Showing posts with label ကံဆိုးမိုးမှောင်ကျခြင်း. Show all posts
Showing posts with label ကံဆိုးမိုးမှောင်ကျခြင်း. Show all posts

Monday, March 11, 2013

ရောင်စဉ်ကန်းငှက်

ရောင်စဉ်ကန်းငှက်

တစ်ချိန်ချိန်မှာ
တစ်ယောက်ယောက်ဟာ
ဒါကို ကြုံရတာပဲ။

ကိုယ့်ဒုက္ခသေးသေးလေးကို
ပိုးမွေးသလိုမွေးထား၊
မိုးသစ်တောထဲ ကြီးပြင်းတဲ့
အတောင်မဲ့ငှက်များ ပျံမရသလို၊
ဦးခေါင်းတယမ်းယမ်းနဲ့
ငှက်ကုလားအုတ်တစ်ကောင်ရဲ့
သိပ်လှတဲ့ မျက်လုံးနဲ့မျက်တောင်
ပျံတက်မသွားနိုင်ဘူး၊
အပြေးဘယ်လောက်မြန်မြန်။

ပင်ဂွင်းတွေပျောက်ဆုံးသွားတဲ့နိဗ္ဗာန်၊
ရတုန်းကလည်း
သိလိုက်ပုံမရဘူး။
အခုတော့
ငါးတောင်းသလို
တောင်ပံလေးတကားကား၊
ချစ်စရာလိုလို၊
သနားစရာလိုလို၊
ရေခဲငွေ့ပေးထားတဲ့ လေထုလေးတစ်ခုကလွဲရင်
အခန်းကျဉ်းလေးတစ်ခု၊
ရေကူးကန်ပါတဲ့
ငရဲဘုံအသေးစားလေးတစ်ခု ရခဲ့ရုံပဲ
အန္တာတိကရဲ့ ရနံ့ချိုလွင်
တစ်စမှမရတာတော့ အသေအချာ။

တစ်နေရာကို
ပျံထွက်သွားဖို့
တစ်ကောင်ကောင်ကို
နှုတ်သီးနဲ့ဆိတ်ဖို့၊
ပိုက်ကွန်မပါတဲ့ကောင်းကင်မှာ
တစုံတရာကိုရှာဖွေချင်တယ်။

ပျားစားငှက်လေးဟာ
အတုပ်မခံရအောင်
ဖမ်းမိတဲ့ ပျားကို
တစ်ခုခုနဲ့အရင် ရိုက်သတ်လိုက်တယ်။
ကျွမ်းကျင်ရာလိမ္မာ၊
ခံစားချက်များ မလိမ္မာ၊
တိတ်ဆိတ်တဲ့စိတ်ထဲ
အမှိုက်ဖွသူများကို
၁။သတိပြု၊
၂။သတိကြီးစွာပြု၊
၃။ အလွန်သတိကြီးစွာ  သတိပြု၊
၎။လွမ်းဆွတ်၊
၅။မကြံစည်တတ်တော့ပါ။
အဖြေမှန် နံပါတ် ၅(ဟုထင်)။

မိုးသည်းထန်စွာရွာပြီး
စိုကျန်ခဲ့တဲ့ဖယောင်းတောင်ပံ
တဖျပ်ဖျပ်ခါလိုက်ရုံနဲ့
ခြောက်သွေ့သွားတဲ့
အပြာရောင် ကြက်တူရွေးလေးတစ်ကောင်ကို
ငေးကြည့်၊
စိုစွတ်နေသော မိုးရေစက်များ၊
စိုစွတ်နေသော မျက်ရည်များ
စိုစွတ်နေသော စိတ်ခံစားချက်များ
...
...
...
ဒီဘဝရဲ့
ရေစိုတောင်ပံတစ်စုံ
ပြန်ခြောက်နိုင်ဖို့
တစ်ကောင်တည်းကျန်တဲ့အောက်ချင်းငှက်
အမြင့်ဆုံးအထိပျံတက်သွားတယ်။                            ။


Zephyr
(Current Track: Love is a losing game-Amy Winehouse)

Notes: မိုးရွာတုန်း စင်ကာပူ ငှက်ဥယျာဉ်ထဲ tram နဲ့ပတ်စီးလိုက်ရင် ဒါမျိုးလေး ရလာတာပဲ။