Sunday, November 22, 2009

ငွေအကြောင်းပြောသူများ ...


ငွေအကြောင်းပြောသူများ ...

အဲဒါကငွေတဲ့ ...
ကျောက်တုံးဝိုင်းကြီးကို ငွေ ..
လှတပတ အရာလေးတွေကို ငွေ ..
သတ္တုတွေကို ငွေ ...
စက္ကူတွေကို ငွေ ...
ဘဏ်ချက်လက်မှတ်ကို ငွေ ...
နောက်တော့ စတော့ရှယ်ရာကို ငွေ ...။

ပျော်ရွှင်မှုကိုငွေ ..
ခံစားချက်ကိုငွေ ...
မိသားစုဘ၀ကိုငွေ ...
ဂုဏ်သိက္ခာကိုငွေ ...
နောက်တော့ မျိုးချစ်စိတ်ကို ငွေ ..။

ရောဂါကို ငွေ ..
ဇရာကို ငွေ ..
မရဏကို ငွေ ..။

တစ်ယောက်အပြုံးကလည်း ငွေ ..
တစ်ယောက်ခင်မင်မှုကလည်း ငွေ ...
ကိုယ်ချင်းစာမှုကလည်း ငွေ ...
ပွေ့ဖက်မှုကလည်း ငွေ ...
အရိပ်အာဝါသကလည်း ငွေ ...။

ဒီငွေနဲ့ ...
လောကုတ္တရာကိုးပါးကလွဲရင်
အားလုံးဝယ်လို့ရတယ် ...။ ။

ခင်မင်စွာဖြင့်
Zephyr

Notes: ကဗျာလေးကိုရေးတဲ့အချိန်မှာ ငွေရှာနေတာ တစ်နှစ်လောက်ပဲရှိပါသေးတယ် ...။ အခုတော့ နှစ်နှစ်ပြည့်ခါနီးပါပြီ ...။ တစ်သက်လုံးကျောင်းတက်လာတဲ့လူတွေအတွက် ငွေရှာရတာဟာ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှုပါပဲ ....။ ကျောင်းဆရာဖြစ်ချင်တာ မဖြစ်တဲ့အတွက်လည်း ဖြစ်ချင်တာ မဖြစ်ခဲ့ဘူးလို့ ပြောလို့ရပါတယ် ...။ အလုပ်မှာပျော်ပေမယ့် .. ကိုယ့် အစွမ်းအစကို အပြည့်အ၀ သုံးရတယ်လို့ မထင်ပါဘူး။ ကိုယ်လုပ်နေတဲ့ အလုပ်က ငွေရဖို့ထက်ပိုပြီး အဓိပ္ပာယ်ရှိရမယ်လို့ ခံစားမိပါတယ် ...။ အလုပ်မှာ ပေးလိုက်ရတဲ့ဘ၀အတွက် ငွေတစ်ခုတည်းပြန်ရရင်တန်တယ်လို့မထင်ပါဘူး ....။ ငွေကြေးရဲ့လိုတာထက်ပိုပြီးအရာရောက်နေတာကို မခံစားနိုင်လို့ရေးတဲ့ကဗျာမို့လို့ ... ဒီကဗျာဟာ အားလုံးနဲ့သက်ဆိုင်တဲ့ အမှတ်တရ တစ်ခုဖြစ်ပါလိမ့်မယ် ...။

9 comments:

MANORHARY said...

money is the second god of the world တဲ့။
ခုတော့ လူတွေက သူ့ကို GOD နေရာတောင်ပို့လိုက်ပြီလားမှတ်ရတယ်
ရပ်တည်ရှင်သန်မှုအတွက် လုံလောက်တဲ့အတိုင်းအတာကလွဲရင်
အပိုမရှာချင်တာအမှန်ပါပဲ ... လောဘ နည်းတယ်ပဲဆိုဆို ...

Anonymous said...

ရှာတော့ရှာတယ်
ရှာသလောက်လဲမလောက်ဘူး.
မရှာနိုင်တုန်းကလဲ
မလောက်ခဲ့ဘူး...

မရှိတုန်းကလဲ
မရှိလို့စိတ်ညစ်ခဲ့ရတယ်.
နဲနဲရှိပြန်တော့လဲ
နဲနဲစိတ်ညစ်ရတယ်..

အများကြီးရှိလာခဲ့ရင်ရော...
လုံးဝမရှိရင်ရော....



ခင်မင်စွာဖြင့်
ပြည်သစ်တည်

အိန္ဒြာ said...

ငွေ ဈေးကျနေတာတော့ စိတ်ညစ်တယ်။

Zephyr said...

မဒါ .. အနာဟောင်းကို သံတူရွင်းနဲ့လာကော်နေပါလား ...။
မြန်မာနိုင်ငံကြီး ကြီးပွားနေတာ ဂုဏ်ယူလိုက်စမ်းပါ ....
1SGD = 200 kyats ဆိုရင် ရန်ကုန်မှာ ပြန်တွေ့ကြတာပေါ့ ....။
ပလာတာဆိုင်ဖွင့်မယ်လို့ စိတ်ကူးထားတယ် ...။

ကြုံတဲ့အခါ လာစားပါ ...။
ဗိုလ်တထောင် ဘုရားရှေ့တင် ဖွင့်မှာ ...။
ဘုရားဖူးရင်း ပလာတာ စားရင်းလာခဲ့ကြပါဦး ...။

မောင်မယ်အတူ တောင်ဘက်မုခ်မှာ ... လှေကားထစ်တွေ တက်ရင်းနဲ့အတူ .... ဆိုတဲ့ သီချင်းလေး ဆိုပြီး နှစ်ယောက် စလုံး ပလာတာဆိုင်ကို ပြေးဝင်လာပေါ့ ...။ အဲဒီ scene လေးကို ပလာတာဆိုင်ကြော်ငြာမှာ ထည့်သုံးလိုက်ရင် ပေါက်သွားမှာ ...။

ပလာတာ Menu ကိုတော့ ဆရာကျောင်း အပ်ရမလား၊ ဒီဇိုင်း ကိုမျိုးကျော်အပ်ရမလား၊ အပေါ်မှာ ကွန်မန့်လာရေးသွားတဲ့ ...ဒီဇိုင်နာကိုပဲ အပ်ရမလား စဉ်းစားနေတုန်း ...။

ပလာတာကို ကဗျာရေးထားတဲ့ စက္ကူလေးတွေနဲ့ ထုပ်ပေးမှာဖြစ်တဲ့အတွက် ... ပိုပြီး creative ဖြစ်တာပေါ့...။

ဆရာသစ္စာနီ ကဗျာနဲ့ ပလာတာဆို ဈေးကြီးမယ် ...။
ဆရာ သစ္စာပိုင်စိုး ကဗျာနဲ့အီကော်နော်မစ် ပလာတာဆိုပြီး လုပ်ရောင်းဖို့လည်းတွေးထားတယ်။
ဆရာသုခမိန်လှိုင်ကဗျာနဲ့ ပဲပလာတာဆို ပိုအရသာရှိမယ် ...။
K.ဇော်နဲ့နေမျိုး ကြက်ဥပလာတာဆိုလည်း လူကြိုက်များလာမယ်။
တာရာမင်းဝေ ကီးမားပလာတာ ဆိုရင် မော်ဒန်လူငယ်တွေ ကြိုက်လောက်တယ်။

....
။ ။

Eaindra said...

ဒါပေါ့ဇက်ရေ..

ရရှိနေသလားဆုံးရှုံးနေသလားကိုယ့်ကိုယ်ကိုမကွဲပြားတော့တဲ့ အခြေအနေတစ်မျိုးပါ..။

ရရှိတဲ့ ငွေကြေးနဲ့ရင်းနှီးရတဲ့ စိတ်အရင်းအနှီးကလဲ မတန်တဆလိုခံစားနေမိရပြန်တယ်..။

အခြေအနေတစ်ခုခုက အရောက်ပို့ခဲ့တဲ့ အခြေအနေတစ်ခုပေါ့..။

ရခဲ့တဲ့ အရင်းအနှီးကတော့ တော်တော်တန်ကြေးကြီးကြီးထဲကပဲ...။
အဲဒါကို လက်တွေ့ကိုယ်တိုင် ကိုယ်ကျခံစားနေရသူတွေ ထပ်တူထပ်မျှသိရှိနားလည်နိုင်ကြပါတယ်လေ..။

ပေါ့ပေါ့ပါးပါး ငွေဈေးကျနေတာစိတ်ညစ်တယ်လို့ ဖေါ့ပစ်လိုက်ရတယ်...။

အင်းးးးးးးးး

ပလာတာတော့မစားပါရစေနဲ့ ဇက်ရယ်

Nyi Nyi said...

ပြောနေရတုန်းပဲ...သူ့အကြောင်း.. အင်း... ငွေ..ငွေ..ငွေ

Anonymous said...

ငွေဈေးကျလို့စိတ်ညစ်နေသူတွေကြား
ငွေဈေးကျလို့ပျော်နေသူလည်းရှိကြောင်း
အကြောင်းကြားအပ်ပါသည်။း))
မနော်ဟရီ

WWKM said...

ဟုတ်တယ်.. အစ်မလည်းငွေအကြောင်း ကဗျာလေး စိတ်ကူးပေါက်ပေါက်နဲ့
ရေးချဘူးလိုက်သေးတယ်..း)
လင်မယားစကားများတာငွေ.
လင်မယားပြန်ချစ်တာလည်း ငွေ.. ဟတ်ဟတ်.

ဇက် ဘလော့ဂ်ကို ဒီနေ့မှပဲ ထူးထူးခြားခြားဝင်လို့ရဘူးတော့တယ်.

Unknown said...

ငွေက တန်ခိုးတော့ ကြီးတယ်ညီလေးရေ။
မိန်းမယူခါစတုန်းက ဘာသာမတူလို့ ဘာသာရေးကြောင့် ရန်ဖြစ်ရမလား အောင့်မေ့ပါတယ် စကားများလိုက်ကြရင် ပိုက်ဆံကြောင့်ကြီးပဲ။
ဘာသာရေးက ဘယ်ရောက်သွားမှန်း မသိဘူး။ဟားဟား။

မြန်မာ့ငွေတန်ဖိုးတက်တာတောင် မပျော်နိုင်တော့တဲ့ ငါတို့ဘ၀က ဆိုးပါတယ်။