Thursday, July 29, 2010

မနက်ခင်း ဆင်မ်ဖိုနီ

အချစ်ကဗျာ ဓာတ်ခံက သိပ်မရှိတော့ .. မိသားစုက ချီးကျူးတယ် ... ကိုကိုက The worst poem တဲ့ ...။ သူကတော့ အခုအထိ တစ်ပုဒ်မှမရေးသေးဘဲ ပက်ပက်စက်စက်ဝေဖန်သွားတယ် ....။ အခု ဆယ်နှစ်သားအရွယ်မှာ ပြောထားဦးပေါ့လို့ မပြောလိုက်ရဘူး။ အမေကတော့ ရည်းစားစာကြီးနဲ့တူနေတယ်တဲ့ ....။ အဲဒါကြောင့်ပြောပါတယ် ....။ အချစ်နဲ့ပတ်သက်ရင် ကဗျာလေးတောင်မှ ကောင်းကောင်းမရေးနိုင်တဲ့ဘ၀ပါလားနော် ....။ ဒါပေမယ့်မလျှော့သေးပါဘူး .. ထပ်ပြီး ရေးကြည့်ပါဦးမယ် ....။ Prose Poetry အမျိုးအစားထဲကတစ်ခုကို သဘောကျနေလို့ အဲဒီပုံစံမျိုးရေးပါတယ် .....။ ..... ပျော်ပျော်ပါးပါးသဘောထားပြီးဖတ်သွားလိုက်ပါဦး ....။


မနက်ခင်း ဆင်မ်ဖိုနီ

ကိုးနာရီပန်းတွေဟာ နေရောင်ကိုမော့ကြည့်နေတယ် ….။ နေရောင်ခြည်ဟာ ကိုးနာရီပန်းပွင့်လေးကို ငုံ့ကြည့်နေတယ်…. တိမ်တွေတွဲထားတဲ့လက် … အဲဒီမနက်လေးတစ်ခုစာလွမ်းတယ်။

ဆန်စေ့လေးကိုက်ချီနေတဲ့ ငှက်သေးသေးလေးတစ်ကောင်ရဲ့ ဖျတ်လတ်မှုတွေ … မျက်တောင်လေးတစ်ချောင်းရဲ့ဖျတ်လတ်မှုတွေ …. အကြည့်တစ်ချက်နဲ့တင်သေအံ့မူးမူး .. ရူးရူးဝေေ၀ အခိုက်အတန့်တွေ … ကိုယ့်နှလုံးသားကိုယ်ပြန်ငုံ့ကြည့်တိုင်း မွန်းတည့်နေတယ် ကောင်မလေးရယ်။

သတိရခြင်းနဲ့ထုံဆေးပေးထားတဲ့အချစ်တွေ …. စေတသိက် ၅၂ ခုလုံးနဲ့ချစ်တဲ့သမုဒယတွေနဲ့ … သံသရာရှည်ကြောင်းအပြုံးတွေ သုံးမိနစ်တစ်ခါပြုံးဖို့ပဲမျှော်လင့်နေတော့တယ်။

အချစ်ဦးဆိုတာမငြိမ်းသောမီးမဟုတ်လား လို့ တိုးတိုးလေးကိုယ်ပြောရင် ရယ်သံဖွဖွလေးနဲ့ကိုယ့်ကိုလှောင်လိုက်မှာစိုးတယ် ….။ ကြယ်တွေ အတူကောက်ဖို့ ချစ်သောလက်တွေ သန်မာပါစေ အချစ်ရယ်။

မမြင်ရသေးတဲ့မနက်ဖြန်တစ်ခုမှာ ….
ကိုးနာရီပန်းတွေ နေရောင်ခြည်ကိုမျှော်နေသလို …
နွေးထွေးတဲ့ အနမ်းတစ်ခုစာ ဆောင်းရာသီ အလွမ်းတွေနဲ့
ကိုယ့်ရဲ့ တစိသီး ပုဂ္ဂလနေရောင်ခြည်လေးကို မျှော်နေမိပါတယ် …..။

ငြိမ်းချမ်းပါစေ အချစ်ရေ ….
ကိုယ်တို့ တွဲထားတဲ့လက်မှာ သစ္စာတရားကလွဲရင် သစ္စာတရားပဲပါတယ် ……………….။ ။

Zephyr
29th July 2010,



*ဆင်မ်ဖိုနီ-symphony

Monday, July 26, 2010

ပျောက်သောသူ ....။

ပျောက်သောသူ

စိတ်ထဲမှာဝပ်ပြီးပုန်းနေတဲ့
ငြိမ်းချမ်းမှုလေးကအော်တယ်
တူပြီတဲ့ ...

ဒါနဲ့ ...
ငါပြန်လိုက်ရှာနေခဲ့တာ ..
ရက်လပေါင်းများစွာ ..
နှစ်ပေါင်းများစွာ ...

ငါပေးထားတဲ့ ပန်းတွေကို
သူ မကြားသေးတာတစ်ခုထဲနဲ့ ဘယ်လောက်ကြာကြာ ... ရှာနေရဦးမလဲ ....။

Zephyr

>>Notes:
I need nothing but PEACE.
For Everyone or everything that can make me unpeaceful, I will stay away from him/her/it without ifs or buts.

Friday, June 25, 2010

စစ်တုရင် ကစားခြင်း

စစ်တုရင် ကစားခြင်း

ကိုယ့်ကိုယ်ကို ဖွင့်တော့ ..
ကိုယ့်ဧရိယာ ၆၄ ထဲ ရန်သူက တစ်ဝက်တိတိ …
အိပ်မက်နဲ့ စိတ်နဲ့ အကွာအဝေးလို ..
အဖြူနဲ့အဖြူ အနက်ခြားနေလေရဲ့ ..။

ကံကြမ္မာ သားတစ် တစ်စ အတွက် …
စီးချင်းထိုးကြည့်ရင်ကောင်းမလား …
အဖြူယူပြီး ရှေ့ကဦးဆောင်
အနက်ယူပြီး ကျစ်လျစ်စုစည်း …
မာန နဲ့ မာနကြားမှာ အနက်ကွက်တွေခြားနေဆဲပဲ …။

ငါရဲ့ ဗဟိုကွက်တွေထဲမှာ
ငါ့သက်တမ်း သုံးပုံတစ်ပုံနစ်နေတာလေးနဲ့
ငါ့ကို မစတေးခဲ့ပါနဲ့ …
ငါ့မှာ လွတ်ကျွတ်ပွန်း တကောင်
ချစ်ခြင်းတရားဆီသို့ ဦးတည်ရင်း ကျန်နေခဲ့နိုင်သေးတယ်လို့
ဘာလို့ လျှော့မတွက်ခဲ့တာလဲ ….။
အချစ်နဲ့ အချစ်ကြားမှာ အနက်ရောင် ထောင့်ဖြတ်လိုင်းတစ်လိုင်းခြားနေတယ်။

ငါက အကန့်အသတ်နဲ့လှုပ်ရှားရတဲ့ဘုရင်တပါးပါ …
ဘုရင်မလေးလို မင်းက အဝေးအထိထွက်ပြေးတဲ့အခါ …
ငါ တရွေ့ရွေ့လိုက်မမီခဲ့ဘူး …
ဘ၀အာမခံချက်ဆိုတဲ့ ငါ့မြင်းသည်တော်ဟာ …
မင်းရဲ့သံသယတွေနဲ့ လဲလိုက်ရတာ နည်းနည်းတော့ နှမြောတယ် …။
ငါ့ရဲ့ ရဲတိုက်တွေဟာ … ကံကြမ္မာ နဲ့ပိတ်နေတတ်လို့ပါ …
ငါဟာ သရေခံကစားနေတဲ့ သွေးကြောင်တဲ့ ဘုရင်တပါးပါ …

စစ်သည်တော်တွေလဲကျရှုံးနိမ့်သွားသလို
ငါ့ ယုံကြည်မျှော်လင့်ခြင်းတွေ
လဲကျသေဆုံးသွားတယ် …
ဟင်းလင်းပြင်ထဲမှာ လမ်းပျောက်သွားတဲ့ တိမ်တစလို ..
ငါ လည်း တကိုယ်တည်းကျန်ခဲ့တယ် …
ငါ့ကိုယ်ထဲမှာစီးနေတဲ့သွေးကို
ဆူညံလွန်းလို့ …
တိုးခိုင်းခဲ့ရတယ် …
ရန်သူ့တပ်သားတွေဝိုင်းရံခံနေရသလို …
လွမ်းဆွတ်ခြင်းဟာ နောက်ကျောကို အတိအကျ ထောက်ထားလေရဲ့ …

…ကောင်မလေးရေ ..
မင်းနဲ့ငါကြားမှာ မဖြစ်နိုင်ခြင်းအနက်ကွက်တွေ ခြားနေတာ…
သိလိုက်ရတော့ ..
ငါ့ ဘုရင်လေး လဲကျသွားတော့တယ် …
ငါ့ စိတ်လေး လဲပြိုသွားတော့တယ် …
ငါ့ အိပ်မက်လေး လဲအက်သွားတော့တယ်ကွယ် …….။

Zephyr
Idea Maganize, July 2010

Notes:
ငယ်တုန်းက ကျောင်းမှာ စစ်တုရင် ချန်ပီယံကို ချန်ပီယံမှန်းမသိဘဲစိမ်ခေါ်မိပြီး ပွဲတိုင်းရှုံးသွားလို့ စစ်တုရင်ထိုးခြင်းကလည်း အနားယူခဲ့ပါတယ်။ ကဗျာလေးကတော့ ချစ်တဲ့သူတစ်ယောက်က ချစ်တဲ့သူတစ်ယောက်ကို ပြောပြတဲ့ စကားလုံးတစ်ချို့ပါ။ စစ်တုရင်စကားတွေဖြစ်နေလို့ နည်းနည်းလေးသည်းခံပြီးဖတ်ကြည့်ပါ။ ဥပမာ စတေးကစားတယ်ဆိုရင် စစ်တုရင်မှာ အနိုင်ရဖို့ ကစားရုပ်တွေ အဆုံးခံလိုက်တာပါ။ အကွက်ဆင်ဖို့ နဲ့ အနိုင်အရှုံးပြတ်သားဖို့အသုံးပြုပါတယ်။ လွတ်ကျွတ်ပွန်းဆိုတာကတော့ ပန်းဝင်တဲ့အထိ တောက်လျှောက်သွားဖို့ လွတ်သွားတဲ့ ဘာမဆိုဖြစ်နိုင်တဲ့ ပွန်းတစ်ကောင်ပါ။ အနောက်တိုင်းစစ်တုရင်မှာ ဘုရင်က တစ်ကွက်ချင်းပဲသွားလို့ရပြီး ဘုရင်မရုပ်ကတော့ အဝေးဆုံးကို လျှင်လျှင်မြန်မြန်သွားနိုင်ပါတယ်။ ဗဟိုကွက်တွေဆိုတာတော့ အချက်အချာကျတဲ့နေရာတွေပါ။ ... ဘ၀ရဲ့ ငယ်ရွယ်ပြီးထက်မြက်တဲ့အရွယ်မှာ အလုပ်မရှိ အကိုင်မရှိနေခဲ့ရတဲ့နေ့တွေအတွက် ဘ၀ရဲ့ သက်တမ်း သုံးပုံတစ်ပုံနစ်နေတဲ့ ဗဟိုကွက်တွေလို ရေးထားတာပါ။ အရင်က အကြိုက်ဆုံးကဗျာတစ်ပုဒ်ပါ။

Monday, May 24, 2010

နှလုံးသားသို့ တိုက်ရိုက်ခေါ်ဆိုမှု

အကြင်တရားတို့သည် အကြောင်းကြောင့်ပင်ဖြစ်ကြကုန်၏။
စွဲလန်းမိသော အချင်းအရာသည် ငါ့စိတ်၌ ထင်ရှားဖြစ်ပေါ်၍လာသည်။

တစ်ဆစ်ခြင်းပွင့်နေသော ပန်းတစ်ပွင့်သည် အချစ်အကြောင်းကိုမသိ။
တစ်ဆစ်ခြင်းလွမ်းဆွတ်ချင့်စဖွယ် ညနေရီသည်လည်း အချစ်အကြောင်းကို မသိ။
တစ်ဆစ်ခြင်း ရူးသွပ်စပြုလာသော နှလုံးသားငယ်သည်လည်း အချစ်အကြောင်းကို မသိ။

ချောက်ကမ်းပါးထိပ်၌ ရေတံခွန်ကို ချစ်သော ရေများ အရှိန်အဟုန်ပြင်းစွာ ...
ပြတ်ရှဒဏ်ရာ တစ်ခုမှ သွေးများ အရှိန်အဟုန်ပြင်းစွာ ....
ထိုနည်းတူ သူမ နှုတ်ခမ်းများသည်လည်း အရှိန်အဟုန်ပြင်းစွာ ...။

ချစ်နေရခြင်းတွင် ကုံလုံပြည့်ဝနေသော ရောင့်ရဲမှုတို့ကိုသာ အမျှဝေပါမည်။
နောက်ထပ် ထပ်မံမလိုအပ်ခြင်းများကို စံပယ်တစ်ကုံး ဖန်ဆင်း၍ သူမအား လက်ဆောင်ပေးလိုပါသည်။
ဖြစ်နိုင်လျှင် .... သူမကိုယ်သင်းနံ့ဖြင့်သာ စိတ်ကို ထုံမွှမ်းထားလိုပါသည်။
္က္စ
...
...............
တစ်ခုသော စက်တင်ဘာတွင် ကျွန်တော်တို့ နှလုံးခုန်သံများကို အချိန်တိုက်ထားလိုက်မိပါသည်။
ထိုအချိန်မှစ၍ နှလုံးခုန်သံ တစ်ချက်တိုင်း တစ်ယောက်ကို တစ်ယောက် သတိရနေမိပါသည်။
မကြာခဏအေးစက်နေတတ်သော သူမခြေဖျားမှ အေးစက်မှုကို ကျွန်တော့်နှလုံးသားမှ သိနေပါသည်။
သူမနေမကောင်းဖြစ်သောအခါများ၌ ကျွန်တော်အိပ်မပျော်တတ်ပါ။
သူမပြုံးနေသော အခါ ကျွန်တော်ပြုံးမိပါသည်။
မြောက်ဝန်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းကို သံလိုက်များဆက်လက်မညွှန်ပြသည့် အချိန်မျိုးတွင်ပင်
ကျွန်တော့်နှလုံးသားသည် သူမအားညွှန်ပြနိုင်ပါလိမ့်မည်။

စိတ်ကို ဖြတ်သန်းသွားသမျှသည် စိတ်ကို ပင်ပန်းစေသည်ဟု ကျွန်တော်သိပါသည်။
ဘယ်ဘက်ရင်အုံမှ သူမအပြုံးများသည် ကျွန်တော်လှိမ့်တင်ထားသော ကျောက်တုံးများဖြစ်ပါသည်။
ထိုအချင်းအရာကိုထောက်ဆလျှင် သူမသည် ချစ်ဦးသူဖြစ်ကြောင်း သင်ရိပ်မိပါလိမ့်မည်။
ထိုအရာသည် မှန်ကန်ခဲ့သည်ဟု ကျွန်တော်ထင်ပါသည်။
ချစ်သူကို နမ်းရှိုက်ခဲ့သောအနမ်းအရေအတွက်သည် သင့်တစ်သက်တာ နေ့ရက်များထက် ပိုခဲ့သည်ရှိသော် သင်လည်း ကံကောင်းသည်ဟု ကျွန်ုပ်က ဆိုချင်ပါသည်။


စွဲလန်းမိသော အချင်းအရာသည် ငါ့စိတ်၌ ထင်ရှားဖြစ်ပေါ်၍လာသည်။
ထိုကြောင့် ... ပယ်အပ်သော သမုဒယကို ကဗျာအဖြစ် ကျွန်ုပ် စွန့်ပယ်ခဲ့ပါသည်။ ။

Zephyr
ရတီမဂ္ဂဇင်း၊ ၂၀၁၀ ဇွန်လ


ဒီကဗျာလေးကို တော်တော်လေးသဘောကျပါတယ် ....။ ရတီမှာပါလာလို့လည်းပျော်ပါတယ်။ နောက်အချိန်ရတဲ့အခါကြရင် ရွတ်ပြီးတင်ထားမယ်လို့စိတ်ကူးပါတယ်။ ကဗျာပို့ပေးတဲ့ အမေ့ကိုကျေးဇူးတင်ပါတယ် ....။ ကဗျာရေးလို့ ရတဲ့ပိုက်ဆံကို ရေအတွက် လှူလိုက်ပါတယ်။ ...

Saturday, May 8, 2010

ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးရာဇ၀င်

ခြေလှမ်းလေးကပြောတယ် ….
ငါက ထွက်သွားတော့မှာတဲ့ …………။

သစ်ရွက်တွေထဲမှာ သစ်ပင်ကို ပြန်ရှာတယ်။
မောတယ်။
ဘ၀ဟာ မောတယ်။
ဘ၀မှာမောတယ်။ မနေ့က အတွေးတွေနဲ့ ဒီနေ့ကိုနေသူလို မောတယ်။

ပြက္ခဒိန်တစ်ရွက်ကို လှန်လိုက်သလို …
အတိတ်ကို ဖျပ်ကလှဲ လှန်ပြီး နောက်ထဲထိုးထည့်ထားလိုက်တယ်။
ပြန်မဆုံတဲ့ ခြေလှမ်းတွေ တစ်နေ့နေ့ …..။

Zephyr ….

Sunday, April 11, 2010

တံထွေးလိုအပ်မှု



ကဗျာလေးတစ်ပုဒ်ရေးဖြစ်ပါတယ်။
တံထွေးလိုအပ်မှုလို့ နာမည်ပေးထားပါတယ်။
စာရွက်ပေါ်မှာ စာမရေးတာ လေးနှစ်ပြည့်ခါနီးမှာ ..... အမှတ်တရပြန်ရေးတဲ့အတွက် မြင်ရတဲ့အတိုင်း တောင်တက်တောင်ဆင်းဖြစ်နေတာကိုတွေ့ရပါမယ်။
အမေရိကန် အက်ဆေးတွေဖတ်ရင်း အေးအေးဆေးဆေးနားနားနေနေ နေနေရာက ရုတ်တရတ် ရေးမိတဲ့ကဗျာဖြစ်ပါတယ်။
ကဗျာကို ရွတ်တာ အဆင်မပြေဖြစ်နေတာနဲ့ မပြေတဲ့အတိုင်းထားလိုက်ပါတယ်။ နားနည်းနည်းပိုကောင်းတဲ့သူတွေနားထောင်နိုင်ပါတယ်။ မကြားရရင်တော့ ကံကောင်းတာဖြစ်ပါလိမ့်မယ်။






Monday, April 5, 2010

ရင်ခုန်နေရတဲ့ မျက်တောင်လေးတစ်ခုအကြောင်း ….

ဒီတစ်ခါ ချစ်စရာကောင်းတဲ့ ကဗျာလေးတစ်ပုဒ် တင်လိုက်ပါတယ်။
ပျင်းနေတာနဲ့ ကဗျာကို အိပ်ချင်မူးတူးရွတ်ထားတဲ့ အသံနဲ့ပါ တင်လိုက်ပါတယ်။ နောက်ခံသီချင်းက Olivia ရဲ့ I honestly love you ဖြစ်ပါတယ်။


ရင်ခုန်နေရတဲ့ မျက်တောင်လေးတစ်ခုအကြောင်း ….


မလှမ်းမကမ်း အကွာအဝေး …
မျက်တောင်လေး မြင်နေရရုံနဲ့
လူ့ဘ၀ဟာ ဒုလ္လဘ …။
သက်တစ်ရာတမ်းလုံး ထိုင်ကြည့်နေချင်တဲ့ မျက်တောင်လေး…
ဖြောင့်ချက်ပေးထားတဲ့ နှလုံးသားရုံးချိန်းတွေဝင်နေရသလို ပ၊
စိတ်ထဲပွင့်ခွင့်ပြုလိုက်တဲ့စံပယ်စိုစွတ် ညနေဖျော့….
လွမ်းနေရတာက မျက်တောင်လေးတစ်ခုဆိုတော့ …
မြေက ရယ်မှာစိုးတယ်။

မျက်တောင်လေးရဲ့
အလင်းပြန်ဆုံမှတ်ဟာ နှလုံးသားတစ်ခုဆိုပါတော့ ..
အဲဒီနေရာလေးမှာ ကံ့ကော် တစ်ပင် စိုက်ခွင့်ရချင်တယ်။
သိပ်လှတဲ့ ကံ့ကော်ရွက်နုလေးတွေဟာ မျက်တောင်လေးတစ်ခုရဲ့ ကယုကယင် အမူအယာ …
သိပ်နူးညံ့လွန်းလို့ စိတ်နဲ့ပဲကြည့်နေလိုက်ရတယ်။

ဘဒ္ဒကမ္ဘာထဲမှာ မျက်တောင်လေးတစ်မျှင်ကို ချစ်ကြင်နေသူတွေဘယ်လောက်များခဲ့လဲ …………။ … မျက်တောင်ကလေး အဖူးရစေ …ဆိုတဲ့ ကျိန်စာတွေကိုကြောက်ရွံ့ခဲ့ …၊
မျက်တောင်လေးနဲ့ ပိုမို နီးကပ်မသွား .. ပိုမိုဝေးကွာမသွား …
လက်တစ်ကမ်းအကွာမှာ သံလမ်းတွေကျိန်စာသင့်ခဲ့သလိုမျိုးပါပဲ။

မျက်တောင်လေးဟာ
ကျွန်တော်အိပ်နေတုန်း ဘုရားသခင် ထုတ်ယူသွားတဲ့ မျက်တောင်လေးပဲဖြစ်တယ်။
မျက်တောင်လေးဟာ
မိုးစွေငှက်ကလေးရဲ့ ဖျတ်လတ်မှုတွေနဲ့
သဘာဝတရားထဲ စူးစမ်းရှာဖွေလေ့လာသူ၊
မျက်တောင်လေးဟာ ကျွန်တော့်နှလုံးခုန်သံတွေကို
နားကြပ်တပ်မထားဘဲကြားနေလိမ့်မလား …
ဇီဇ၀ါပန်းတွေပွင့်တဲ့လမ်းမှာ
ကျွန်တော်တွေးနေမိတယ်။

ကိုယ်ဆိုတဲ့သီချင်းကိုယ်ပြန်သာယာနေတဲ့ ငှက်ကလေးတစ်ကောင်လိုပါပဲ …
သတိရနေတဲ့စိတ်ဟာ သတိရနေခြင်းကို သာယာနေမိတယ်။
မျက်တောင်လေးငြိမ်းချမ်းပျော်ရွှင်နေကြောင်း …
မြက်ခင်းမှာနားနေတဲ့ သပိတ်လွယ်ငှက်ကလေးပြောပြတဲ့အခါ …
ကျွန်တော်နဲ့အတူ …. ကံကော်ရွက်နုလေးတွေလည်း နားကိုစွင့်လို့ပါပဲ …..။ ။

ခင်မင်စွာဖြင့်
Zephyr