပ်နေတဲ့လောကမှာ ရှင်းတာတွေမရှိတော့ပေမယ့်၊
ရှုပ်ပြီးသားအရှုပ်တွေကို စိတ်ရှင်းရှင်းမြင်နိုင်ရင်ကောင်းမယ်လို့ ကျွန်တော်တွေးမိတယ်။

ဟိုတစ်ပတ်ကပဲ စူပါမန်းအကြောင်း ကဗျာတိုလေး နည်းနည်းရေးဖြစ်တယ်။ ပေါ့ပေါ့ပါးပါး ကဗျာလေးတွေပါပဲ။

စူပါမန်းအကြောင်း ကျွန်တော်ပြောမယ်စိတ်ကူးတော့ သူ့ရဲ့ မျက်မှန်ကို ပထမဆုံးသတိရတယ်ဗျ။ ဒါနဲ့ပဲ ကျွန်တော်ချရေးလိုက်တယ်။

စူပါမန်းရဲ့မျက်မှန်

စူပါမန်း မျက်မှန်တပ်တော့သာမန်လူ။
သာမန်လူ မျက်မှန်ချွတ်တော့ စူပါမန်း။

ခေတ်ကြီးကိုက ဆန်းလွန်းတယ်။ ။

 Zephyr

နောက်တော့ သူ့ဟာ သူအရှိန်ရသွားတယ်။

စူပါမန်းရဲ့ သင်ယူမှု။

ခေတ်အဆက်ဆက်ဖြတ်လာပြီး
၂၀၁၃ ရောက်ခါမှ
အတွင်းခံဘောင်းဘီကို
အတွင်းမှာဝတ်တတ်သွားတယ်။

၂၀၁၅ မှာ တိုက်ပုံဝတ်မယ့် စူပါမန်း၊
သူက
ပြဿနာကို
အပေါ်မှာပဲရှင်းတယ်တဲ့။

လေထဲမှာပဲ
သူနဲ့သူ့ပြဿနာတွေ။ ။

Zephyr

စူပါမန်းအကြောင်းရေးရင်း ဘတ်မန်းကိုသတိရတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဘတ်မန်းကို ပိုသဘောကျတယ်။ သူက လူသားပိုဆန်တယ်။ သူတို့နှစ်ယောက်ကို ကျွန်တော်ယှဉ်ပြီးတွေးတယ်။ သူတို့ရဲ့ဘဝတွေ ကွာခြားတာသတိပြုမိတယ်။

စူပါမန်းနဲ့ ဘတ်မန်း

စူပါမန်းက စူပါ ပါဝါတွေနဲ့၊
လုပ်ရတော့ စာရေးစာချီ၊

ဘတ်မန်းက ဘီလျံနာ၊
ဘာအလုပ်မှ လုပ်စရာမလိုလှဘူး။

မိဘတွေကွာခြားတော့
စူပါမန်းလည်း
ရုံးတက်နေရသေးတာပဲ။

မိုးပေါ်ပျံတက်နိုင်ပေမယ့်၊
အထူးအကြားအာရုံ၊
အထူးအမြင်အစွမ်းတွေ
ပိုင်သပေမယ့်၊
စူပါမန်းဟာ စာရေးစာချီ။ ။

Zephyr

မကြာသေးခင်ကပဲ စူပါမန်းဇာတ်ကားတွေ revision ပြန်တဲ့သဘောနဲ့ပြန်ကြည့်ရင်း သူမီးငြှိမ်းတဲ့ ဇာတ်ကွက်လေးကို ကျွန်တော်သတိရတယ်။ အဲဒါနဲ့ဆက်တွေးကြည့်ရင်း နောက်ထပ် ကဗျာတိုလေးတစ်ခုရလာတယ်။

စူပါမန်း မီးသတ်သမား။

ဓာတုစက်ရုံကြီးမီးလောင်တော့
စူပါမန်းဟာ
ရေကန်ဆီပျံသွား၊
ရေတွေကို ခဲပစ်ပြီး
ကောင်းကင်က မ လာခဲ့တယ်။

မီးတောက်ပေါ်
ရေခဲတုံးဖျော်ချ၊
မီးတွေငြိမ်းကျသွားစေတယ်။

စူပါမန်းဟာ
တကယ်တော်တာပဲ၊
တကယ်တော်ရင်
ဒီကမ္ဘာမှာ မမွေးဘူး၊

စူပါမန်းဟာ တစ်ခြားကမ္ဘာက၊
တကယ်တော်တဲ့ တစ်ခြားကမ္ဘာက၊
အဲဒါတော့
အလွမ်းခန်းပဲ။

Zephyr

နောက်တော့ ကျွန်တော် သူ့ရဲ့အကြောက်တရားအကြောင်းကိုတွေးတယ်။ သူ့မှာလည်း ကြောက်ရတဲ့ အစိမ်းရောင်ကျောက်တုံးလေးရှိတယ်။ ကြောက်ရွံ့ခြင်းမကင်းရတဲ့ ကမ္ဘာသားတစ်ယောက်ကို ကျွန်တော်ရှာတွေ့သွားတယ်။

စူပါမန်းနဲ့ အစိမ်းရောင် ခရစ်ပ်တွန်နိုက် ကျောက်တုံး

စူပါမန်းဟာ
ဒီကျောက်တုံးနဲ့တွေ့တော့
ပျော့ခွေနုံးချိသွားတယ်။

ကမ္ဘာကြီးကို
ပြောင်းပြန်ပတ်စေတဲ့သူ၊
မျက်လုံးက ရောင်ခြည်ထွက်
အင်အားသန်မာလွန်းသူ၊
သူ့မှာလည်း
ကြောက်စရာတစ်ခုရှိတယ်။

ကမ္ဘာမှာနေရင်
တစ်ခုခုကို ကြောက်ရမယ် မဟုတ်လား။

Zephyr

အကြောက်တရားပြီးတော့ စူပါမန်းမစွမ်းတာ ဘာရှိသလဲကို ကျွန်တော်ဆက်တွေးတော့ သူဟာလည်း အချစ်ရေးမှာမအောင်မြင်ဘူး။ အဲဒီတော့ကမ္ဘာမှာ အခက်ဆုံးဟာ ကိုယ်ချစ်တဲ့သူ ကိုယ့်ကို ပြန်ချစ်ဖို့ပဲလို့ ကျွန်တော်ခံစားရတယ်။ စူပါမန်းလည်း ဒီအတိုင်းနေမှာပဲလို့ ကျွန်တော်ကိုယ်ချင်းစာမိတယ်။

စူပါမန်းနဲ့ အချစ်ရေး။

စူပါမန်း
အချစ်ရေးအဆင်မပြေဘူး၊
ကမ္ဘာဂြိုဟ်မှာ
ခက်တာတွေအားလုံးထက်
ဒီတစ်ခု ပိုခက်တယ်တဲ့။

Zephyr

အောက်တိုဘာ ၄ ရက်နေ့ ရုံးမှာ အလုပ်လုပ်နေရင်း စူပါမန်းစိတ်ထဲရောက်လာတာနဲ့ ကဗျာတိုလေးတစ်ချို့ရေးဖြစ်သွားတယ်။ ဖတ်လိုက်ရလို့ ပျော်ရွှင်သွားတယ်ဆိုရင် ဒီကဗျာဟာ ခင်ဗျားအတွက်လည်းဖြစ်လိမ့်မယ်။            ။


Monday, July 29, 2013

ပျော်တော်ဆက်နှင့်တဒင်္ဂ

ပျော်တော်ဆက်နှင့်တဒင်္ဂ

ပျော်တော်ဆက်က သူ့ပါးစပ်ထဲ
ဓားရှည်ထိုးသွင်းပြတော့
လူတွေပျော်ကြတယ်။

ပျော်တော်ဆက်က
ကုလားမခြေထောက်နဲ့
ကြိုးခုန်ပြတော့
လူတွေပျော်ကြတယ်။

ပျော်တော်ဆက်က
လေထဲ နောက်ဂျွမ်းပစ်ပြီး
လူသုံးယောက်ကို ခုန်ကျော်ပြတော့
လူတွေပျော်ကြတယ်။

ပျော်တော်ဆက်က
ကြိုးနဲ့ချည်ထားတဲ့
ကုတ်အင်္ကျီကို
ကြိုးမဖြုတ်ဘဲ ထုတ်ယူပြသွားတော့
လူတွေပျော်ကြတယ်။

မပျော်တဲ့လောကကြီးမှာ
မပျော်တဲ့ ပျော်တော်ဆက်က
မပျော်တဲ့သူတွေ ပျော်အောင်
လုပ်ပြကြတယ်။

ပျော်တော်ဆက်ရဲ့ ဦးထုပ်ထဲ
မပျော်တဲ့လူတွေ
ပျော်တဒင်္ဂကြေးပေးပြီး
မပျော်တဲ့ လောကထဲ
ငုံ့ဝင်သွားကြတယ်။

လောကဓံ
ချောင်းကြည့်ပေါက်ကနေ
ပျော်တော်ဆက်ပြန်လာမလား
တစ်ချက်တစ်ချက်ချောင်းကြည့်ပြီး
ပျော်ချင်ဟန်ဆောင်လိုက်ကြတယ်။

အကြောက်တရားကိုလည်းပျော်ကြရ၊
စိုးရိမ်ထိတ်လန့်မှုကိုလည်းပျော်ကြရ၊
မသေချာခြင်းတွေကိုလည်းပျော်ကြရ၊
ပျော်တော်ဆက်ပျောက်သွားတော့
ရှိတာနဲ့ပျော်ကြရတယ်။                         ။

Zephyr

Wednesday, May 29, 2013

အတု၊ အစစ်။

အတု၊ အစစ်။

အစစ်ဟာ
အတုအကြောင်း
မပြောပြတတ်ဘဲ
သေဆုံးသွားရှာပေါ့ ..............။

သေဆုံးသွားတဲ့အစစ်ရဲ့တန်ဖိုးကို
ရှင်သန်သယောင် အတုမှာ
ရှာမတွေ့နိုင်ပြီ။

အရိပ်ကို
ဝတ်ဆင်တဲ့ ပီတာပန်၊
သံချိတ်ကောက်လက်နဲ့ ကက်ပတိန် ဟွခ်၊
နာရီမျိုမိချောင်း တစ်တောက်
အတောင်တဖျပ်ဖျပ်တင်ကာဘဲလ်
...
သူတို့နဲ့အတူ
အမှောင်ဟာအရိပ်ထဲတိုးဝင်နေတယ်။

၁၀၀ ရာခိုင်နှုန်းပြန်မရရင်
ချစ်ခြင်းမေတ္တာတောင်
တစ်စက်မှမလိုချင်ဘူး၊
Neverland နတ္ထိပြည်မှာ .....
အမှန်တရားဟာ
အောင်ပွဲခံသလို
သေချာခြင်းမျိုး
ပြန်မရှာတတ်တော့ပြီ။

ကားလိပ်နောက်ကွယ်မှာ
ငိုသံကို နားမစွင့်မိတော့ ...........
ကိုယ့်ခြေထောက်အောက်မှာတင်၊
ခရီးဟာရှည်လျားပျော့ပြောင်းစွာ
စီးဆင်းညင်သာ။

ချောက်ကမ်းပါးစွန်းမှာ
သူ့ကိုယ်သူ အနိုင်နိုင်ရပ်နေတဲ့
ပခုံးအတုကို
မီတွယ်မိတော့
ကာလတို ပျံသန်းခြင်းကိုသာ
အဆုံးစွန်ချစ်ခင်လိုက်ရတာပါပဲ ။                      ။

Zephyr

Friday, April 19, 2013

ဒေါ်လာ2000တန် ဟာသ

ဒေါ်လာ2000တန် ဟာသ

ဟာသဟာ
"မရယ်ရပါလား" ကိုလေချွန်ရင်း ....
လူအတုကို ဝင်တိုက်သွားတယ်၊

ဟာသရင့်မှည့်လာဖို့၊
နည်းနည်းလောက် ငိုပေးရလိမ့်မယ်။
Hercules: Meg, when I'm with you, I-I don't feel so alone.
Meg: Sometimes it's better to be alone.
Hercules: What do you mean?
Meg: Nobody can hurt you.

ဟာသဟာ ကာတွန်းကားတွေ လှိမ့်ကြည့်နေတယ်။

မနက်မနက် ဟာသတစ်ယောက် ထထပြေးတယ်၊ ခြေထောက်ဟာ သယ်ဆောင်နေသလိုလိုနဲ့ ကပ်ခိုလိုက်နေတာပဲ၊ My tears are real! You are not! Madgascar 3 က ဖျံကလေး Stefano ပြောတာပဲ။

Jonathan: Are these monsters gonna kill me?
Dracula: Not as long as they think you're a monster.
Jonathan: That's kinda racist.
(Hotel Transylvania)

Shrek 2 က Fairy Godmother ပြောတာတော့ Remember, happiness is just a teardrop away... ပျော်ရွှင်ခြင်းဟာ မျက်ရည်တစ်စက်အကွာမှာရှိသတဲ့။ အဲဒီလောက်ဝေးရသလားလို့ ဟာသကရေရွတ်တယ်။

Horton: I meant what I said, and I said what I meant.
Morton: [sighs] An elephant's faithful one hundred percent.
Horton: That's my code, my motto.
(Horton Hears a Who! (2008))

Horton တစ်ယောက်တည်းကြားရတဲ့အသံတွေအကြောင်းလို့ ဟာသက သူ့ကိုယ်သူပြောပြတယ်။ သူ့ကိုယ်သူအားပေးတယ်။ သူ့ကိုယ်သူနှစ်သိမ့်တယ်။

ဒီမနက်တော့ ဟာသကိုအကောင်းအတိုင်းတွေ့ရတယ်။
သူမရယ်ရတော့ဘူး။
သူမရယ်နိုင်တော့ဘူး။
တောင့်တင်းအေးစက်နေတဲ့
ဟာသဟာ ....
ဟာသမဆန်တော့ဘူး၊

ဟာသငြိမ်းသွားပြီပေါ့ ...
နောက်ထပ်ဟာသတစ်ယောက်က
ဟာသလုပ်နေတယ်။                       ။

Zephyr
19th April 2013 :14:59

Wednesday, April 10, 2013

မွန်းကြပ်ခြင်း

မွန်းကြပ်ခြင်း

တိမ်တွေမှာ ရောင်ပြန်ဟပ်ရင်း ..........
ကောင်းကင်မှာပျံသန်းသွားတဲ့ငါး ................
အသက်ရှူမဝဘူးပြောနေတယ်။ ။

 (Zephyr)