အကောင်းမြင်။
မတော်လိုက်ရတဲ့ ယောက္ခမထက်
တော်လိုက်ရတဲ့ ယောက္ခမက ပိုကောင်းတယ်။
လက်ပစ်ဗုံးကို
စနက်တံဖြုတ်ပြီး
မပစ်မိသေးဘူး၊
အဝေးကိုငေးကြည့်ရင်
အဝေးက အငေးစာ နီးတယ်။
ရွယ်တူ သူငယ်ချင်း သုံးယောက် ဆုံးနှင့်ပြီ။
ငါ့မှာတော့ မနက်ဖြန်တစ်ရက်စာ အပျော်တွေကျန်နေသေးတယ်။
ပြဒါးမသုတ်ထားတဲ့မှန်ကို ပြုံးပြရသလို၊
လက်ဖက်သုတ်ထဲက ငရုပ်သီးကို ရွေးစားကြသလို၊
အလကားရတဲ့နေရောင်အောက်မှာ၊
မိုးတွေရွာနေတာ ယာယီပါ။
အားလုံးမကောင်းသွားတောင်
အားလုံးကောင်းသွားစရာမလိုတော့ပါဘူး။
ကြယ်ငေးသူဟာ
ကြယ်ငေးသူပေါ့။
စံပယ်ဖြူလွဟာ
စံပယ်ဖြူလွပေါ့၊
ရေအကြောင်းမတွေးရင်
လက်ထဲမှာ ဖန်ခွက်လေးရှိနေသေးတာ ပျော်စရာပေါ့။
Zephyr
 
No comments:
Post a Comment