ချစ်ခြင်းတရား။
စကားလုံးတွေက
အပေါ်ယံကိစ္စတွေကိုပဲ ဖော်ပြနိုင်တယ်။
စိတ်ရဲ့ အနက်အရှိုင်းက
အပြာရောင်မီးတောက်လေးရဲ့
အေးမြလောင်ကျွမ်းမှုကို
ဘယ်လိုဖွဲ့မလဲ။
စကားလုံးတွက
စကားလုံးတွေပါပဲ။
တစ်ချို့စကားလုံးတွေအတွက်၊
ဘဝကို၊
တစ်ချို့စကားလုံးတွေအတွက်
အသက်ကို
စွန့်ခဲ့ကြပေမယ့်၊
စကားလုံးတွေဟာ
စကားလုံးတွေပါပဲ။
ပညတ်ကနေ
ပရမတ်ကိုသွားတဲ့
ရထားကြီးပေါ်ကနေ
ချစ်ခြင်းတရားကို
ပရမတ်တည့်ဖို့
ထိုင်တွေးနေတဲ့ ခရီးသွားရဲ့
အတွေးမီးခိုးမျှင်တွေကို
ဘယ်လိုချည်မျှင်နဲ့ ရက်လုပ်ကြမလဲ။
လွမ်းဆွတ်ခြင်းဟာ
ဂီတတွေနဲ့ဆုပ်ကိုင်လို့မမိတဲ့အခိုးအငွေ့တွေ၊
တိမ်ထဲမှာ ပေါ်လာတဲ့
သူ့ရဲ့မျက်တောင်လေးတစ်ချောင်းကို
ခင်ဗျား ဘယ်လိုဖွဲ့မလဲ၊
ကျွန်တော် ဘယ်လိုဖွဲ့မလဲ၊
ဓာတုဗေဒပြောင်းလဲမှုတွေရဲ့နောက်ကွယ်မှာ၊
နှလုံးသားအပြည့်လောင်ကျွမ်းနေတဲ့
အပြာရောင်မီးတောက်လေးရဲ့
အေးမြမှုကို
စိတ်နဲ့ပဲတွေးကြည့်ရမှာပဲ။
ဟိုးရှေးရှေးတုန်းက
ကျောင်းသွားဖော်လေး၊
ဟိုးရှေးရှေးတုန်းက
ဘယ်ဖက်လက်ထဲဖွက်ထားမိတဲ့
လက်ဖဝါးလေးတစ်ခုရဲ့
အရေးအကြောင်းတွေဟာ
သမိုင်းတစ်ခု ဆိုကြပါစို့။
နူးညံ့လွန်းတဲ့အချစ်ဟာ
နဂိုနေ အလှရှိတာပါပဲ။
ချစ်ခြင်းတရားဟာ
လူ့ဘဝမှာ
တွေ့ခွင့်မြင်ခွင့်ရတဲ့
အမြင့်မြတ်ဆုံး တရားတစ်ခုပဲ။
အိမ်မက်တစ်ခုရဲ့
တည်ရှိချိန်ဟာ
တဒင်္ဂပေမယ့်၊
အိမ်မက်ထဲမှာတော့
အဖြစ်အပျက်တွေ သိပ်များခဲ့တာပါပဲ။
ငယ်ရွယ်မှု၊
အောင်မြင်မှု၊
ချစ်သူနဲ့
ကြွယ်ဝမှု
ဒီလေးခုဟာ ဘယ်တော့မှ တစ်ပြိုင်နက် ဖြစ်မလာဘူး။
ဘယ်လောက်ပဲ
စနစ်တကျသိမ်းထား၊သိမ်းထား၊
ဒဏ်ရာဟောင်းကတော့
ကောင်းမလာနိုင်ဘူး။
တစ်ချိန်ချိန်မှာ
ဒုက္ခပေးဖို့
စနစ်တကျ
စိတ်ရှည်ရှည်နဲ့
ထိုင်စောင့်နေတတ်တဲ့
အူအတက်ရယ်၊
ကံကြမ္မာရယ်၊
Sniper သမားရယ် မရှိတဲ့ ကမ္ဘာဟာ
ဒီထက်တော့ နည်းနည်း ပိုပျော်ဖို့ ကောင်းလိမ့်မယ်။
ဘာတစ်ခုမှ
နာကျင်မနေတော့အောင်
ထုံသွားခဲ့တဲ့
စိတ်ခံစားချက်တွေဟာ
အရောင်တွေ ဖြစ်လာတာပဲ။
တောင်ဆိတ်အတွက်
 ၈၀ ဒီဂရီမတ်နေတဲ့ တောင်တန်းဟာ
မြေပြန့်ပဲ။
အရောင်တွေဟာ
ပရမတ်တရားဆီ ပြေးဝင်နေတယ်။
ပိရမစ်တွေကို လူတွေမအံ့သြပါဘူး။
လူတွေအံ့သြတာက
အရွယ်အစားပါ။
လူ့စိတ်ဟာ
ခန္ဓာအတွင်းမှာ သေးခဲ့သလောက်
စကြဝဠာအဖြစ် ပြန့်ထွက်လာတော့
အံ့သြကြရတာပါပဲ။
စိတ်ဟာ
စွမ်းအင်တစ်မျိုးပဲ၊
ခန္ဓာထက်ကြီးတဲ့ စိတ်ဟာ
ပိုမြင့်မားတဲ့ ဘက်ကို ပြေးထွက်ဖို့
ခန္ဓာကို စွန့်ထားခဲ့တယ်။
ဒါဟာ
အလွမ်းဇာတ်တစ်ခုပါပဲ။
ပြေးထွက်မှုကို လွမ်းကြတာမဟုတ်ပါဘူး။
ကျန်နေခဲ့ရတဲ့
သေဆုံးခန္ဓာရဲ့ အမှတ်အသားအရ
လွမ်းဆွတ်ကြရတာ။
တေးသံတွေဟာ
တိတ်ဆိတ်မှုရဲ့စပေ့စ်ကို
အလှဆုံးဖော်ပြနေတာ။
ချစ်ခြင်းတရားဟာ
ရှင်သန်မှုရဲ့စပေ့စ်ကို ဖော်ပြနေတာ။
စွမ်းအင်ဟာ ပြိုကွဲမှုမရှိဘူးဆိုရင်
ချစ်ခြင်းဟာ ပြောင်းလဲသွားတဲ့ စွမ်းအင်တစ်ခုပါပဲ။
ဒီစွမ်းအင်နဲ့
စကြဝဠာအသစ်တစ်ခုကို
ဖွင့်ယူကြတယ်။
ပန်းပွင့်တစ်ပွင့်ကို
ဖွင့်ယူကြတယ်။
ပန်းရနံ့ဟာ
လွမ်းဆွတ်စိတ်ရဲ့
ပြောင်းလဲစွမ်းအင်။
စကြဝဠာဟာ
စိတ်ဒဏ်ရာရှိသလောက်
ပြန့်ကားထွက်နေတယ်။
ချစ်ခြင်းတရားဟာ
ကြယ်တွေကို
လောင်ကျွမ်းသွားစေတဲ့ ကျိန်စာဆန်တဲ့
စွမ်းအင်များပါပဲ။
တခါတလေ
လွမ်းဆွတ်နေတာမဟုတ်ဘူး။
စကြဝဠာထဲ
တွင်းနက်အသစ်ပေါ်နေတာ။        ။
Zephyr
==============================
 
No comments:
Post a Comment