Friday, March 8, 2013

ပြန်မလာတော့သောတိမ်တိုက်များ


ပြန်မလာတော့သောတိမ်တိုက်များ

လေနှင်ရာ
တသုန်သုန်မျောလွင့်ရင်း
အလန့်တကြား
ကြေကွဲလိုက်ဖို့
အသင့်မဖြစ်မီ

ပြိုပျက်သွားသော
တိမ်တိုက်တွေကို ငေးလွင့်နေသည့်အကြည့်များကိုကောက်သိမ်း သပ်ရပ်ချိတ်ဆွဲဒဏ်ရာများကိုပွတ်သပ်၊ပိုလျှံ သောကများကို စနစ်တကျစွန့်ပစ်၊ထားရာနေစေရာသွားလေ့မရှိသော လွမ်းဆွတ်မှုအမည်နာမများဖြင့် အိပ်မွေ့ချခံလိုက်ရသော သူရူးတစ်ယောက်၏ ပျောက်ဆုံးလမ်းသွယ်များကိုရေတွက်ရင်း ပျော်ရွှင်မှုအကြောင်း အနည်းငယ်ပါဝင်သော ဂီတကို သွေးပြန်ကြောအတွင်းသို့ထိုးသွင်းခြင်းဖြစ်စဉ်ကို ကြိမ်ဖန်များစွာပြုလုပ်။ ကြိုးများစွာတို့၏ ရှုပ်ခြင်းတဒင်္ဂ။

ဟန်ဆောင်မျက်နှာဖုံးများ၏ အရောင်အသွေး လှပဆန်းကြယ်မှုကို လေးနှစ်တိုင်အံ့သြမင်သက်၊ ကျေးကျွန်များကျွန်ဘဝမှလွတ်မြောက်သွားသည့်ရသကိုစာနာနားလည်၊ ကျယ်ပြောသည့်လောကအတွင်း ခိုင်းဖတ်ရှာသူနှင့် ထိုသူကို ချစ်မိသူတစ်ယောက်အကြောင်းဟာသတစ်ပုဒ်ကို ဖတ်ရှုနာကျင်၊ အထီးကျန်ချိန်ပျော်တော်ဆက်တစ်ယောက်၏ နိဂုံးသည် ထင်သလောက်ရယ်စရာမကောင်းခဲ့ပါ။

စိမ့်ဝင်ပျော်ကျသွားသော ခါးသက်သက်စကားလုံးများ၊ "ကိုယ်ချစ်တဲ့ လူတစ်ယောက်ရင်ဘတ်ထဲမှာ ကိုယ်ဘာကောင်ဖြစ်နေမလဲဆိုတာ သူထုတ်ပြောမှ သိလိုက်ရမှာ"ဆိုသည့် ဒဿနတရား၏ စစ်မှန်ရိုးရှင်းမှန်ကန်အကြွင်းမဲ့မှုကို သံဝေဂကြီးစွာနာယူ၊ အိမ်မက်များသည် စေးပျစ်ကြပ်ခဲနေသောကြောင့် အိပ်စက်ခြင်းများဖြတ်သန်းစီးဆင်းခွင့်မရ၊ နေမကောင်းသောစိတ်များ၊ နေမကောင်းသောစိတ်များ၊ နေမကောင်းသောစိတ်များ၊ ကျစ်ကျစ်လျစ်လျစ်ဖြစ်လာသော နေမကောင်းသောစိတ်များ၊ မာခြင်းအဆင့်နှင့်အတူ စုစည်းဝန်းဖွဲ့လာသော နေမကောင်းသောစိတ်များ။ အလင်းပြန်နေတတ်သော မှန်များကျကွဲသွားပြီးနောက် ပုံရိပ်ယောင်ကင်းမဲ့ခြင်း၏ အထီးကျန်သွေ့ခြောက်မှုကို ကျကျနနလက်ခံလိုက်သည့်တစပ်တဆက်ဖြစ်စဉ်ကိုပင် ကောင်းချီးမင်္ဂလာတော်မြတ်ဟုထင်နေ။

သိပ်ပျော်စရာကောင်းခဲ့ပါသည်ခင်ဗျား။                   ။

Regards,
Zephyr

Thursday, February 14, 2013

ဖေဖော်ဝါရီ ၁၄။

ဖေဖော်ဝါရီ ၁၄။

တစ်ဖက်တည်းတီးတဲ့လက်ခုပ်၊
တစ်ခြမ်းပဲရေးတဲ့စာ
တစ်ယောက်ပဲသိတဲ့ မျက်ရည်၊
တစ်ရောင်ပဲရှိတဲ့ ကင်းဗတ်စ်
တစ်ကြောင်းတည်းဆွဲတဲ့မျဉ်း၊
တစ်ရက်ပဲခံတဲ့ ပန်းပွင့်များ .................။ ။

(Zephyr)

Wednesday, February 13, 2013

February


February

လွမ်းဆွတ်သူများ
လွမ်းသူ့ပန်းစည်းများဖြင့်
ချစ်ခင်သူများ …
ဆိပ်ဖလူး အနမ်းများဖြင့် …
သံသရာ တစ်အိမ်တက်တစ်အိမ်ဆင်း ……..
ချစ်ခြင်း၏ ချောကလက်ရောင်စဉ်များထွန်းညှိရင်း ….
သွားကြလာကြ ……………။

ဘ၀တဏှာ
မဟုတ်ဘူး အဲဒါ ဒိုင်ဗင်ဘုတ်ပါ
ခုန်ဆင်းလိုက် …
လေထဲမှာဂျွမ်းထိုးကြည့် …
ရေရှိမရှိ …
ကန်ထဲရောက်ရင်သိမယ် ………..။

ဖေဖော်ဝါရီ …၊
အိမ်မက်မှန်းသေချာလို့
နည်းနည်းလောက်စွန့်စားကြည့်တဲ့
ကစားကွင်းလေး။
ရင်ခုန်သံကိုဖြစ်ဖြစ်၊
ကြေကွဲမှုကိုဖြစ်ဖြစ်၊
နှလုံးသားစိုးရိမ်ရေမှတ်ထိ
စွန့်စားဝယ်ယူရတဲ့ဈေးတန်းလေး။

အကြွေးမရောင်းပါတဲ့ …
သံယောဇဉ်မျက်စောင်းတွေရောင်းတဲ့ဆိုင်လေး …
ယဉ်ယဉ်လေးငေးနေရတယ်။ ။

Zephyr

တစ်ချိန်တုန်းက ကဗျာ။ အခုအချိန်မှာ ပျော်ရွှင်တယ်ဆိုတာကို နားလည်မိလာပြီ။ တန်ဖိုးထားရမယ့် အချစ်ဆိုတာကိုလည်း နားလည်လာခဲ့ပြီ။ လူစိမ်းတွေရဲ့ ဥပေက္ခာတရားကို အပြုံးလေးတစ်ခုနဲ့ မေ့ထားနိုင်ခဲ့ပြီ။ စိတ်ချမ်းသာမှုနဲ့ ဆန့်ကျင်ဘက်တရားတွေနဲ့ ဝေးဝေးမှာထိုင်နေတတ်ခဲ့ပြီ။ ကိုယ်ချစ်တဲ့ လက်တစ်ဆုပ်စာလူနည်းစုထဲက မလိုတဲ့သူတွေ ထုတ်ပစ်လိုက်တာကိုလည်း ပေါ့ပါးပျော်ရွှင်တတ်ခဲ့ပြီ။ ကိုယ့်ဘဝကို ကိုယ် အပြည့်အဝရှင်သန်နေထိုင်တယ်။ ဖြစ်တည်ရုံသက်သက်မဟုတ်ဘူး။ အခုမှ ကြားဖူးတဲ့ စကားပုံလေးတစ်ခုကို ခဏခဏရွတ်နေတဲ့သူတွေကိုလည်း နားလည်ဖို့မခက်ဘူး။ ကိုယ့်လမ်းကိုယ်ရွေးသွားပြီး တစ်ချိန်ချိန်မှာ နောင်တရတဲ့လူအမျိုးအစားထဲမှာလည်း မပါတာကြာပြီ။ အသက် ၃၁ လူသားတစ်ယောက် ခြေလှမ်းမှန်မှန်နဲ့သူ့ဘဝသူ လျှောက်သွားတယ်။ သူ ဘယ်သူ့ အကူအညီမှ မယူဘူး။ ဘုရားသခင်တွေ၊ ကံတရားတွေကိုတောင် စကားထဲထည့်မပြောတာကြာပြီ။ (ကျွန်တော့်ဘဝအတွက်တော့ သူတို့ဟာ တော်တော်လေး အရေးမပါဘူး။ မိဘတွေ စိတ်ချမ်းသာဖို့လောက်ပဲ အသုံးကျတယ်။)

ဘဝဆိုတာလည်း အဲဒါပဲထင်ပါတယ်။ ကိုယ်ယုံကြည်တာမှာ ရဲရင့်လိုက်ဖို့ပဲ။ 

အမှားနည်းနည်းတော့ရှိတယ်။ လူစိမ်းတွေကို ခင်မင်ခဲ့မိတာနဲ့ ယုံကြည်မိခဲ့တာ နည်းနည်းပေါ့။ သက်ပြင်းကိုမှုတ်ထုတ်လိုက်ပြီးရင် စိတ်ပြန်ချမ်းသာသွားတာပဲ။ ကိုယ့်လမ်းကိုယ်သွားတာမှာ မြေပုံတွေ၊ပြဇာတ်တွေမလိုဘူး။ ခြေလှမ်းတွေကိုပဲပြင်ဆင်လို့ရတယ်။ ခရီးကိုတော့ ပြင်လို့မရဘူး။ ထွက်သွားပြီး အဝေးကြီးရောက်သွားတဲ့အခါ အားလုံးဟာဝေဝါးသွားတာပါပဲ။


Friday, February 8, 2013

စုံလုံကန်းအဝါ။


အလွမ်းလူထွက်တွေနဲ့
အသည်းကွဲ လူပြက်တွေ၊

ရယ်နေလား၊ ငိုနေလား၊
မျက်ရည်ဟာသတခွဲသားတွေနဲ့၊
တွေ့ နေ ရ သေး တယ် ။ ။

Zephyr

(facebook မှာ ရေးထားခဲ့ဖူးတဲ့ စတေးတပ်စ်၊ တိုနှံ့နှံ့ကဗျာ)

Monday, February 4, 2013

အဆင်ပြေသလိုနေထိုင်ခြင်း

အဆင်ပြေသလိုနေထိုင်ခြင်း

အဆင်ပြေသလိုနေပါ။
အဆင်ပြေသလိုနေပါ။
တယ်လီဖုန်းရဲ့
တစ်ဖက်တစ်ချက်က
ဆုံးမစကားလိုလို
အကြံပေးသွန်သင်မှုလိုလို
ကြားတယ်။ ကြားတယ်။ ကြားတယ်။
နားနဲ့လည်းမဆံ့ဘူး။
ကြားတယ်၊ကြားတယ်၊ကြားတယ်။

လေနဲ့ခြစ်မိပြီး
မီးလောင်ပြာကျသွားတဲ့ ဥက္ကာခဲလေးကို
လှလို့ကြည့်နေမိတယ်။
အဆင်ပြေသလိုလေး၊ အဆင်ပြေသလိုလေးပါပဲ။

အဆင်ပြေပါတယ်။
လောကနဲ့လည်းအဆင်ပြေ၊
ကိုယ့်စိတ်နဲ့လည်းအဆင်ပြေ၊

တောင်ထိပ်ကငုံ့ကြည့်တော့
ကောက်ကွေ့မြစ်လေးဟာလည်း အဆင်ပြေ၊
တောင်ထိပ်ကမော့ကြည့်တော့
ပျံလွှားငှက်လေးဟာလည်း အဆင်ပြေ၊
အဆင်ပြေသလိုနေပါ
အဆင်ပြေသလိုနေပါလို့
ရွတ်ရင်း
ပုတီးပဲစိပ်ရမလိုလို၊
ခိုစာပဲရောင်းရမလိုလို
ဖြစ်ရတယ်။

ကြယ်လေးတွေကြည့်နေတယ်။
ကောင်းကင်မှာ
အဆင်ပြေသလို
ဘယ်သူချိတ်ထားပါလိမ့်၊
အဆင်ပြေကြမှာပါ။
အဆင်မပြေတဲ့နေ့
ကြွေကျသွားတော့လည်း
အဆင်ပြေတာပါပဲ။

(ရိုးသက်ကဗျာကိုဖတ်ရင်း
အဆင်ပြေနေခဲ့တယ်။
လေလွင့်သူပြန်ဖတ်ရင်း
ဂျုံခင်းထဲမှာ ကလေးတွေပြေးနေတာတွေ့တယ်။
အဆင်ပြေတာပါပဲ၊
ညောင်ဦးမှာ ဧရာဝတီမြစ်ကြီး
ပက်လက်လန်နေတာတွေ့တော့လည်း
အဆင်ပြေတာပါပဲ၊
တုရင်တောင်ကို ဂျစ်ကားနဲ့တက်တော့လည်း
အဆင်ပြေတယ်။)

ခင်ဗျားတို့ရော အဆင်ပြေရဲ့လားလို့
မမေးတော့ဘူး၊
အဆင်မပြေတဲ့နေ့
သေကြရမှာပဲမဟုတ်လား။
မသေခင်
အဆင်ပြေအောင်နေပေါ့၊
ကိုယ့်စိတ်နဲ့ပဲဖြစ်ဖြစ်၊
ငုပ်နေတဲ့ ခြေစွယ်လေးနဲ့ပဲဖြစ်ဖြစ်၊
အဆင်ပြေအောင်နေမှပေါ့။

ဘဏ်ငွေစာရင်းမှာ
သုညတွေများလာတာ
အဆင်ပြေတာပေါ့၊
စိတ်ထဲမှာ
ကွက်လပ်တွေများလာတာ
အဆင်ပြေတာပေါ့၊
သတိတရ၊အလွမ်းတွေအစား၊
သီချင်းတွေရောက်နေရင်
အိုကေတယ်။
ကိုယ့်ဂိုး ကိုယ်ပြန်သွင်းတာမှာ
သိပ်သွေးကြောင်နေစရာမရှိဘူး။(ကိုအက်စကိုဘာ)

(သစ်ပင်တွေချစ်ရာကနေ၊
ဝယ်လိုအားမျဉ်းကွေးတွေချစ်သွားတဲ့သူဟာ
အဆင်ပြေတာပေါ့၊
ကဗျာတွေဖတ်နေရာက
စာရင်းအင်းပညာနိသျည်းကို ကောက်ကိုင်နေတာ
အဆင်ပြေတာပေါ့၊
နေဝင်ချိန်တွေထိုင်ကြည့်နေရာက
စတော့ခ်ရှယ်ရာ ကိန်းဂဏန်းတွေ ကြည့်နေမိတာ
အဆင်ပြေတာပေါ့၊
ကိုယ့်ထွက်သက်ထက်
အနာဂတ်စီးပွားရေး အလားအလာကို မျက်စပိုပစ်မိတာ
အဆင်ပြေတာပေါ့။

လက်သီးကို လေထဲ ဝှစ်၊ဝှစ်ဆိုပြီး ထိုးကြည့်တော့၊
ဗိုက်လေးနေတာ သတိထားမိတယ်။
အဆင်ပြေသလိုလေး နေရင်း
အဆင်ပြေသလိုလေး ဝလာပုံရတယ်။
ဒါပေမယ့် အဆင်ပြေတယ်။)

ဆုံးသွားတဲ့ အဘွားနဲ့အမေကိုလည်း
မေတ္တာပို့၊အမျှဝေရင်း
အဆင်ပြေအောင်နေကြလို့ ပြောရတယ်။
မလေးရှားကအဖေ့ကိုလည်း
အဆင်ပြေအောင်နေလို့ ပြောရတယ်။
"အဆင်ပြေအောင်နေ"ကို
Hi,Hello ထက်ပိုသုံးမိတယ်။

အဆင်ပြေသလိုနေကြပါ။
အဆင်ပြေသလို နေရစ်ပါ။
အဆင်ပြေသလို ....
ဒီသုံးလေးကြောင်းကို round chord လေးထည့်ပြီး
သီချင်းလုပ်ဆိုကြည့်ဖို့ကောင်းတယ်။
ခင်ဗျားမပျင်းတတ်ရင်ပေါ့လေ။

(အားလပ်ရင်
AKG အကူးစတစ် နားကြပ်ကြီးတတ်ပြီး၊
ကြောင်စတီဗင်ရဲ့ သီချင်း ရိုင်းကြမ်းတဲ့ကမ္ဘာ(wild world) ဖြစ်ဖြစ် နားထောင်နေမိတယ်။
အဆင်ပြေတယ်။
ပထမအရှဟာ အနက်ဆုံး(the first cut is the deepest) ဆိုရင်လည်း အဓိပ္ပာယ်သိပ်ရှိတယ်။
အဆင်ပြေတယ်။ သိပ်ကို အဆင်ပြေတယ်။)

အပ္ပမာဒေန၊ သမ္ပာဒေထ အဆင်ပြေသလို နေရစ်ကြလို့
ဘာသာပြန်လို့ရလောက်မယ်ထင်တယ်။
သို့သော်လည်း
အဆင်ပြေနေရင်ပြီးတာပဲ မဟုတ်လား။

ကိုယ့်အဆင်နဲ့ကိုယ်ပြေကြပါစေလို့
ပြောင်းပြီးမေတ္တာပို့ရမလိုဖြစ်နေပါပြီ။

အဆင်ပြေခြင်းကိုပဲ
တခုတ်တရရေးဖို့မကောင်းဘူး။
ဒါဟာ
ဘာမှရေးလောက်တဲ့အကြောင်းမဟုတ်ဘူး။
စိတ်ထဲ အဆင်ပြေနေရင်တော်ပြီပေါ့၊
မဟုတ်လား။

အဆင်ပြေပြေလှိမ့်ဆင်းလာတဲ့ ကျောက်တုံးလေး၊
တလိမ့်လိမ့်၊
ကျနော့်ရင်ဘတ်ထဲမှာ ခရီးသွားနေတယ်။

ခင်ဗျားလည်း အဆင်ပြေအောင်နေဦးနော်။
ကျနော်ကမှာတယ်။
ကျနော့်ကိုယ်ကျနော်။            ။

Zephyr

Saturday, November 10, 2012

ရေစိုနေသော ကျောက်တုံးများအကြောင်း ဆိုပါတော့။

မီးလုပ်တတ်ခါစ ကမ္ဘာဦးလူတစ်ယောက်
ကျောက်တုံးကိုခတ်၊
ရေစိုကျောက်တုံးကိုခတ်၊
မျက်လုံးတွေတလက်လက်၊
တစ်နေ့ပြီးတစ်နေ့၊
လက်မလျှော့နိုင်ဘူး၊
လက်မလျှော့နိုင်ဘူး လို့ အဓိပ္ပာယ်ရတဲ့
ဝူးဝူးဝါးဝါး အသံတွေနဲ့၊
မီးကိုပြုလုပ်နေတယ်။

သူ
အသက်အာမခံထားပေမယ့်
သေမယ်ဆိုတာမေ့မေ့နေတယ်။
တောင်ထိပ်အထိတွန်းတင်ပြီးမှ
ငွေ့ရည်ဖွဲ့ရွာကျဖို့အသင့်ဖြစ်ခဲ့တဲ့ တိမ်တစ်အုပ်
ရွာသွန်းသွားသလို၊
နေ့တွေ၊
ညတွေ၊
အလွမ်းနဲ့
အလွမ်းကြောင့်ဖြစ်သော ဒုက္ခတွေ၊
တစ်နေ့ပြီးတစ်နေ့
တောက်လောင်နေတယ်၊
တောက် လောင် နေ တယ်၊
လေးလေးပင်ပင်။

တုန့်ပြန်လေ့မရှိ၊
တိတ်တိတ်လေးနွေးတဲ့
နှုတ်ခမ်းများကို လွမ်းသတဲ့။

ငြိမ်သက်ခြင်းဟာ ဒဏ်ရာ၊
တိတ်ဆိတ်ခြင်းဟာ ဒဏ်ရာ၊
သားကောင်ဟာ
နွေးထွေးမှုကို
ပိုက်ပြီး အိပ်တယ်။
ဒီတောအုပ်မှာ
လုံခြုံတဲ့နေ့တစ်ချို့၊
သူ့ရာဇဝင်မှာရှိဖို့၊
ဒိထက်ပိုတဲ့ အဓိပ္ပာယ်တွေနဲ့
နောက်တကြိမ် ပြန်မရနိုင်တဲ့ ကြယ်တွေကို
သူ
ကြည့် နေ တယ်။

အောင့်နေတဲ့နှလုံးသားမှာ
ဒဏ်ရာတွေလည်းပါတယ်။
မီးခတ်လို့မရနိုင်တဲ့
ရေစိုကျောက်တုံးများကို ပြန်ရနိုင်ဖို့၊
ဒီအတွက်
သူကြိုးစားသတဲ့၊
သစ်ကိုင်းခြောက်၊
သစ်ရွက်ခြောက်၊
ခြောက်လှန့်နေတဲ့ နွေးထွေးမှု၊
ခြောက်လှန့်နေတဲ့ လုံခြုံမှု၊
လူ့လောက ဥပဒေသ၊
ချစ်ခြင်းရဲ့ရောင်စဉ်ခုနစ်သွယ်၊
စီးဆင်းမြစ်များ၊
ရပ်တန့်မြစ်များ၊
ကြေကွဲတတ်ဖို့၊
နာကျင်တတ်ဖို့၊
အော်သံများ၊
စုံလင်ခြင်း၊ ပြည့်ဝခြင်း၊ အထီးကျန်ခြင်း၊
သူ
စည်ကားခဲ့ပါသတဲ့။

အောင့်နေတဲ့ရင်ဘတ်ကို
ဖိထားတဲ့လက်၊
ဒါ၊
အချစ်ဆုံးသူရဲ့လက်ဖြစ်ဖို့
လို/မလို
သူစဉ်းစားပါသတဲ့။

ဒဏ်ရာတွေ အားလုံးကိုမေ့သွားဖို့
ဘယ်လောက်ကြာကြာဖက်ထားပေးမလဲလို့
သူ
လက်တစ်စုံကို မေးသတဲ့။
နွေထွေးပျော့ပြောင်းပြီး၊
သန်မာခိုင်မြဲသော လက်မောင်းတွေကို
လွမ်းဆွတ်ပါသတဲ့။

ရေစိုနေတဲ့ ကျောက်တုံးများနဲ့
မီးကိုပြုလုပ်ခြင်းမှာ
သူ ...........ဆက်လက် လောင်ကျွမ်းနေမြဲ လို့
ကျွန်တော် သိခဲ့ရပါတယ်။                          ။


Zephyr

Thursday, October 18, 2012

ဟဲ့ပလုပ်တုတ်


ဟဲ့ပလုပ်တုတ်

ဗုံမဟုတ်ရင်ပတ်ပဲ။
ပတ်မဟုတ်ရင်ဗုံ၊
ဗုံလိုလို ပတ်လိုလို
ဗုံပတ်လို့ခေါ်ရမလား
ပတ်ဗုံလို့ပဲခေါ်ရမလား၊
တစ်ခုခုတော့ခေါ်မှဖြစ်မယ်၊
သိပ်ဝေးနေတယ်။
အသံချဲ့ရဦးမယ်။

ကြားလား
ကြားလား
ဂြိုဟ်ပတ်လမ်းတစ်လျှောက်
ပန်းပွင့်တွေ
ကြဲခဲ့ရဦးမယ်။

အနမ်းများဟာ
ဘာသဘောမှမဆောင်ကြဘူး။
လေထဲပေါက်ကွဲပျောက်ရှသွားတဲ့ မီးပန်းတွေလို၊
ညှော်နံ့ပဲကျန်ရစ်တယ်၊
ရင်ခွင်မှာ
ညှော်နံ့ကျန်နေတယ်။

ဒါကို ဟိုကလည်းသဘောပေါက်တယ်။
ဒီကလည်း သဘောပေါက်တယ်။
နေပူလာရင်
ထုတ်ထုတ်လှမ်းပစ်တာပဲ။

ကျီးခြောက်တဲ့မှန်လို
ဖျတ်ခလဲလက်တာနဲ့
ကျီးကန်းကြောက်စေတာပဲ၊
ကိုယ့်အကိုင်းကိုယ်ချိုးပစ်တာ
ဘာအရသာရှိရမှာလဲ။

သိပ်သည်းလာရင်
ရွာချပစ်လိုက်တာပဲ
ဗွက်ပေါက်တာလည်းတပိုင်းပေါ့
အဲဒီကနေစမှဖြစ်မယ်လေ၊
အားလုံးသိကြတဲ့အတိုင်း
တစ်ခုခုကို အဆုံးသတ်ဖို့
တစ်နေရာရာက
စမှ 
ဖြစ်မယ်မဟုတ်လား။

လေးစားအပ်ပါသော
လူကြီးမင်းများခင်ဗျာ
ဂုဏ်နှင့်သားရေရှိကုန်သော
လူကြီးမင်းများခင်ဗျာ
သံတိုင်များကို
တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကြပါ၊
တင်းတင်းကြပ်ကြပ်
ဆုပ်ကိုင်ထားလိုက်ကြပါ။

အခုရောက်နေတာ အရူးထောင်၊
လိုတိုးပိုလျှော့
နည်းနည်းလောက် ဆော့ကစားလို့ရတယ်၊
အချင်းချင်းရန်မဖြစ်ကြနဲ့
အားလပ်ရင်သီချင်းဆို
အားလပ်ရင်
ကဗျာရေး၊
အားလပ်ရင်
လက်တွေကိုဆေးပါ၊
နေရောင်မှာလှမ်းထား၊
ညှော်နံ့ရတယ်
ညှော်နံ့ရနေသေးတယ်၊
ဆက်ပြီးပြေးထွက်သွား။                 ။

Zephyr