Sunday, February 8, 2015

ဘူတာရုံ ၃၃

လမ်းကျဉ်းလေးထဲကထွက်ပြီး၊
လမ်းမကျယ်ကြီးမတွေ့ခဲ့။

တောင်ထိပ်ပေါ်တက်ပြီး၊
တိမ်တိုက်တွေ မတွေ့ခဲ့၊

ဟိုဟိုဒီဒီ ငေး၊
ဟိုဟိုဒီဒီ သွားရင်း၊
ဟိုဟိုဒီဒီ လွဲချော်နေမြဲ။

ဗျပ်စောင်းလေး လမ်းမှာချပြီး၊
ကြိုးညှိပြန်တော့
သုံးရာသီတေးတွေ၊
ခေါ်သံတွေ၊
ဆာလောင်မှုတွေ၊
လှမ်းခေါ်လို့ မကြားမယ့်အရပ်က
မြူခိုးတွေ၊
ရေမရှိဘဲ
ရေတိမ်နစ်နေတဲ့ ဂီတနဲ့၊
ထမင်းမဝတဲ့ အကြည့်တွေ။

ပြဿနာတွေ မရှိတော့တာမဟုတ်ဘဲ၊
ပြဿနာတွေ ရှိနေတာ သိတဲ့စိတ် မရှိတော့သလိုမျိုးပေါ့။

အရာရာကို
ကြယ်လိုငေးနေရုံနဲ့
ပြည့်စုံသွားစေခဲ့တယ်။

မိသားစု ထမင်းပွဲကလေးကနေ
မိသားစု ထွက်ခွာသွားတဲ့နောက်
ထမင်းပွဲချည်းသက်သက် ကျန်ခဲ့သလို
နေသားကျမှုမျိုးပါပဲ။

ပြည့်စုံမှုဆိုတာ
မလိုအပ်တဲ့အခါ
ခါးသီးစရာ လွဲချော်မှုတစ်ခု။

သိပ်အေးတဲ့ တောင်တန်းပေါ်က
ဖွင့်ဖို့မလိုတော့တဲ့
လေအေးပေးစက်လေးတစ်ခုလို
ချစ်ခြင်းဟာ
အကောင်းအတိုင်း
စက်သေနေခဲ့တာပေါ့။

ကော်ဖီခွက်ဟာ
ကော်ဖီမပါလည်း
ကော်ဖီခွက်တော့ ကော်ဖီခွက်ပေါ့။
သောက်လို့မရတာကလွဲရင်
ဘဝဟာ
ကော်ဖီခွက်ပေါ့။    ။

ဦးဇက်ဖှာ။
ခေတ္တ ၃၃

Saturday, January 31, 2015

ချစ်ခြင်းတရား

ချစ်ခြင်းတရား။

စကားလုံးတွေက
အပေါ်ယံကိစ္စတွေကိုပဲ ဖော်ပြနိုင်တယ်။
စိတ်ရဲ့ အနက်အရှိုင်းက
အပြာရောင်မီးတောက်လေးရဲ့
အေးမြလောင်ကျွမ်းမှုကို
ဘယ်လိုဖွဲ့မလဲ။

စကားလုံးတွက
စကားလုံးတွေပါပဲ။
တစ်ချို့စကားလုံးတွေအတွက်၊
ဘဝကို၊
တစ်ချို့စကားလုံးတွေအတွက်
အသက်ကို
စွန့်ခဲ့ကြပေမယ့်၊
စကားလုံးတွေဟာ
စကားလုံးတွေပါပဲ။

ပညတ်ကနေ
ပရမတ်ကိုသွားတဲ့
ရထားကြီးပေါ်ကနေ
ချစ်ခြင်းတရားကို
ပရမတ်တည့်ဖို့
ထိုင်တွေးနေတဲ့ ခရီးသွားရဲ့
အတွေးမီးခိုးမျှင်တွေကို
ဘယ်လိုချည်မျှင်နဲ့ ရက်လုပ်ကြမလဲ။

လွမ်းဆွတ်ခြင်းဟာ
ဂီတတွေနဲ့ဆုပ်ကိုင်လို့မမိတဲ့အခိုးအငွေ့တွေ၊
တိမ်ထဲမှာ ပေါ်လာတဲ့
သူ့ရဲ့မျက်တောင်လေးတစ်ချောင်းကို
ခင်ဗျား ဘယ်လိုဖွဲ့မလဲ၊
ကျွန်တော် ဘယ်လိုဖွဲ့မလဲ၊

ဓာတုဗေဒပြောင်းလဲမှုတွေရဲ့နောက်ကွယ်မှာ၊
နှလုံးသားအပြည့်လောင်ကျွမ်းနေတဲ့
အပြာရောင်မီးတောက်လေးရဲ့
အေးမြမှုကို
စိတ်နဲ့ပဲတွေးကြည့်ရမှာပဲ။

ဟိုးရှေးရှေးတုန်းက
ကျောင်းသွားဖော်လေး၊
ဟိုးရှေးရှေးတုန်းက
ဘယ်ဖက်လက်ထဲဖွက်ထားမိတဲ့
လက်ဖဝါးလေးတစ်ခုရဲ့
အရေးအကြောင်းတွေဟာ
သမိုင်းတစ်ခု ဆိုကြပါစို့။

နူးညံ့လွန်းတဲ့အချစ်ဟာ
နဂိုနေ အလှရှိတာပါပဲ။
ချစ်ခြင်းတရားဟာ
လူ့ဘဝမှာ
တွေ့ခွင့်မြင်ခွင့်ရတဲ့
အမြင့်မြတ်ဆုံး တရားတစ်ခုပဲ။

အိမ်မက်တစ်ခုရဲ့
တည်ရှိချိန်ဟာ
တဒင်္ဂပေမယ့်၊
အိမ်မက်ထဲမှာတော့
အဖြစ်အပျက်တွေ သိပ်များခဲ့တာပါပဲ။

ငယ်ရွယ်မှု၊
အောင်မြင်မှု၊
ချစ်သူနဲ့
ကြွယ်ဝမှု
ဒီလေးခုဟာ ဘယ်တော့မှ တစ်ပြိုင်နက် ဖြစ်မလာဘူး။

ဘယ်လောက်ပဲ
စနစ်တကျသိမ်းထား၊သိမ်းထား၊
ဒဏ်ရာဟောင်းကတော့
ကောင်းမလာနိုင်ဘူး။

တစ်ချိန်ချိန်မှာ
ဒုက္ခပေးဖို့
စနစ်တကျ
စိတ်ရှည်ရှည်နဲ့
ထိုင်စောင့်နေတတ်တဲ့
အူအတက်ရယ်၊
ကံကြမ္မာရယ်၊
Sniper သမားရယ် မရှိတဲ့ ကမ္ဘာဟာ
ဒီထက်တော့ နည်းနည်း ပိုပျော်ဖို့ ကောင်းလိမ့်မယ်။

ဘာတစ်ခုမှ
နာကျင်မနေတော့အောင်
ထုံသွားခဲ့တဲ့
စိတ်ခံစားချက်တွေဟာ
အရောင်တွေ ဖြစ်လာတာပဲ။

တောင်ဆိတ်အတွက်
 ၈၀ ဒီဂရီမတ်နေတဲ့ တောင်တန်းဟာ
မြေပြန့်ပဲ။
အရောင်တွေဟာ
ပရမတ်တရားဆီ ပြေးဝင်နေတယ်။

ပိရမစ်တွေကို လူတွေမအံ့သြပါဘူး။
လူတွေအံ့သြတာက
အရွယ်အစားပါ။
လူ့စိတ်ဟာ
ခန္ဓာအတွင်းမှာ သေးခဲ့သလောက်
စကြဝဠာအဖြစ် ပြန့်ထွက်လာတော့
အံ့သြကြရတာပါပဲ။

စိတ်ဟာ
စွမ်းအင်တစ်မျိုးပဲ၊
ခန္ဓာထက်ကြီးတဲ့ စိတ်ဟာ
ပိုမြင့်မားတဲ့ ဘက်ကို ပြေးထွက်ဖို့
ခန္ဓာကို စွန့်ထားခဲ့တယ်။

ဒါဟာ
အလွမ်းဇာတ်တစ်ခုပါပဲ။
ပြေးထွက်မှုကို လွမ်းကြတာမဟုတ်ပါဘူး။
ကျန်နေခဲ့ရတဲ့
သေဆုံးခန္ဓာရဲ့ အမှတ်အသားအရ
လွမ်းဆွတ်ကြရတာ။

တေးသံတွေဟာ
တိတ်ဆိတ်မှုရဲ့စပေ့စ်ကို
အလှဆုံးဖော်ပြနေတာ။
ချစ်ခြင်းတရားဟာ
ရှင်သန်မှုရဲ့စပေ့စ်ကို ဖော်ပြနေတာ။

စွမ်းအင်ဟာ ပြိုကွဲမှုမရှိဘူးဆိုရင်
ချစ်ခြင်းဟာ ပြောင်းလဲသွားတဲ့ စွမ်းအင်တစ်ခုပါပဲ။
ဒီစွမ်းအင်နဲ့
စကြဝဠာအသစ်တစ်ခုကို
ဖွင့်ယူကြတယ်။
ပန်းပွင့်တစ်ပွင့်ကို
ဖွင့်ယူကြတယ်။
ပန်းရနံ့ဟာ
လွမ်းဆွတ်စိတ်ရဲ့
ပြောင်းလဲစွမ်းအင်။

စကြဝဠာဟာ
စိတ်ဒဏ်ရာရှိသလောက်
ပြန့်ကားထွက်နေတယ်။

ချစ်ခြင်းတရားဟာ
ကြယ်တွေကို
လောင်ကျွမ်းသွားစေတဲ့ ကျိန်စာဆန်တဲ့
စွမ်းအင်များပါပဲ။

တခါတလေ
လွမ်းဆွတ်နေတာမဟုတ်ဘူး။
စကြဝဠာထဲ
တွင်းနက်အသစ်ပေါ်နေတာ။        ။


Zephyr
==============================



Wednesday, December 31, 2014

ကြည့်မိတဲ့ရုပ်ရှင်များ - theory of everything

အရာအားလုံးအတွက် သီအိုရီ

သိပ်မြင့်မားတဲ့ ရည်မှန်းချက်တွေနဲ့
ရူပဗေဒကျောင်းသားလေးတစ်ယောက်ရဲ့ဘဝ။

ချစ်သူကိုတွေ့ရှိတယ်။
အချိန်ရဲ့ ကနဦးကို ရှာဖွေတယ်။
မဟာပေါက်ကွဲမှုကြီး မတိုင်ခင်က
တွင်းနက်ကြီးထဲပိတ်မိသွားတဲ့
အလင်းအကြောင်းကို သူတွေးတယ်။

ချစ်တဲ့သူအကြောင်းကိုတွေးတယ်။
မျှော်လင့်ချက် တလှေကြီးနဲ့
စကြဝဠာကြီးကို တွေးခေါ်နေတယ်။

ထင်မှတ်မထားတဲ့ထောင့်ချိုးကနေ
မော်တာနျူရုန်းရောဂါက ရောက်လာတယ်။

ဦးနှောက်ကလွဲရင်
ကြွက်သားတွေ သေကုန်မတဲ့။
ခန့်မှန်းခြေ နေထိုင်ခွင့် ၂ နှစ်တဲ့။
မျှော်လင့်ချက် အကြီးကြီးနဲ့  ပီအိတ်ခ်ျဒီ ကျောင်းသားတစ်ယောက်
နာကျင်နေတယ်။

ချစ်သူနဲ့ခွဲရမယ်ဆိုတဲ့အသိဟာ
ခေတ်အဆက်ဆက် နာကျင်စရာ အကောင်းဆုံး အတွေးတစ်ခုမဟုတ်လား။

ရဲရင့်တဲ့ ချစ်သူက
နှစ်နှစ်တာ ရှင်သန်ခွင့်ထဲမှာ
လိုအပ်ချက်တိုင်းကို အချစ်နဲ့ဖြည့်မယ်ဆိုပြီး လက်ထပ်လိုက်တယ်။

တဖြည်းဖြည်း ယိုယွင်းလာတဲ့ ကြွက်သားတွေနဲ့ပဲ
ရူပဗေဒရဲ့ ဥသျှောင် ဖြစ်လာတယ်။
ယိုယွင်းလာတဲ့ ကြွက်သားတွေနဲ့ပဲ
ကလေးသုံးယောက်အဖေဖြစ်လာတယ်။

နှစ်နှစ်အတွက် ပေးဆပ်နိုင်ပေမယ့်
နှစ်တွေကြာလာတော့
ဇနီးသည်က အပြောင်းအလဲလိုချင်လာတယ်။
အချစ်ဟာ
မေတ္တာတရားလို
ရေရှည်မခံဘူးပဲ။

အချိန်ဟာ
လောကကြီးကို သိပ်ခြယ်လှယ်တာပဲ။
ချစ်တဲ့သူတွေ လမ်းခွဲကြ၊
ချစ်တဲ့သူတွေ ပေါင်းဆုံကြ၊
ချစ်တဲ့သူတွေ ဝေးကွာသွားကြ၊
တစ်ချို့တွေ တွင်းနက်ထဲကျ။

အချိန်ဟာ စကြဝဠာရဲ့ တစ်နေရာမှာ စတင်ခဲ့၊
ဖွံ့ဖြိုးတိုးတက်လာခဲ့။

နာကျင်စရာတွေကို
မေ့သွားဖို့လည်း အချိန်လိုအပ်တာပဲ၊
အချိန်ရဲ့ သမိုင်းအကျဉ်းစာအုပ်ကို
လှုပ်နိုင်တဲ့ လက်ချောင်းလေးနဲ့ ရေးသားသွားခဲ့တယ်။

သူ အခုအထိ ရှင်သန်နေတုန်းပဲ။
အခုအထိ အလုပ်လုပ်နေတုန်း၊
ခုနစ်ဆယ်ကျော်ပြီ .....
သူ့ရဲ့ အကြောင်းကို သူပြန်ကြည့်ရင်း
တစ်ချို့နေရာတွေမှာ
သူ့ကိုယ်သူ ပြန်မြင်နေရသလိုပဲပြောတယ်။

သူ့ရဲ့စကားပြောစက်ကို
ရုပ်ရှင်ရိုက်တဲ့သူတွေကို
ပေးသုံးလိုက်သေးတယ်။

အခုတော့
မြေးကလေးတွေရဲ့ အဖိုးဖြစ်နေပြီ။
လောကကြီးကို
ဘီးတပ်ကုလားထိုင်ပေါ်မှာထိုင်ရင်း
ခြယ်လှယ်သွားနိုင်တဲ့
ပါရမီရှင်ကြီးတစ်ယောက်ရဲ့ ဘဝဟာ
တွေးချင်စရာ၊
ငေးချင်စရာ။

သူသည်
အချစ်ကိုတွေ့ရှိခဲ့ပြီး၊
အချစ်ကိုယ်တိုင်ဟာ
အချိန်ရဲ့ ခြယ်လှယ်မှုမှာ
ကျဆုံးသွားတာကို
ကိုယ်တိုင်ကြုံခဲ့သူတစ်ဦးပါပဲ။

စကြဝဠာထဲမှာ
ရှင်သန်နေရတာကိုက အလွမ်းဇာတ်ပါပဲ။        ။

With Peace,
Zephyr

ကြည့်မိတဲ့ရုပ်ရှင်များ - Night Crawler

သူခိုးတစ်ယောက်
သတင်းထောက်အလုပ် ဝါသနာပါသွားတော့
စက်ဘီးခိုးရောင်းပြီး ကင်မရာ တစ်လုံးဝယ်လိုက်တယ်။

အောင်မြင်ဖို့ဘာမဆို လုပ်မယ်ဆိုတဲ့ စိတ်ကူးဟာ
ကြောက်စရာ။

အနိဌာရုံကိုမှ
သတင်းထင်တဲ့ကမ္ဘာကြီးမှာ ....
လူဟာ သတင်းကို ဆာလောင်လာကြတယ်။
အဝေးက လှမ်းမြင်ရတဲ့
ကြောက်စရာကမ္ဘာကြီးမှာ
အန္တရာယ်ကင်းနေတဲ့ ခံစားချက်ကို
ကြိုက်လာကြတာပဲ။

အောင်မြင်လာတဲ့
ညသတင်းထောက်ဟာ
ပါးနပ်သထက် ပါးနပ်လာတယ်။

သူ့ကိုယ်သူ မြှင့်တင်တယ်။
တခြားသူတွေကို နင်းတက်တယ်။
အခွင့်အရေးသမားဖြစ်လာတယ်။

စွန့်စားပြီး ရိုက်ကူးတယ်။
ကင်မရာနှစ်လုံးနဲ့ ရိုက်ကူးတယ်။
အခင်းဖြစ်ပွားရာကို
ရဲတွေထက် အရင်ရောက်အောင်သွားတယ်။

သတင်းအတွက်
ဘာမဆို လုပ်မယ် ဖြစ်လာတယ်။

နောက်ဆုံး
လွတ်နေတဲ့ လူသတ်သမားတွေကို
လိုက်ရှာပြီး
ဖြစ်ရပ်မှန်သတင်းတစ်ပုဒ်လုပ်ဖို့
အကွက်ကျကျ စီစဉ်တယ်။

လစာတိုးတောင်းတဲ့
လက်တိုလက်တောင်း ကောင်လေးကို
သူ့ သတင်းတစ်ပုဒ်အတွက် စတေးပစ်လိုက်တယ်။

တကယ့်ကိုကြောက်စရာ
လူ့သဘာဝကြီး။

၂၀၁၄ မှာ တုန်လှုပ်သွားစေတဲ့
ရှားရှားပါးပါး ဇာတ်ကားလေးတစ်ကား ဖြစ်သလို၊
အလွန်နာကျင်စရာကောင်းတဲ့၊
လူသားတစ်ယောက်ရဲ့  အသိဥာဏ်ကို အလွဲသုံးစားလုပ်မှု တစ်ခုပါပဲ။
တုန်လှုပ်သွားမိပါတယ်။          ။


With Peace,
Zephyr

၂၀၁၄ ရဲ့ မကြည့်မဖြစ်ဇာတ်ကားထဲကို ထည့်လိုက်ပါတယ်။

Monday, December 29, 2014

ကြည့်မိတဲ့ရုပ်ရှင်များ - How to Train Your Dragon 2

ပထမကားမှာ Hiccup ခြေထောက်ပြတ်တယ်။
(သူရဲကောင်းဟာ ခြေလက်တွေ ပြတ်တတ်ကြောင်း Star Wars က သင်ကြားပေးခဲ့ပါပြီ)

ဒုတိယကားတွေဟာ
 ပထမကားတွေကို
လိုက်မမီကြောင်း သက်သေပြဖို့
 ခေတ်အဆက်ဆက် ကြိုးစားခဲ့ကြပါတယ်။

Hiccup အဖေ Stoick သီချင်းဆိုတဲ့အခန်း၊
Toothless အသိစိတ်ပျောက်သွားတဲ့အခန်း ဇာတ်ရှိန်မြင့်တယ်။

Toothless ကို Valka က upgrade လုပ်တဲ့အခန်း ရယ်ရတယ်။

Valka ပြောတဲ့ Some of us were just born different ဆိုတာလေးတော့ကြိုက်တယ်။ တစ်ချို့ဟာ မွေးကတည်းက လူများနဲ့မတူဘူးဖြစ်နေတာတဲ့။

toothless ဟာ နဂါးတွေရဲ့ ဘုရားဖြစ်သွားတာပါပဲ။
Aplha Dragon ဟာ နဂါးတွေရဲ့ ဘုရားပါပဲ။

နဂါးတွေရဲ့ ဘုရားဟာ လူတစ်ယောက်ရဲ့ မိတ်ဆွေ ဆက်ဖြစ်နေဖို့ ခက်မယ်ထင်တယ်။
ပျော်ပျော်နေတတ်တဲ့ နဂါးလေးကို ဘုရားဖြစ်သွားတဲ့ နဂါးလေးထက် ပိုချစ်တယ်။       ။

ကြည့်မိတဲ့ရုပ်ရှင်များ - Maleficent

အချစ်ကြီးရင်
အမျက်ကြီးတယ်။

အချစ်ဟာ
ကမ္ဘာမှာ ပြဿနာ အများဆုံးရှာခဲ့တာပါပဲ။

ကျိန်စာများဟာ
ပြန်ဖြေဖို့ ခက်ခဲတဲ့အကြောင်း၊
ချစ်ခြင်းတရားကို မေ့သွားဖို့ဟာ
အလားတူခက်ခဲကြောင်း
ကျနော်တို့ နားလည်ခဲ့ကြတာပါပဲ။

နတ်မိမယ်ကြီးလဲ ပုံပြင်ထဲကလောက် မဆိုးတော့ပါဘူး။

ဘုရင်ဖြစ်ဖို့အတွက်
ချစ်သူကို စွန့်တဲ့သူတွေ ရှိခဲ့ဖူးတဲ့ ကမ္ဘာမှာ .....
ချစ်ခြင်းတရားကို ဈေးတွက် မတွက် ဖို့ အရေးကြီးလာပြီ။

ကြည့်မိတဲ့ရုပ်ရှင်များ - Edge of Tomorrow

2011 က source code ကို ပြန်သတိရစရာ။
သတ်လို့မသေနိုင်တဲ့ ရန်သူတွေ။
ထပ်ပြန်တလဲလဲဖြစ်နေတဲ့ သံသရာတွေ။
ခရီးသွားချင်း ချစ်ကြ၊
ခရီးသွားချင်း မေ့ခဲ့ကြ။
ဒီဘဝကို Déjà vu တစ်ခုလို
ဖြတ်သန်းကြ။              ။