Monday, September 6, 2010
တိမ်ခရီးသွားများနှင့်အတူ
Thursday, July 29, 2010
မနက်ခင်း ဆင်မ်ဖိုနီ
Friday, June 25, 2010
စစ်တုရင် ကစားခြင်း
ကိုယ့်ကိုယ်ကို ဖွင့်တော့ ..
ကိုယ့်ဧရိယာ ၆၄ ထဲ ရန်သူက တစ်ဝက်တိတိ …
အိပ်မက်နဲ့ စိတ်နဲ့ အကွာအဝေးလို ..
အဖြူနဲ့အဖြူ အနက်ခြားနေလေရဲ့ ..။
ကံကြမ္မာ သားတစ် တစ်စ အတွက် …
စီးချင်းထိုးကြည့်ရင်ကောင်းမလား …
အဖြူယူပြီး ရှေ့ကဦးဆောင်
အနက်ယူပြီး ကျစ်လျစ်စုစည်း …
မာန နဲ့ မာနကြားမှာ အနက်ကွက်တွေခြားနေဆဲပဲ …။
ငါရဲ့ ဗဟိုကွက်တွေထဲမှာ
ငါ့သက်တမ်း သုံးပုံတစ်ပုံနစ်နေတာလေးနဲ့
ငါ့ကို မစတေးခဲ့ပါနဲ့ …
ငါ့မှာ လွတ်ကျွတ်ပွန်း တကောင်
ချစ်ခြင်းတရားဆီသို့ ဦးတည်ရင်း ကျန်နေခဲ့နိုင်သေးတယ်လို့
ဘာလို့ လျှော့မတွက်ခဲ့တာလဲ ….။
အချစ်နဲ့ အချစ်ကြားမှာ အနက်ရောင် ထောင့်ဖြတ်လိုင်းတစ်လိုင်းခြားနေတယ်။
ငါက အကန့်အသတ်နဲ့လှုပ်ရှားရတဲ့ဘုရင်တပါးပါ …
ဘုရင်မလေးလို မင်းက အဝေးအထိထွက်ပြေးတဲ့အခါ …
ငါ တရွေ့ရွေ့လိုက်မမီခဲ့ဘူး …
ဘ၀အာမခံချက်ဆိုတဲ့ ငါ့မြင်းသည်တော်ဟာ …
မင်းရဲ့သံသယတွေနဲ့ လဲလိုက်ရတာ နည်းနည်းတော့ နှမြောတယ် …။
ငါ့ရဲ့ ရဲတိုက်တွေဟာ … ကံကြမ္မာ နဲ့ပိတ်နေတတ်လို့ပါ …
ငါဟာ သရေခံကစားနေတဲ့ သွေးကြောင်တဲ့ ဘုရင်တပါးပါ …
စစ်သည်တော်တွေလဲကျရှုံးနိမ့်သွားသလို
ငါ့ ယုံကြည်မျှော်လင့်ခြင်းတွေ
လဲကျသေဆုံးသွားတယ် …
ဟင်းလင်းပြင်ထဲမှာ လမ်းပျောက်သွားတဲ့ တိမ်တစလို ..
ငါ လည်း တကိုယ်တည်းကျန်ခဲ့တယ် …
ငါ့ကိုယ်ထဲမှာစီးနေတဲ့သွေးကို
ဆူညံလွန်းလို့ …
တိုးခိုင်းခဲ့ရတယ် …
ရန်သူ့တပ်သားတွေဝိုင်းရံခံနေရသလို …
လွမ်းဆွတ်ခြင်းဟာ နောက်ကျောကို အတိအကျ ထောက်ထားလေရဲ့ …
…ကောင်မလေးရေ ..
မင်းနဲ့ငါကြားမှာ မဖြစ်နိုင်ခြင်းအနက်ကွက်တွေ ခြားနေတာ…
သိလိုက်ရတော့ ..
ငါ့ ဘုရင်လေး လဲကျသွားတော့တယ် …
ငါ့ စိတ်လေး လဲပြိုသွားတော့တယ် …
ငါ့ အိပ်မက်လေး လဲအက်သွားတော့တယ်ကွယ် …….။
Zephyr
Idea Maganize, July 2010
Notes:
ငယ်တုန်းက ကျောင်းမှာ စစ်တုရင် ချန်ပီယံကို ချန်ပီယံမှန်းမသိဘဲစိမ်ခေါ်မိပြီး ပွဲတိုင်းရှုံးသွားလို့ စစ်တုရင်ထိုးခြင်းကလည်း အနားယူခဲ့ပါတယ်။ ကဗျာလေးကတော့ ချစ်တဲ့သူတစ်ယောက်က ချစ်တဲ့သူတစ်ယောက်ကို ပြောပြတဲ့ စကားလုံးတစ်ချို့ပါ။ စစ်တုရင်စကားတွေဖြစ်နေလို့ နည်းနည်းလေးသည်းခံပြီးဖတ်ကြည့်ပါ။ ဥပမာ စတေးကစားတယ်ဆိုရင် စစ်တုရင်မှာ အနိုင်ရဖို့ ကစားရုပ်တွေ အဆုံးခံလိုက်တာပါ။ အကွက်ဆင်ဖို့ နဲ့ အနိုင်အရှုံးပြတ်သားဖို့အသုံးပြုပါတယ်။ လွတ်ကျွတ်ပွန်းဆိုတာကတော့ ပန်းဝင်တဲ့အထိ တောက်လျှောက်သွားဖို့ လွတ်သွားတဲ့ ဘာမဆိုဖြစ်နိုင်တဲ့ ပွန်းတစ်ကောင်ပါ။ အနောက်တိုင်းစစ်တုရင်မှာ ဘုရင်က တစ်ကွက်ချင်းပဲသွားလို့ရပြီး ဘုရင်မရုပ်ကတော့ အဝေးဆုံးကို လျှင်လျှင်မြန်မြန်သွားနိုင်ပါတယ်။ ဗဟိုကွက်တွေဆိုတာတော့ အချက်အချာကျတဲ့နေရာတွေပါ။ ... ဘ၀ရဲ့ ငယ်ရွယ်ပြီးထက်မြက်တဲ့အရွယ်မှာ အလုပ်မရှိ အကိုင်မရှိနေခဲ့ရတဲ့နေ့တွေအတွက် ဘ၀ရဲ့ သက်တမ်း သုံးပုံတစ်ပုံနစ်နေတဲ့ ဗဟိုကွက်တွေလို ရေးထားတာပါ။ အရင်က အကြိုက်ဆုံးကဗျာတစ်ပုဒ်ပါ။
Saturday, May 8, 2010
ကိုယ်ရေးရာဇ၀င်
ငါက ထွက်သွားတော့မှာတဲ့ …………။
သစ်ရွက်တွေထဲမှာ သစ်ပင်ကို ပြန်ရှာတယ်။
မောတယ်။
ဘ၀ဟာ မောတယ်။
ဘ၀မှာမောတယ်။ မနေ့က အတွေးတွေနဲ့ ဒီနေ့ကိုနေသူလို မောတယ်။
ပြက္ခဒိန်တစ်ရွက်ကို လှန်လိုက်သလို …
အတိတ်ကို ဖျပ်ကလှဲ လှန်ပြီး နောက်ထဲထိုးထည့်ထားလိုက်တယ်။
ပြန်မဆုံတဲ့ ခြေလှမ်းတွေ တစ်နေ့နေ့ …..။
Zephyr ….
Sunday, April 11, 2010
တံထွေးလိုအပ်မှု

Sunday, March 14, 2010
ချစ်သောမြွေမလေး
ငါ့ကိုနမ်းနိုင်မလား
ရင်ခုန်နေတဲ့မြွေဟောက်လေးလို . . .
ချစ်သူရှေ့မှာငါ . . လျှာထုတ်ပြမိတယ် . . .
လျှာနှစ်ခွဖြစ်နေလား အချစ်နှစ်ခွဖြစ်နေတာလား
သူရယ်လိုက်ရုံနဲ့ပဲ အဆိပ်တက်တက်လာတယ် . . ငါ့ကိုမလှောင်ပါနဲ့ကွယ် . . .
လှောင်အိမ်နဲ့လည်းမလှောင်နဲ့ အပြုံးနဲ့လည်းမလှောင်ပါနဲ့ . . .
ငါက မင်းရှေ့မှာ အဆိပ်ထုတ်ထားတဲ့ အဆိပ်ထုပ်ပါ . . .
ငါ့ရင်ခုန်သံက ရေမြွေတွန်သလို . . .
မင်းငါ့ကိုရင်မခုန်ရင်တောင်
ရင်ခုန်နေတဲ့ငါ့ကိုမလှောင်ပါနဲ့ . . .။
………..(မြွေမလေးရယ်သံ). ……………..
စိမ်းမြနေတဲ့မြက်ခင်းလေးမှာ ….
ငါမင်းကိုပေါက်သတ်ချင်လိုက်တာ ………
အသည်းယားနေတဲ့မြွေဟောက်လို အံကြိတ်မိတယ်……..
ချစ်စရာကောင်းလွန်းတာကို
ငါဒီထက် မဖွဲ့တတ်တော့ဘူး……
ငါမှာ အရည်ခွံလဲထားတဲ့မေတ္တာနဲ့ …… အရည်ခွံလဲမရတဲ့ လွမ်းဆွတ်မှုရှိတယ်…
ငါ့ကို မနမ်းရင်တောင် မျက်စောင်းမထိုးပါနဲ့ …….
ငါကမင်းနှလုံးသားရဲ့ မျက်စောင်းထိုးမှာနေနေရတာ မွန်းကြပ်လို့ပါ ……
…………(မြွေမလေးရယ်သံ) ……….
ငါတွန်နေတာ ချစ်လို့ပါ …….
ငါပါးပျဉ်းခွက်နေတာကို မကဲ့ရဲ့ပါနဲ့ ……….
ငါ့အချစ်တွေ ပြားကပ်နေတယ်လို့ မပြောလိုက်ပါနဲ့ ………..
ငါယိမ်းနေတာ ချစ်လို့ပါ …….
ငါအယူတိမ်းပြီး ယိမ်းနေတာမဟုတ်ဘူး ………
အသည်းကွဲပုလွေသံလည်း ငါမကြားချင်ဘူး
မင်းငါ့ကို မနမ်းရင်တောင် မနမ်းခင်ပြုံးလိုက်သလို ပြုံးပြပါလား ………
…………..(မြွေမလေးရယ်သံ) ………
ငါ ဟာဖြေဆေးထိုးထားတဲ့ အဆိပ်ပြင်းပြင်းမြွေပါ
ငါ့ကိုမနမ်းရင်တောင် ………. မင်းထွက်မပြေးပါနဲ့ ……..
ငါ့ကိုမနမ်းရင်တောင် မင်းဝင်မပြေးပါနဲ့ ……..
ငါ့ကိုပေါက်မယ်ဆိုရင်တောင် မင်းမမဲ့လိုက်ပါနဲ့ ………..
ငါ့ကိုပေါက်မယ်ဆိုရင်တောင် မင်းမမဲ့ပြန်ပါနဲ့ …………..
ငါဟာ မြွေယောင်ဆောင်ထားတဲ့ မြွေယောင်ယောင်ပါ ………..
အဲဒီလိုမင်းမြင်ရင်တောင် ငါ့ကိုမင်းမမြင်ဘူး ……….
ငါတို့ နှလုံးသားမှာ အမြေးပါးတစ်ခုခံနေတယ် ………
မင်းငါ့အချစ်ကို မမြင်သေးသရွေ့……….
တွေ့သမျှအရိပ်တွေ ငါပေါက်သတ်မယ် ………..
တွေ့သမျှငါပေါက်သတ်နေတာ အရိပ်တွေ့လို့ မင်းရယ်မနေပါနဲ့
ငါ့ကိုမနမ်းရင်တောင် ………..။
………… (မြွေမလေးရယ်သံ) …………..
ငါဟာ ခပ်တုံးတုံး မြွေတစ်ကောင်ပါ ……..
မင်းရဲ့အနမ်းကို ပခြုပ်လိုယက်ပြီး ………..
တစ်သက်လုံးဝင်ခွေနေချင်တာ တစ်ခုတည်းနဲ့၊
ငါ့ကိုမရယ်လိုက်ပါနဲ့ ………..
ငါ့ကိုမရယ်သွားပါနဲ့ …………….
ငါ့ကိုမရယ်ပြေးပါနဲ့……………
……….
…………….(မြွေမလေးရယ်သံ) …………
ချစ်သောမြွေမလေးရေ ……….
ငါ့ကိုမနမ်းရင်တောင် ………
ငါကမင်းကိုချစ်နေတာကို
မင်းငါ့ကိုပြန်မချစ်တာနဲ့
မချေလိုက်ပါနဲ့ ……….
ချစ်သောမြွေမလေးရေ ………
ငါ့ကိုမနမ်းရင်တောင် …... ………. ……….။
………….(မြွေမလေးရယ်သံ) ………..
………….(မြွေမလေးရယ်သံ) ……….
Zephyr
Idea Magazine 2009, August
Monday, February 22, 2010
လွတ်ထွက်သွားမှပဲရလိုက်တယ်။
29th December 2009
