Thursday, March 24, 2011

မပြောဖြစ်သောစကားများ

မပြောဖြစ်သောစကားများ

မသိဘူး။
ဝမ်းနည်းတဲ့အခါ
ဘာလုပ်ရမှန်းမသိဘူး။

ကမ္ဘာဦးလူ
အစာရှာထွက်သလို
မိုးထဲရေထဲ၊
ဆန္ဒတစ်ခုထဲ၊
တင်းပုတ်တစ်ခုထဲ၊
ခြေဗလာနဲ့ထွက်ခဲ့တယ်။

လောကမှာ
ဘယ်သူမှ
အမိမခံချင်ဘူး၊
သားကောင်/မုဆိုး
တစ်လှည့်စီပြေးတယ်။

မုဆိုးဟာ
ပန်းပွင့်ကိုအာရုံမပြုဘူး။
လှပတဲ့ရေစက်လေး
သူ့ပခုံးစွန်းမှာနားလည်း
စိတ်မချမ်းသာဘူး။
ဆာလောင်မှု
အဲဒီ ဆာလောင်မှုရဲ့အော်သံ
သူ့စိတ်ထဲ တောခြောက်နေတယ်။

တိုးတိုးလေးတွားသွားတယ်။
အသံမမြည်အောင်ချဉ်းကပ်တယ်။
နို့တိုက်နေတဲ့သမင်လေး ဆီသို့။

ကမ္ဘာဦးကမုဆိုး
သမင်တစ်ကောင်ရခဲ့တယ်ဆိုပါတော့။
အခုအခါမှာဝမ်းနည်းမဆုံးတော့ဘူး။

ဒီလိုပါပဲ၊
မိုးထဲရေထဲ၊
အဆင့်ဆင့်ဖွံဖြိုးလာတဲ့မုဆိုး၊
အစာငတ်ခံ နာကျင်ရင်း
မိုးရေစက်တွေကို ငေးကြည့်နေရှာတယ်။

တစ်နေ့
သမင်မိသားစု
အစာရှာထွက်လာတဲ့အခါ
(ပြုံးသေ သေခဲ့တဲ့)
မုဆိုးအရိုးကို နင်းမိတော့
မိုးရနံ့ကို ရကြတယ်။ ။

Zephyr

No comments: