Tuesday, June 28, 2011

ကျပျောက်သွားတဲ့မြစ်။

ကျပျောက်သွားတဲ့မြစ်။

ပြန်မလာတော့ဘူးဆိုတာသိရင်
မြစ်ဖျားခံနေဖို့
စိတ်တွေကို
အေးခဲသောဒေသဆီ
ပို့လွှတ်ခဲ့မိမှာမဟုတ်ဘူး။
အလွမ်းယောင်ဆောင်ထားတဲ့ ကြေကွဲမှုဟာ
နာကျင်မှု အဖြစ်အရောင်ပြောင်းစပြုလာ၊
တောင်တန်းဒေသ၊
နှင်းမကွဲမီ အသည်းကွဲသွားသောနံနက်ခင်းများနှင့်အတူ
ရိုးရိုးလေးအသည်းကွဲနေရ၊ မီးလင်းဖိုလေးအနီး၊
မီးခိုးငွေ့များနှင့်အတူ လွင့်မျောညင်သာ၊
ဘ၀ဟာ လုံးဝန်းတဲ့ကျောက်စရစ်လေးတစ်လုံးလို
လောကဓံအားဖြင့် ချောမွတ်နာကျင်ခဲ့ရ။

စိတ်မှာ ဆူးစူးနေတဲ့ ဒဏ်ရာကို ဘယ်လို ကုသရမှန်းမသိ။
ကြံရာမရ၊ မျက်ရည်တွေနဲ့ထွင်လိုက်ရတယ်။

အဖြူရောင်ကို တစ်စစီခွဲပြီး
အနက်လည်းပါတယ်ဆိုတော့
ဒီဘ၀ ဒီမျှပေါ့ကွယ်၊

ငြိမ်ငြိမ်လေး အသည်းကွဲနေရတာထက်
ရင်ကွဲနာကျ လေချွန်နေတဲ့ကောင်က
ပိုအပြောအဆိုခံရတတ်တယ်။

ဂရုတစ်စိုက် သုံးစွဲပါ။
သင်ရခဲ့သော သုံးဆယ့်တစ်ဘုံ ဆေးလိပ်တို။

ပြုံးပါ။
ပြုံးနိုင်သလောက်။
မပစ်မယ့်လေးကို အားနဲ့တင်နေသလို
ပြုံး လိုက် ပါ။

ကြယ်တွေကို
တစ်ညတစ်လုံးခူးထားလိုက်၊
ကြယ်တွေကို
တစ်ညတစ်လုံး ကောက်ထားလိုက်၊
လွမ်းတဲ့အခါ
သူ့အိမ်ခေါင်မိုးပေါ်
ကြယ်တွေပစ်တင်ပြီး ပျော်ရ။
ကောသွားတဲ့မြစ်လို
မလင်းတော့တဲ့ကြယ်ဟာ
တန်ဖိုးကျလွယ်တယ်။ ။

Z

No comments: