Saturday, September 20, 2014

အနက်ရုပ်ကိုကောက်ကိုင်လိုက်တယ်။

အနက်ရုပ်ကိုကောက်ကိုင်လိုက်တယ်။
------------------------------------------------

မနေ့ည စစ်တုရင်ပြန်ကစားကြတော့ ငါအရုပ်အဖြူ။
တစ်ဘဝလုံး အရုပ်အဖြူနဲ့ပဲ ငါတိုက်ခိုက်တယ်။
ဘယ်တော့မှ အလံမလဲတဲ့မြင်းသည်တော်။
မာရေကျောရေ ရဲတိုက်ကြီး။

ဘယ်ဘက်မှာ ငါ့မြင်းကို ဗဟိုလေးကွက်ကို အုပ်ထားမယ်။
အမြဲဒီလိုပဲ။
ငါက အမြဲဒီလိုပဲ။
ငါက အမြဲဒီလိုပဲ။

နောက်ဆုံးမှာ
ငါ့မှာ အမြဲ လွတ်ကျွတ် ပွန်းတစ်ကောင်ရှိတယ်။
နောက်ဆုံးမှာ
အမြဲတမ်း တစ်ကွက်သာနေတဲ့ အခြေအနေကောင်းအရုပ်ရှိတယ်။
အကြောင်းကောင်းတစ်ခုရှိတယ်။
ဟိတလို့ခေါ်တဲ့တစ်ခုပေါ့။

အနက်ရောင်မယူချင်ဘူး။
စောင့်ဆိုင်းခြင်းဟာ ပျင်းရိစရာ။
စောင့်ဆိုင်းခြင်းဟာ ပျင်းရိစရာ။
စောင့်ဆိုင်းခြင်းဟာ ပျင်းရိစရာ။
အမြဲတစ်လှည့်နောက်ကျနေရတာ ပျင်းစရာ။


နိုင်မှာသေချာရင်
ကစားရုပ်တွေအားလုံးလဲပစ်နိုင်တယ်။
မသေချာမှုတွေနဲ့
အလဲအထပ်လုပ်ကြတဲ့ ခေတ်ထဲမှာ
ငါ့အကွက်တွေ အံမဝင်ဘူး။

လောကမှာ
တစ်ချို့အရက်ခွက်ကို ကောက်ကိုင်လိုက်သလို
အနက်ရုပ်ကိုကောက်ကိုင်လိုက်တယ်။
e4-c5
ခုခံနေရတာပဲ။
လောကဓံအဖြူ
လူ အနက်
ဂလဲ့တစ်ကွက်နာနေတယ်။

အချိန်အသာစီးမရဘူး။
နည်းနည်းခက်နေတယ်။
နည်းနည်းခက်နေတယ်။
နည်းနည်းခက်နေတယ်။

အနက်ရုပ်ကိုကောက်ကိုင်လိုက်တယ်။
အနက်ရုပ်ကို ကောက်ကိုင်လိုက်တယ်။
ဟင်းလင်းပွင့် ဘိရှော့ပ်လိုင်းတစ်ခုလိုချင်တယ်။
....
လွတ်ကျွတ်ပွန်းတစ်ကောင်လိုချင်တယ်။

သရေပွဲတော့ မလိုချင်ဘူး။             ။

Zephyr




ခရီးသွားရင်း၊ အမြည်းစားရင်း

ခရီးသွားရင်း၊ အမြည်းစားရင်း

သိပ်အဝေးကြီးသွားတော့လည်း
ခြေညောင်းတယ်။
ရပ်နေပြန်တော့လည်း
ပြတ်ကျန်ခဲ့သလိုလိုပဲ။

လက်ခုပ်သံကြောင့် ပြေးတဲ့ ချန်ပီယံလည်း
လက်ခုပ်သံနဲ့အတူ ပြီးဆုံးသွားပြီ။

အဝေးမှာ
အဝေးပဲရှိတယ်။
အဲဒီအထိ သွားမှာလား။


ပြန်ကြည့်တော့
အရိပ်ဟာ
အတိတ်မှာ ကျန်နေခဲ့သလိုလိုနဲ့
ဖိနပ်ပေါက်နေတာပါလား။

ငါကယ်မှဖြစ်မယ့်အရာ
တစ်ခုမှမရှိသေးတဲ့အတွက်
ကျေနပ်ပါတယ်။

စစ်သွေးလည်းမကြွခဲ့သလို
ရေဒီယိုသတ္တိလည်းမကြွခဲ့ပါဘူး။

အိမ်မက်ထဲက ခြင်္သေ့တွေ၊
အိမ်မက်ထဲက အံဆွဲထဲမှာ၊
ညပ်ကျန်ရစ်ခဲ့တာ။

ပန်းပွင့်တွေဟာ
ကောင်းကင်မှာ ပွင့်တော့
ကြယ်တွေအမှတ်နဲ့
ငေးရပြန်တာပါပဲ။             ။

Zephyr

Thursday, August 14, 2014

ငါတို့ခေတ်

ငါတို့ခေတ်
========
လက်ဖက်ရည်ဆိုင်ထိုင်ရင်း
လူသတ်တယ်။
ခေတ်ကြီးက
ပျော်မယ်ဆိုရင် ပျော်စရာကြီး၊
သူ့အမေကပြောတယ်။
ကလေးက လူရမ်းကားမဟုတ်ဘူးတဲ့။
အေးဆို။

Zephyr

Tuesday, August 5, 2014

လမ်းခုလတ်

လမ်းခုလတ်

တော်လှန်ရေးမှာ တစ်ချို့ကအသက်စတေးတယ်။
ခင်ဗျားက လက်တစ်ချောင်း ပျက်သွားတယ်။
ကဗျာရေးလို့ လက်ကို တူနဲ့ခေါက်တယ်။
တစ်ပါဒတစ်ချက်နှုန်းလည်းဖြစ်ကောင်းဖြစ်မယ်။
ဒါပေမယ့် သမိုင်းက ခင်ဗျားကို သိတယ်။
ချန်မထားဘူး။

ခင်ဗျားက ကဗျာကိုရေးတယ်။
ကဗျာက သမိုင်းကိုရေးတယ်။
သမိုင်းက သေသွားတဲ့ ကျောင်းသားတွေကို မမေ့ဘူး။
နိုင်ငံရေးသမား အစုတ်အပြတ်တွေနဲ့
အာဏာရှင်စံနစ်သာ ကျဆုံးမယ်။
ကျောင်းသားတွေရဲ့ ခြင်္သေ့နှလုံးသားဟာ
အလံမလဲဘူး။

ကျောင်းသားဟာ ခေတ်အဆက်ဆက်
မတရားမှုကိုတော်လှန်တယ်။
သမိုင်းတာဝန်ကိုခွဲယူတယ်။
ကျောင်းသားဟာ မကြောက်ဘူး။
မိုးပေါ်ထောင်မပစ်တဲ့ကျည်ဆံဆီ
ပြေးဝင်သွားတယ်။

ထောင်စောင့်တွေ ရိုက်မယ့်တုတ်ဆီ
ပြေးဝင်သွားတယ်။
အနုပညာသစ်ဆီပြေးဝင်တယ်။
တစ်ယောက်ချင်းပစ်ချနေတဲ့
ဒေါင်းအလံကိုင်လက်တွေဆီ ပြေးဝင်တယ်။
ခွေးသေဝက်သေပေါ့။
ပြေးပြေးဝင်တယ်။

ခင်ဗျားဟာ
တစ်ချိန်က ကျောင်းသားတွေလို
ချစ်တဲ့ကျောင်းကိုစွန့်ခွာပြီး
ရက်စက်တဲ့ကျောင်းမှာ
စာဆက်သင်ကြတယ်။

မကောင်းတဲ့ခေတ်ကြီးမှာ
ခင်ဗျားတို့က စံပယ်ပင်စိုက်တယ်။
ကျနော်တို့က ရနံ့ကိုရှူရှိုက်တယ်။

တစ်ခါတစ်လေ အားနာကြတယ်။
အနုပညာကို၊
ခင်ဗျားတို့ကို၊
ဒေါင်းအလံကို
အားနာကြတယ်။          ။

Zephyr

(ဘဂျီး တာရာမင်းဝေ ... ကောင်းရာသုဂတိလားရောက်ပါစေ)

Thursday, July 31, 2014

ဂလိုဘယ်လိုင်ဇေးရှင်း

ဂလိုဘယ်လိုင်ဇေးရှင်း
===================


အဖိုးမဝယ်နိုင်ခဲ့တဲ့မြေကွက်
မြေးလက်ထက်မှာ မဝယ်နိုင်သေးဘူး၊
သို့ပေမယ့်
အိမ်မက်တွေ လက်ဆင့်ကမ်းရုံ၊
နေထိုင်ခဲ့ကြ။


ခေတ်ကြီးကို ဘာဖြစ်တယ်ညာဖြစ်တယ်မပြောနဲ့၊
ကျောပူလာရင်မှောက်အိပ်၊
ခေါင်းအုံးပူရင် အေးတဲ့အခြမ်းလှည့်အုံး၊
နေသာသလိုနေကြ။


သွားတိုက်ဆေးကုန်တဲ့နေ့
ဆားနဲ့ သွားတိုက်ကြ။


ဆန်ပုံးထဲ ဆန်ကုန်တဲ့နေ့
ဥပုသ်စောင့်လိုက်ကြ။


ငါတို့အရပ်၊ငါတို့ဇာတ်
တိတ်တိတ်လေးကကြ၊


မပေါဘူး၊ မပေါဘူးဆိုပေမယ့်
ပေါတာတွေလည်း ရှိပါတယ်၊
ကင်ဆာပေါတယ်၊
သွေးလွန်တုတ်ကွေးပေါတယ်၊
ဆေးမကုနိုင်တဲ့သူပေါတယ်။
အဲ...
ဘွဲ့ရလည်းပေါတယ်။


မပေါတာတွေလည်း ရှိတာပေါ့၊
ရှားနေတာတွေ မပေါဘူး။


ပိုက်ဆံသာ များများရှာလာခဲ့၊
မကုန်သေးသ၍ ပျော်စေရမယ်
ဒီလိုအာမခံတဲ့ ပျော်ပွဲစားရုံ။


သွားချည်ပြန်ချည်ပါပဲ၊
အခြေချဖို့ကြိုးစားလိုက်တိုင်း
သစ်ကိုင်းက ကျိုးကျိုးကျ၊
ကျလာတဲ့သစ်ကိုင်းတိုင်း ပျားတစ်အုံပါလာနေကျ၊


ပျော်ပါတယ်။
အေးပါတယ်။
ငြိမ်းပါတယ်။


တို့ခေတ်ရောက်မှ ညံ့ရမှာလားမလုပ်ပါနဲ့၊
တို့တွေက ဆိုးမွေခံတွေပါ။
*အေးဆို။


Zephyr

*အေးဆို=အေးပါဆို၏အတိုကောက်။
အေးပါဆို=အေးပါဆိုနေမှ၏အတိုကောက်။
အေးပါဆိုနေမှ=အဟုတ်ပဲ၊တကယ်ပဲ၏အတိုကောက်။

Tuesday, May 13, 2014

အမေ့မွေးနေ့

အမေ့မွေးနေ့

အေးချမ်းမေက ကောင်းကင်ဘုံက နားတစ်စုံ သီချင်းကိုဆိုသလို ကိုယ့်အမေကိုယ်သတိရစရာတစ်ခုခုလိုသလား။ သူ့သဘောသူဆောင်ပြီး သူ့သက်တမ်းသူနေသွားသူတစ်ယောက်အတွက် ကျန်ရစ်သူပီသစွာ ဘုန်းကြီးကျောင်းမှာ သင်္ကန်းကပ်၊လှူဖွယ်ဝတ္ထုကပ်ပြီးသကာလမှာအဖေ့ဆီဖုန်းဆက်လိုက်တယ်။ အဖေက လွန်ခဲ့တဲ့ အနှစ်လေးဆယ်က သူ့ဇနီးဖြစ်လာမယ့်  မမကြီးနဲ့အတူ သူငယ်ချင်းတွေစုပြီး ဆီချက်ခေါက်ဆွဲသွားစားကြတဲ့အကြောင်း၊ သံဗူးဖျော်ရည်ကို ရေခဲတုံးနဲ့သောက်တဲ့အကြောင်းပြောတော့၊ ငါ့အဖေက တယ် အီမိုပါလားထင်လာမိတယ်။ အမေကြာ်ကျွေးတဲ့ ကြာဆံကြော်အကြောင်းပြောတော့၊ ငါက ဆနွင်းမပါဘဲ ဖြူစုတ်စုတ်ဖြစ်နေတာကိုပြောတာလားဆိုတော့ သား၊အဖချင်း နည်းနည်းမိတ်ပျက်သလိုဖြစ်သွားတယ်။ ငါ့အစ်ကိုကိုငါဖုန်းဆက်တယ်။ အမေ့အတွက် တစ်ခုခုလှူဖို့ပြောလိုက်တယ်။ ဘိုးတော်က ငါ့ကို ငါ့အမေအတွက် ဆုတောင်းပေးပါလို့ပြောတယ်။ ငါထင်တာတော့ ဒါတွေက အပိုတွေပဲ။ သူ့ကံနဲ့သူ လက်မှတ်ဖြတ်ထားပြီးတဲ့ခရီးကို သူသွားတာမှာ ငါတို့က သတိရရုံပဲရှိတယ်။ ကျန်တာတွေက အပိုအလုပ်တွေ။ အဖေကတော့ အမေ့မွေးနေ့အမှတ်တရ သူ့မိတ်ဆွေတွေကို ကြာဆံကြော်ကြော်ကျွေးလိုက်တယ်ပြောတယ်။ လူတွေအသက်ကြီးလာရင်ပိုခံစားတတ်လာတယ်ထင်တယ်။ ဒါကို သွားနောက်မိရင်လည်း အလကားနေရင်းရန်ငြှိုးဖွဲ့ကုန်တာပဲအဖတ်တင်မယ်ဆိုပြီး ငြိမ်နေလိုက်ရတယ်။ မေလမို့ စိပ်ပုတီးစိပ်ဖို့၊ ဘုရားကျောင်းသွားဖို့တွေမပြောရင်ပြီးတာပဲဆိုပြီး ခွင့်လွှတ်ထားလိုက်တယ်။ အမေက ပျော်ရွှင်တတ်သူပဲ။ အစားအသောက်နဲ့ကိုးရီးယားကားကိုခုံမင်သူပဲ။ မိဘဆိုတဲ့ ဗီတိုအာဏာ မသုံးတဲ့သူ။ ချစ်ခြင်းတရားနဲ့ပဲ သူ့ဘဝသူနေသွားတယ်။ သူနဲ့ငါတို့ရဲ့ ဆက်ဆံရေးမှာ အဖုအထစ်မရှိဘူး။ စလိုက်နောက်လိုက်၊ပျော်ရွှင်လိုက်ပဲ။ မပြည့်စုံတဲ့ဘဝ၊ ပြည့်စုံတဲ့ဘဝ၊ ဘယ်နေရာမှာမဆို ပျော်သလိုနေခဲ့တယ်။ အမေဆုံးသွားပေမယ့် သူ့ရဲ့ ချစ်ခြင်းတရားဟာ ဆက်ရှိနေတယ်လို့ ငါထင်တယ်။ မနေ့က အမေရေးလိုက်တဲ့ စာဟောင်းတစ်စောင်ကို ပြန်ဖတ်ရင်း သတိရလိုက်သေးတယ်။ ခံစားချက်ဆိုတာမျိုးက ကြာကြာမွေးထားဖို့မဟုတ်ဘူး။ သတိရလည်း ဥပေက္ခာနဲ့ယှဉ်တဲ့ မေတ္တာပဲဖြစ်ရမယ်လို့ငါထင်တယ်။ ချစ်ခင်သူတွေအတွက် ဒဏ်ရာမရအောင်နေဖို့ ကြိုးစားနေရမယ်။ မဟုတ်ရင် ရှင်သန်မှုဟာ ဘယ်လိုလုပ် တန်ဖိုးရှိမှာလဲ။ အခုတလော အမေအသက်ရှင်စဉ်တုန်းက ကြိုက်ခဲ့တဲ့အစားအစာလေးတွေ ရွေးစားပေးနေတယ်။ တကယ်လို့များ လှမ်းမြင်ရတဲ့ ဘုံဘဝတစ်ခုခုရောက်နေရင် သူ့ရဲ့သား ယောနိသောမနသီကာရလေးနဲ့ အိပ်ပျော်စားဝင်နေတာမြင်ရင် အမေလည်းပျော်နေမှာပါ။ ဒါတွေကို အဖေနားလည်အောင် ပြောမနေတော့ဘူး။ ဆုံးသွားတဲ့သူတစ်ယောက်အတွက် ဝမ်းနည်းမှ နည်းမှန်လမ်းမှန်ဖြစ်တယ်လို့ အဖေထင်ရင်တော့ ဒါအဖေရွေးတဲ့လမ်းပဲ။ တစ်ခါတစ်ခါ အဖေ့ဝမ်းနည်းနေပုံက အမျိုးရင်းဖြစ်တဲ့ သားနှစ်ယောက်ထက်ပိုနေတာမြင်တော့ မယ်ဘော် တယ်ကဲတာပဲထင်ထင်နေတယ်။ တရုတ်တွေလို ဒီဘက်ကမီးရှို့လိုက်လို့ ဟိုဘက်မှာသွားပေါ်နေရင် ကြေးအိုးဆီချက် နှစ်ပွဲလောက် ရှို့ပြီး ပို့ပေးလိုက်ချင်တယ်။ ဇနီးသည်က ရွှေသင်္ကန်းကပ်ရင်း ယောက်ခမအတွက် ဆုတောင်းပေးတော့၊ ဟိုမှာတော့ လမ်ဘိုဂီနီ စီးနေလောက်ပြီလို့ပြောလိုက်သေးတယ်။ အမေ့မွေးနေ့တို့၊အမေ့ရက်လည်တို့နားမှာ အဖေနဲ့စကားပြောရတာခက်တယ်။ ဟိုတလောက သူ့ဇနီးလက်ရာ အပျံစားဆိုတော့ ငါက အပျံဆားဖြစ်ရမယ်။ ဆားအမြဲငန်တယ်ပြောတော့ ဘိုးတော် စိတ်ကွက်သွားတယ်။ ဘာပဲဖြစ်ဖြစ်ပါ သူ့မိန်းမ သူချစ်တာ အပြစ်မဟုတ်ပေမယ့်၊ သားသမီးအရင်းတွေထက်တော့ အကဲမပိုတာကောင်းမယ်လို့ ဘိုးတော်ကို ငါ သတိပေးရဦးမယ်။

(အမေ့ကိုအဖေက ကချင်လို အနူးလို့ခေါ်တယ်။ ANU ဆိုပြီးစာရေးလေ့ရှိတယ်။ အဲဒါကို ငါတို့က အနူလို့ခေါ်တာဆိုပြီးနောက်ခဲ့ကြတာမှတ်မိသေးတယ်။ Nu ဆိုတာ ကချင်လို အမေဆိုတဲ့အဓိပ္ပာယ်ပဲ။ အဘွားကတော့ Hkai။ အဘိုးကတော့ စောစောသေသွားလို့ ဘယ်လိုပေါင်းတယ်မသိဘူး။ ဟိုင်းဂျီလို့ခေါ်တယ်ထင်တယ်။)

ပျော်ရွှင်စရာကောင်းတဲ့ ဘုံဘဝမှာ မြင့်မြတ်တဲ့ တရား အသိရှိတဲ့သူ ဖြစ်နိုင်ပါစေလို့ပဲ ဆုမွန်ကောင်းပို့သလိုက်ပါတယ်။              ။

Zephyr

Monday, January 27, 2014

ဘဝထဲက ကဗျာ။

ဘဝထဲက ကဗျာ။

 အိမ်ဈေးတွေဘယ်လိုပြောင်းပြောင်း၊
 မတတ်နိုင်မှုတွေဟာ
ပြောင်းမသွားဘူး။

 မြစ်တွေကို ဆန်တက်မယ်။
 တောင်တွေပေါ်တွယ်တက်မယ်။
 အဲဒီလို ခက်ခက်တွေမဟုတ်သေးဘူး၊

 အခက်ဆုံးတွေ မလွယ်သေးတာထားပါတော့၊
အလွယ်ဆုံးတွေ ခက်နေတာတော့ သိပ်ခက်တာပဲ။

 "ကောင်းကင်တမွတ် ကြယ်ကိုဆွတ်"ဆိုတဲ့
 ကဗျာကို ဆိုခဲ့မိတာ ငါတို့ ဟုတ်ရဲ့လား ပြန်ပြန်တွေးနေမိတယ်၊

 မြစ်တွေကို ကာကွယ်ရ၊
တောင်တန်းကို ကာကွယ်ရ၊
သူ့နိုင်ငံသား သံမှုန့်စားက သံလူသားလို ပျံတက်သွားတာမော့ကြည့်ရ၊
ဒို့ဓားတုံးများ အမှိုက်ပုံခြေရင်းမှာ ဇာတိမာန်တက်ကြွနေတာလည်းမြင်ရ၊
ကျွန်တော်တို့ပြတင်းပေါက်လေး၊ ကျဉ်းသထက်ကျဉ်းသွား၊
အစာအိမ်နံရံတွေ ကျဉ်းသထက်ကျဉ်းသွား၊
ဆင်းရဲသားဝင်ငွေနဲ့
သထေးရောဂါရထားတဲ့မြို့ကလေးတွေမှာ
ဆာဘွဲ့ရ ဆိုက်ကားသမားဟာ
လမ်းပြောင်းပြန်နင်းနေရတုန်းပဲ။

တကယ်ပါ၊ ပျော်တတ်မယ်ဆို တကယ့်ကို ပျော်စရာကြီး .............။ ။

 Zephyr