Showing posts with label prose. Show all posts
Showing posts with label prose. Show all posts

Friday, March 8, 2013

ပြန်မလာတော့သောတိမ်တိုက်များ


ပြန်မလာတော့သောတိမ်တိုက်များ

လေနှင်ရာ
တသုန်သုန်မျောလွင့်ရင်း
အလန့်တကြား
ကြေကွဲလိုက်ဖို့
အသင့်မဖြစ်မီ

ပြိုပျက်သွားသော
တိမ်တိုက်တွေကို ငေးလွင့်နေသည့်အကြည့်များကိုကောက်သိမ်း သပ်ရပ်ချိတ်ဆွဲဒဏ်ရာများကိုပွတ်သပ်၊ပိုလျှံ သောကများကို စနစ်တကျစွန့်ပစ်၊ထားရာနေစေရာသွားလေ့မရှိသော လွမ်းဆွတ်မှုအမည်နာမများဖြင့် အိပ်မွေ့ချခံလိုက်ရသော သူရူးတစ်ယောက်၏ ပျောက်ဆုံးလမ်းသွယ်များကိုရေတွက်ရင်း ပျော်ရွှင်မှုအကြောင်း အနည်းငယ်ပါဝင်သော ဂီတကို သွေးပြန်ကြောအတွင်းသို့ထိုးသွင်းခြင်းဖြစ်စဉ်ကို ကြိမ်ဖန်များစွာပြုလုပ်။ ကြိုးများစွာတို့၏ ရှုပ်ခြင်းတဒင်္ဂ။

ဟန်ဆောင်မျက်နှာဖုံးများ၏ အရောင်အသွေး လှပဆန်းကြယ်မှုကို လေးနှစ်တိုင်အံ့သြမင်သက်၊ ကျေးကျွန်များကျွန်ဘဝမှလွတ်မြောက်သွားသည့်ရသကိုစာနာနားလည်၊ ကျယ်ပြောသည့်လောကအတွင်း ခိုင်းဖတ်ရှာသူနှင့် ထိုသူကို ချစ်မိသူတစ်ယောက်အကြောင်းဟာသတစ်ပုဒ်ကို ဖတ်ရှုနာကျင်၊ အထီးကျန်ချိန်ပျော်တော်ဆက်တစ်ယောက်၏ နိဂုံးသည် ထင်သလောက်ရယ်စရာမကောင်းခဲ့ပါ။

စိမ့်ဝင်ပျော်ကျသွားသော ခါးသက်သက်စကားလုံးများ၊ "ကိုယ်ချစ်တဲ့ လူတစ်ယောက်ရင်ဘတ်ထဲမှာ ကိုယ်ဘာကောင်ဖြစ်နေမလဲဆိုတာ သူထုတ်ပြောမှ သိလိုက်ရမှာ"ဆိုသည့် ဒဿနတရား၏ စစ်မှန်ရိုးရှင်းမှန်ကန်အကြွင်းမဲ့မှုကို သံဝေဂကြီးစွာနာယူ၊ အိမ်မက်များသည် စေးပျစ်ကြပ်ခဲနေသောကြောင့် အိပ်စက်ခြင်းများဖြတ်သန်းစီးဆင်းခွင့်မရ၊ နေမကောင်းသောစိတ်များ၊ နေမကောင်းသောစိတ်များ၊ နေမကောင်းသောစိတ်များ၊ ကျစ်ကျစ်လျစ်လျစ်ဖြစ်လာသော နေမကောင်းသောစိတ်များ၊ မာခြင်းအဆင့်နှင့်အတူ စုစည်းဝန်းဖွဲ့လာသော နေမကောင်းသောစိတ်များ။ အလင်းပြန်နေတတ်သော မှန်များကျကွဲသွားပြီးနောက် ပုံရိပ်ယောင်ကင်းမဲ့ခြင်း၏ အထီးကျန်သွေ့ခြောက်မှုကို ကျကျနနလက်ခံလိုက်သည့်တစပ်တဆက်ဖြစ်စဉ်ကိုပင် ကောင်းချီးမင်္ဂလာတော်မြတ်ဟုထင်နေ။

သိပ်ပျော်စရာကောင်းခဲ့ပါသည်ခင်ဗျား။                   ။

Regards,
Zephyr