Tuesday, August 16, 2011

နွေရာသီကိုပန်ဆင်သော ဥသြသည် သာယာညင်းသွဲ့ ငိုလေ၏

နွေရာသီကိုပန်ဆင်သော ဥသြသည် သာယာညင်းသွဲ့ ငိုလေ၏

မီးခိုးရောင်ကိုယ်စားပြုမှုတွေနဲ့ တိုက်စားလွန်းသောတရား
ပျစ်ခဲဆေးသားတိမ်တိုက်ထဲကပ်နေတဲ့ ပျံမရတဲ့ငှက်များ
ခြေထောက်မပါတဲ့မြစ်ကမ်းနပါးမှာတော့ သွေးအေးစိတ်သတ်သမား
ဒဏ်ရာသည်းနေသူအတွက် ခြေသံလေးတစ်ခုဟာလည်း စိုးရွံ့ထိတ်လန့်စရာ။

အကျအရှုံးအမြောက်အမြားနဲ့ နောက်ဆုံး အလံကျိုးပဲ့မှု
အနက်ရှိုင်းဆုံး သွေးစက်အငွေ့ပျံချိန်ထိ ခုခံထားတဲ့ ခံတပ်လေးထဲ
ရုပ်ဆင်းပျက် ပြိုကွဲမှုက တစစီ ……….။

ဆောင်းခေါ်တေး တကြော်ကြော်နဲ့
မနေ့ညအထိ မျှော်ခဲ့သေးတယ်။
နစ်သွားတဲ့ရွက်တိုင်မှ ခရမ်းပြာ(ပင်လယ်)ကြမ်းပြင်ထိ၊
လွမ်းဆွတ်ခြင်းဟာ ငုပ်မိသဲတိုင်။

မှားယွင်းတဲ့ယုံကြည်မှုဟာ လက်ချော်သွားတဲ့ တက်တူးလို
သေရာပါရယ်စရာနဲ့၊
မြန်နှုန်းမြင့်ရူးသွပ်ခြင်းတွေ ပြေးထွက်သွားပုံကတော့
အရူးတပိုင်းဆန်လွန်းနေရဲ့၊
ရပ်မရတဲ့ခြေထောက်များနဲ့ နင်းဖြတ်ရမယ့် ဆူးလမ်းတွေက
တနံတလျား …… အလိုက်အလျားသင့်မိခဲ့တဲ့ရင်ခွင် အမှားမှာ
နောင်တရွက်ဟောင်း တကြွေကြွေ။ ။

Notes:
I wrote this poem with regret.
I didn't use my pen name as well. My mind is shrinking to become a blackhole. See you again in the next big bang.

Regards,
The Gardener

Tuesday, June 28, 2011

ကျပျောက်သွားတဲ့မြစ်။

ကျပျောက်သွားတဲ့မြစ်။

ပြန်မလာတော့ဘူးဆိုတာသိရင်
မြစ်ဖျားခံနေဖို့
စိတ်တွေကို
အေးခဲသောဒေသဆီ
ပို့လွှတ်ခဲ့မိမှာမဟုတ်ဘူး။
အလွမ်းယောင်ဆောင်ထားတဲ့ ကြေကွဲမှုဟာ
နာကျင်မှု အဖြစ်အရောင်ပြောင်းစပြုလာ၊
တောင်တန်းဒေသ၊
နှင်းမကွဲမီ အသည်းကွဲသွားသောနံနက်ခင်းများနှင့်အတူ
ရိုးရိုးလေးအသည်းကွဲနေရ၊ မီးလင်းဖိုလေးအနီး၊
မီးခိုးငွေ့များနှင့်အတူ လွင့်မျောညင်သာ၊
ဘ၀ဟာ လုံးဝန်းတဲ့ကျောက်စရစ်လေးတစ်လုံးလို
လောကဓံအားဖြင့် ချောမွတ်နာကျင်ခဲ့ရ။

စိတ်မှာ ဆူးစူးနေတဲ့ ဒဏ်ရာကို ဘယ်လို ကုသရမှန်းမသိ။
ကြံရာမရ၊ မျက်ရည်တွေနဲ့ထွင်လိုက်ရတယ်။

အဖြူရောင်ကို တစ်စစီခွဲပြီး
အနက်လည်းပါတယ်ဆိုတော့
ဒီဘ၀ ဒီမျှပေါ့ကွယ်၊

ငြိမ်ငြိမ်လေး အသည်းကွဲနေရတာထက်
ရင်ကွဲနာကျ လေချွန်နေတဲ့ကောင်က
ပိုအပြောအဆိုခံရတတ်တယ်။

ဂရုတစ်စိုက် သုံးစွဲပါ။
သင်ရခဲ့သော သုံးဆယ့်တစ်ဘုံ ဆေးလိပ်တို။

ပြုံးပါ။
ပြုံးနိုင်သလောက်။
မပစ်မယ့်လေးကို အားနဲ့တင်နေသလို
ပြုံး လိုက် ပါ။

ကြယ်တွေကို
တစ်ညတစ်လုံးခူးထားလိုက်၊
ကြယ်တွေကို
တစ်ညတစ်လုံး ကောက်ထားလိုက်၊
လွမ်းတဲ့အခါ
သူ့အိမ်ခေါင်မိုးပေါ်
ကြယ်တွေပစ်တင်ပြီး ပျော်ရ။
ကောသွားတဲ့မြစ်လို
မလင်းတော့တဲ့ကြယ်ဟာ
တန်ဖိုးကျလွယ်တယ်။ ။

Z

Wednesday, June 22, 2011

အဖေများနေ့ကဗျာဆိုပါတော့အဖေ။

အဖေများနေ့ကဗျာဆိုပါတော့အဖေ။

မိသားစုတွေဟာ ရှည်လျားတဲ့ခရီးတစ်ခုပေါ့ အဖေ။
ဆူးပင်တွေညိနေတဲ့လှည်းကို အဖေမောင်းတယ်။
နွံ့ထဲဆင်းပြီး လှည်းကိုတွန်းတယ်။
ရေစီးကြမ်းလည်း ဖောင်ကိုဆန်တက်တယ်။
ဒါတွေဟာ အဖေ့အလုပ်ပေါ့။
အဖေက နိုက်ဘွဲ့ကိုမယူဘူး။
လက်မထိပ်မှာ အပ်ရာမရှိဘူး။
လုပ်စရာရှိတာလုပ်နေတဲ့
သာမန်အဖေတစ်ယောက်၊
ရွက်အုပ်သီး သူရဲကောင်းပေါ့။

မိုးလင်းမိုးချုပ်အလုပ်လုပ်တော့
အဖေရတာက
သားသမီးအမုန်းပေါ့။

အဖေကညည်းညူတတ်သူမဟုတ်ဘူး။
ဖျားနာတတ်သူမဟုတ်ဘူး။
နေ့တိုင်း ပါတိတ်ရောင်းနေရင်း
ဈေးဆိုင်ကျဉ်းကျဉ်းမှာ
သွပ်မိုးနိမ့်နိမ့်မှာ
တစ်ဆိုင်လုံးဖွပြီး
ဘာမှဝယ်မသွားတဲ့သူတွေနဲ့
ရယ်ရယ်မောမော ရောင်းဝယ်နေတတ်သူ။

အဖေက မနက် ဈေးမဖွင့်ခင်
ဘုရားကျောင်းတက်လေ့ရှိတော့
သားတွေက
သူတော်ဂေါင်းဂျီးလို့ ရွဲ့တယ်။
အဖေ၀ယ်လာတဲ့မုန့်တွေစားပြီး၊
အဖေ့လွယ်အိတ်ထဲက လိုသလောက်မုန့်ဖိုး နှိုက်ယူခွင့်ရှိတာတော့
ပျော်ခဲ့တယ်။

အဖေက
သားသမီးရှိလာတော့
အရက်နဲ့ဆေးလိပ်ဖြတ်တယ်။
စီးပွားကောင်းလာတော့၊
တက္ကသိုလ်ကျောင်းကို အဆက်ဖြတ်တယ်။
အဖေဘ၀က သုံးပုံတစ်ပုံပဲ
ကျန်တဲ့သုံးပုံနှစ်ပုံက
မိသားစုဆောင်းခိုတဲ့ ခရုခွံ။

ကျွန်တော် ကိုးတန်းနှစ်မှာ
စီးပွားကျလာတော့
အဖေအိမ်မှာရှိလာတယ်။
ကျောင်းလိုက်ပို့တယ်။
လိုက်ကြိုတယ်။
သား သမီးတွေကို
အဖေချစ်ပါလားလို့
ကိုးတန်းမှပဲသိတယ်။

အဖေမစားတဲ့ညစာတွေဟာ
များသထက်များလာတယ်။

စီးပွားပျက်ချင်တော့
ဘာလုပ်လုပ်ရှုံးတယ်။
ဥစားကြက်လည်းမွေးတယ်။
ရှုံးတယ်။
ဆီလုပ်ငန်းလည်းလုပ်ဖူးတယ်။
ရှုံးတယ်။
အဖေက
မြန်မာပြည်က
အရှုံးသမားတစ်ယောက်အဖြစ်
ထွက်ခွာသွားတယ်။

တတိယနိုင်ငံတစ်ခုထက်
နည်းနည်းလေးသာတဲ့နိုင်ငံမှာ
အဖေအလုပ်လုပ်တယ်။
ဒီအရွယ်မှာ အပြင်ထွက်အလုပ်လုပ်တာ အဖေပဲရှိတယ်။
အသက် ၄၀ ကျော်မှာမှ
ဘ၀ကိုစတယ်ဆိုတာ
အဖေ့ဘ၀ပဲ။
သုညကပြန်စရတယ်။

လောကဓံခြေသာနေတဲ့နှစ်များက
၉၉ ကစတယ်။
ဒီလိုနဲ့
မိဘဆုံး။
သားတွေဘွဲ့ရကုန်၊
မိန်းမလည်းဆုံးသွား၊
အဖေဟာ
ဘာအတွက်မှန်းမသိ
အလုပ်လုပ်နေသူဖြစ်လာ။
အဖေ့ဘ၀ဟာ
ဘယ်လိုတွေးကြည့်တွေးကြည့်
အရင်းတောင်မရဘူး။

အဖေဟာ
အလှူအတန်းရက်ရော၊
အပေါင်းအသင်းခင်၊
လက်ဖွာ၊
ဘုရားတရားကြည်ညို၊
ရေဒီယိုနားထောင်လေ့ရှိ၊
မိန်းမကို အတော်လေးချစ်ခင်၊
သားများနဲ့ စကားကြာကြာပြောရင်မတည့်၊
အသက်ကြီးပေမယ့်
ထင်သလောက်မပျက်စီးသေးတဲ့ အဖိုးအိုလေးပေါ့။

အဖေက
အခုအထိ ကျမ်းစာလေးတစ်အုပ်ကို အထပ်ထပ်ဖတ်တုန်း၊
သူ့ဘ၀မှာဖတ်ခဲ့တဲ့စာအုပ်အနည်းငယ်က အကြောင်းတွေနဲ့
ကြုံခဲ့တဲ့လောကကို တိုက်ဆိုင်ကြည့်နေတုန်း။

ငယ်ငယ်က
အဖေဖတ်ခိုင်းတာ
ယောနသံစင်ရော်၊
ပါပီလွန်နှင့်ဗင်ကို
နန္ဓာသိန်းဇံ
ကျွန်တော်ဖတ်ဖြစ်တာက
တရုတ်သိုင်းဝတ္ထု။
(ခြောက်အုပ်တွဲကနေ၊ ဆယ့်နှစ်အုပ်တွဲကို နှစ်ရက်အတွင်းပြီးအောင်ဖတ်တယ်။)

အဖေအနားမှာမရှိတော့
သားသိသင့်တာတွေသိဖို့
ဦးသန့်အကြောင်းဖတ်၊
သက်လုံ (သားငယ်ရွယ်လူးသိစေဦး)
ဒေါက်တာမတင်ဝင်း (အောင်မြင်ခြင်း၊ပျော်ရွှင်ခြင်း၊မိသားစုဘ၀) ဖတ်ဆိုတော့
အဖေစိတ်ချမ်းသာအောင်ဖတ်တယ်။
အဲဒီတုန်းက တကယ်ကြိုက်တာက
ဆရာတော်ဦးဇောတိကစာအုပ်တွေ။

လတိုင်းအဖေ့ဆီကို စာတွေရေးတဲ့အခါ
ကျမ်းစာ၊ ဆရာတော်ဦးဇောတိကစာနဲ့
ကျွန်တော့်ရဲ့ မော်ဒန်ကဗျာတွေပါတယ်။
အဖေက ကျွန်တော့်ရဲ့ပရိသတ်
နားမလည်ဘဲကောင်းတယ်ဆိုတဲ့သူ။

ဒီနှစ်
အဖေများနေ့မှာ
အဖေ့ကိုဖုန်းဆက်တော့
အဖေပျော်နေတယ်။
ဘ၀ဟာ so far so good ဆိုလား၊
ကမ္မသကာဆိုလား၊
အဖေ့ရယ်သံထဲထိုးထိုးထောင်ထောင်ဒဿနတွေပါနေတယ်။

နည်းနည်းတော့နောက်ကျသွားတယ်အဖေ
အခုသားအသက် ၂၉
အဖေ့ကို ကျေးဇူးတင်ဖို့
ကဗျာတစ်ပုဒ်ကောက်ခါငင်ခါရေးမှ
မျက်ရည်စို့ချင်သလိုလိုဖြစ်နေမိ၊

Thanks Dad,
May God Bless You 4ever +1 day.

With Love,
Your younger son,
Zephyr


Notes: Question of the day.

ခင်ဗျားရဲ့
ရွက်အုပ်သီးသူရဲကောင်းကိုရော
ခင်ဗျားတို့ မေ့ထားတုန်းပဲလားဗျာ .................။ ။











Wednesday, June 15, 2011

ကဗျာ

ကဗျာ

အနုမြူဗုံးကြဲတုန်းကလည်း သူမသေဘူး။
နာဂစ်မှာလည်း သူမပါသွားဘူး။
ဈေးကွက်စီးပွားရေးမှာ
ရောင်းမစွံတာကလွဲရင်
ကဗျာဟာ
မာခြင်းအဆင့် ၁၁။

Zephyr

Monday, June 13, 2011

ဖမ်းဆီးသူ

ဖမ်းဆီးသူ

သူ၊
အာရုံတွေကိုမဖမ်းဆီး၊
ရန်သူတွေကို မဖမ်းဆီး၊
သူ့စိတ်ကိုသာ ရပ်နေစေသူ။ ။

Zephyr

Friday, June 10, 2011

ရောဂါ

ရောဂါ

သူလိုကိုယ်လို
အထီးကျန်တတ်ရင်ကို
သေပျော်ပါပြီ။ ။


Zephyr

Tuesday, April 5, 2011

ဓာတ်ရှင်

ဓာတ်ရှင်

တစ်ဖက်သတ်စကားများ သပ်သပ်ရှိလေတော့သည်တကား၊ ထိုးဇာတ်ဆင်၊ မျက်ရည်များကျခန်း၊မကြာမတင် မေ့မေ့မှာနှလုံးရောဂါအချိန်မီရရှိ၊ နှမလက်လျှော့ဖြေလျော့ခွေ၊ မကြာမီ ဘ၀အတွက်အာမခံချက်ရှိသည်ဟုယူဆ ထိုယောကျာ်းအပြုံးကို ပိုစတာတစ်ခုတွင်မြင်ဖူးသလိုလိုရှိ၊ လိပ်ခေါင်းရောဂါမှအချိန်မီသက်သာလာသူလိုလို အသံဖျော့ဖျော့လေးဖြင့် နှုတ်ဆက်သွား ...ပြီးပါပြီ။

တစ်ချက်ချင်းရိုက်ထုတ်ပစ်လိုက်၊ ချန်ပီယံတွေရော၊ အရှုံးသမားတွေပါရိုက်တဲ့ Callaway။ လွမ်းဆွတ်ခြင်းဟာ Callaway။ သင်ထင်တာထက် နည်းနည်းပိုရှည်သတဲ့။ ဂေါ့ဖ်သီးတစ်လုံးလိုပါပဲ ထိချက်ပြင်းပြင်းနဲ့ သဲကျင်းထဲကျသွားတာ၊ ဂေါ့ဖ်သီးဟာ ငါ့ဘ၀အမှတ်အသားထိုးထားတဲ့ ငါ့ဘ၀ အငယ်စားလေးပါပဲ။ သဲကျင်းဟာ ငါ့ဘ၀အမည်ထိုးထားတဲ့ ငါ့ဘ၀ အသေးစားလေးတစ်ခုပါပဲ။ ရိုက်ချက်ဟာ ငါ့ဘ၀အမည်ထိုးထားတဲ့ လုပ်ကြံခံရမှုသေးသေးလေးပါပဲ။ Callaway.... ဂေါ့ဖ်အိတ်မှာရွှေခြည်ထိုးထားပါတယ်။ မင်းနာမည် Callaway။ လွယ်ပိုးပါတယ်။ ကိုယ့်ကိုယ်ကို သဲကျင်းထဲထိ ရိုက်ထုတ်ပါတယ်။ Callaway။ နှုတ်ဆက်အနမ်း အဖြစ် ဒရိုင်ဘာတုတ်ကိုထုတ်လိုက်ပါတယ်။ Callaway။ သိပ်ချစ်ပါတယ်ကို တည့်မတ်စွာထားပြီး ရိုက်ပစ်လိုက်ပါတယ်။ ခါးအနည်းငယ်စောင်းမိ။ သိပ်ချစ်ခဲ့ပါတယ်လမ်းကြောင်းတစ်လျှောက် သဲကျင်းဆီသို့ ဂေါ့ဖ်သီးအမည်ခံ အသေးစားနက်ရှိုင်းဒဏ်ရာတစ်ခုဝဲပျံလျက်။

ဗာဟီရတစ်ခုလိုတွင်တွင်ပြုမူပါတယ်။ လွမ်းဆွတ်ခြင်းတွေဖဲနိုင်လာတဲ့နေ့၊ တကယ့်ကို ဂနာမငြိမ်အောင်ဖြစ်ရပါတယ်။ လွမ်းလို့များသေသွားမလားပူပန်ရတဲ့အထိ၊ ဆေးရုံမှာ တုံကင်ကြိုယူထားပါတယ်။ အချစ်ရေ ..အချစ်ရဲ့ အလွမ်း ဒက်ဆီဘဲလ် မြင့်မြင့် သီချင်းရင့်ရင့်ဖြင့်သာ ဘ၀ကိုလျှော်ဖွတ်ပါတယ်၊ ကဗွီးရွက်တွေလို နေရောင်လည်းမသက်သာ၊ကြွေကျလည်းမြေလွှာပြုန်းတီး၊ နေမထူးသေမထူး ပါရမီရင့်စွာ အသုံးမကျဖြစ်နေရ၊ ချိုင်းထောက်မပါတဲ့ ဒုက္ခိတဟာ အသည်းကွဲသမားဆိုလား ။ အချစ်ဟာ နေမရင့်မီ ရူးသွားတဲ့ ၀ီရိယလွန်ကဲတဲ့ ခွေးရူးတစ်ကောင်မျှ။

ဆင်သေနောက်လိုက်သွားတဲ့ကျီးကန်းတွေတဲ့၊ကြည့်မိတော့ ..ကိုယ့်လိုငနဲတွေချည်းဖြစ်ဖြစ်နေ။ ပင်လယ်သေထဲ သေနေတဲ့ရေ၊ သေနေတဲ့ရေထဲက သေနေတဲ့ငါး၊ သေနေတဲ့ငါးထဲက သေနေတဲ့အိမ်မက်၊ အဲဒီအသေအထပ်ထပ်နောက်ဆုံးမှာမှ ငါ့ကိုယ်ငါ ပြန်တွေ့တယ်။ ဆွဲဆုတ်ပစ်လိုက်တဲ့ရည်းစားစာ၁၆ အုပ် (လက်ရေးခပ်သေးသေးများဖြင့်လှပစွာ)။ ဒဏ်ရာများကို ရေကြည်ရသည်အထိ တူးထုတ်ခြင်း၊ ဆိုကြပါတော့ ကော်ဖီတစ်ခွက်ကို ဖျော်ရင်း .......ဆိုကြပါတော့ မုန့်ထုပ်လေးတစ်ထုပ်ကိုကိုင်ရင်း၊ သီချင်းလေးတစ်ပုဒ်ကို ညည်းရင်း၊ လရောင်တွေ စိုစွတ်တဲ့လမ်း ... တခမ်းတနား အထီးကျန်ခြင်းဟာ အမာရွတ်တစ်ခုဆိုပါတော့ ဒဏ်ရာကိုချစ်နေသူထက် ပိုရူးသူမရှိတော့ပါ။

အနှေးလျောက်ရန်၊ တစ်ချက်ငေးကြည့်၊ဆွေးဆွေးလေးထားလိုက်၊အကြည့်ဆွေးဆွေး၊အရိုးဆွေးဆွေး၊ မြေးများရတဲ့အထိ မမေ့သေးပါဟု အဘိုးအိုတစ်ဦးမှ ငယ်နာမည်ကိုမမေ့ကြောင်းပြောကြား၊ တော်ရုံပဲကောင်းတယ် ဆိုသည့်မျက်စောင်းလှလှလေးမှာ ဇနီးလောင်း၏ ဗီတိုအာဏာဖြစ်နေ၊ သုံးခါပြန်လျှောက်၊ အသက်လေးဆယ်သီချင်း တိုးတိုးညည်းနေသူများ၊ တဖြည်းဖြည်းနေလုံးသည် ပင်လယ်ထဲပြုတ်ကျ၊ နေလုံးသည်တောင်စွယ်တွင်ကွယ်၊နေလုံးသည် မမြင်ရသည့်တစ်ဖက်ခြမ်းသို့ လှစ်ခနဲပြေးထွက်၊ နေကွယ်သွားသော် အပူဓာတ်သည် စိမ့်ဝင်မြေပြင်မှကြွတက်လာသလိုနွေးထွေးလာ၊ထိုစိတ်သည်နွေးထွေးလာ၊ အမည်နာမမတပ်ထားသော်လည်း ဖြစ်တည်လာ၊ ကြက်သီးမွေးညင်းများသည် တစ္ဆေတစ်ကောင်ကိုကြိုဆို၊ တယောသံသည်တရွေ့ရွေ့ထွက်ခွာ၊ သိနေသောစိတ်၊သိသောစိတ်သည် လွမ်းနေသောစိတ်၊လွမ်းသောစိတ်ကို အောင်မြင်မလိုလို၊ရှုံးနိမ့်မလိုလိုဖြစ်နေ .......................။

နေကြာစေ့ခွံများ၊ဖရိုဖရဲထိုင်ခုံများ၊ သုံးရောင်ခြယ်အလံတော်အတွက် ရပ်ခဲ့တဲ့မတ်တပ်၊ လေအေးစက်သိပ်မကောင်းဘူး။ တယ်လီဖုံးသံများကြားရ၊ လူကြီးမင်း ဓာတ်ရှင်သည် ဆက်သွယ်မှု တပ်ဆင်ထားခြင်းမရှိသေးပါသဖြင့် လွမ်းဆွတ်၍မရနိုင်သေးပါရှင်။ ။

စကားမစပ်
ရုံဝင်ခပေးချေခဲ့တဲ့ လက်မှတ်တစ်ပိုင်း
ကျေးဇူးပြုပြီး ပြန်ရနိုင်မလားခင်ဗျာ။ ။

Zephyr

Notes:, by the way, it is not a poem :). It is the flow of mind in fluid.
Juz a form of Art...........!!!