Monday, February 22, 2010

လွတ်ထွက်သွားမှပဲရလိုက်တယ်။

လွတ်ထွက်သွားမှပဲရလိုက်တယ်။

အဲဒီအကြည့်တစ်ချက်ကနေစတွေ့တာပါပဲ ...။
သေပြီဆရာလို့ အခါ တစ်ထောင့်လေးရာကိုးဆယ့်ကိုး ...
ငါ့နှလုံးသားလည်းမရိုးတော့ဘူး။

သမုဒယပစ္စယာဆိုရင်တောင် မင်းကို ငါချစ်မှာပါပဲ။
သံသရာ ဆက်လည်စေတဲ့အကြည့်တွေမရုတ်သိမ်းလိုက်ပါနဲ့ ....
လက်ကျန်ဝိုင်တွေခါးစေတဲ့အကြည့် ...ဒါထက်စကားမစပ် ... မင်းချီထားတာ မင်းရဲ့သမီးလေးမဟုတ်လား။
ပုဒ်မနှစ်ချောင်းချထားတဲ့သက်ပြင်းကို မင်းမမှုတ်ထုတ်လိုက်ဘူးမဟုတ်လား .... ။
အို ... မာတုဂါမ .... သင့်စိတ်ကို သက်သာအောင်ထားလော့။

ဒါနဲ့ပဲ လမ်းလျှောက်ထွက်လာတယ်။
ပန်းပွင့်တွေနဲ့ ပိုက်ကွန်ရက်ပြီး သစ်သီးကို ဖမ်းဆီးကြမလို့တဲ့ ....
အင်းဆက်တွေမပါတဲ့လောကမှာ နေထိုင်သီတင်းသုံးမယ့် တစ်ချိန်ကလိပ်ပြာတွေ  ...
ငါ့နားကို ငါမယုံဘူး ...။
အင်းလေ ... ငါ့မျက်စိကို ငါမယုံသလိုပါပဲ ...။

လူဝတ်ကြောင်ဘ၀ကို
လူကြောင်ဝတ်နေရတာ ခက်တယ်။
သင်္ကန်းအရေခြုံရတာလည်း အိုက်စပ်အပ် ....။
ဒီလိုနဲ့ တောတန်းလေးမှာ မျိုးမည်မသိ အရည၀ါသီ ဆန်ခဲ့တယ်။

စမ်းချောင်းက ကွေ့ပတ်ခေါ်ငင်လာတဲ့
သန့်စင်မှုထဲမှာ ..
ငါ့စိတ်ကို ငါ ပြန်ရှာတယ်။
တိမ်တွေသယ်လာတဲ့
အပြာရောင်ဖျော့ဖျော့ ရေခဲလေတွေကြားမှာ ..
ငါ့စိတ်ကို ငါပြန်ရှာတယ်။
ကြွေဆဲအခိုက် သစ်ရွက်လေးတစ်ရွက်ရဲ့ သံဝေဂ ပိုဒ်စုံ ရတု တစ်ပုဒ်မှာ ..
ငါ့စိတ်ကို ငါပြန်ရှာတယ် ....။
နေ့တွေညတွေကို သတိမပြုတဲ့အတွက် ...
ငါဟာ အချိန်ကာလနဲ့ ရန်မဖြစ်ဘူး ....
သဘာဝတရားနံရံထဲ အမြစ်စွဲဖို့ ကြိုးစားနေတဲ့နွယ်ပင်လို ....
ငါစိတ်တွေ မာကျောကျစ်လျစ် အသင့်ဖြစ်နေခဲ့တယ်။

ဒါအကုန်ပဲလား ...နေ့တိုင်းငါမေးနေတဲ့စကား ... ဘုရားအဆူဆူကြားသင့်တယ်။
ဒါပဲလား ... ဘ၀ဆိုတာ ဒီလောက်လေးပဲလား။
ဒီလောက်လေးပဲလား .... ဒီလောက်လေးပဲလား .....။
နောက်ဆုံး သိလိုက်ရတာက ဘာမှလည်းမဟုတ်ပါလား ဆိုတာလေးတစ်ခုပါပဲ ....။

လူဝတ်ကြောင်ဘ၀ကို ငါပြန်ရောက်ပြီ။
အားလုံးဟာ အသစ်ပဲ ...။
ကလေးတစ်ယောက်ရဲ့ ရယ်သံဟာအသစ် ...
တိုက်ခတ်နေတဲ့ လေပြည်ဟာ အသစ် ....
ကုန်ကုန်ပြောရင် ... မင်း ချလိုက်တဲ့ သက်ပြင်းတစ်ခုဟာလည်း အသစ်ပဲ .....။

အို ... မာတုဂါမ .... သင့်စိတ်ကို သက်သာအောင်ထားလော့။       ။

Zephyr 
29th December 2009


Notes:

ဒီကဗျာလေးက အေးရိပ်ထဲရောက်နေတဲ့အခါ နွေလည်နေ့လေးတစ်ခုကို ပြန်တွေးမိသလို ခံစားဖြစ်တဲ့အချိန်ကရေးထားးတာပါ။ တစ်ချို့တွေက အေးချမ်းပြီး တိတ်ဆိတ်တဲ့ဘက်ကို တိုးဝင်သွားတယ်။ တစ်ချို့တွေက ဆူညံစီဝေတဲ့ လောကလေးထဲကို ခြေစုံပစ်ဝင်သွားတယ်။ ဘယ်သူမှမမှားပါဘူး ....  ကိုယ့်ရဲ့ philosophy of life အတိုင်းဆက်လက်နေထိုင်သွားကြတယ်။ ပထမတစ်ခေါက် တွေ့လိုက်တဲ့အခါမှာ တစ်ယောက်က နောက်တစ်ယောက်အတွက် သက်ပြင်းချတယ်။ နောက်အချိန်တွေကြာသွားတဲ့အခါမှာ ... တစ်ယောက်က တစ်ယောက်အတွက် မေတ္တာပို့ပြီး တစ်ယောက်ကို တစ်ယောက် လေးလေးစားစား ခင်ခင်မင်မင် ... ရှိနေကြတယ်။ ... ဘ၀ဟာ သိပ်တိုတောင်းလွန်းတဲ့အတွက် မတော်တဆတွေအားလုံးအတွက် ... တစ်ယောက်ကို တစ်ယောက်ခွင့်လွှတ်လိုက်ကြတယ်။ .... တစ်ယောက်ရဲ့ လမ်းမှာ တစ်ယောက်က ဆူးတွေဖယ်ပေးခဲ့ပြီး တစ်ယောက်ရဲ့ မျက်ရည်မှာ တစ်ယောက်က အအေးဓာတ်ဖြည့်ပေးခဲ့ကြတယ်။ ....မြင့်မြတ်သော ခင်မင်မှုများစွာအတွက် ကျေးဇူးတင်နေမိပါတယ်။

......................................................................................................
Comment of Mom,

အို ဒကာလေး စိတ်ခိုင်ခိုင်ထားလော့
mnhy

Tuesday, January 12, 2010

မနေ့ကအကြောင်း ...

မနေ့က ...
ရွှေဖြစ်နေတဲ့ Midas အိမ်မက်တွေတွေ့တယ် ...
ကရုဏာ သီတလ ဟဒယံ အစချီတဲ့ .... တိမ်ကလေးတွေ ဖြတ်သွားတာတွေ့တယ် ...
ကဗျာတစ်ပုဒ်ရဲ့ မြစ်ဖျားခံရာဒေသကိုလည်းတွေ့တယ် ....
အမှောင်ထဲမှာ ရပ်တန့်စောင့်ဆိုင်းနေတဲ့ သစ်ကိုင်း ရဲ့ စိတ်ရှည်တဲ့ အသက်ရှူသံကိုတွေ့တယ် ...
စစ်ပွဲတွေစတင်ရာအကြောင်းတရားမဲ့မှုကို တွေ့တယ် ....
ပတ်စာခွာ ဖျာလိပ် .. ငြိမ်းချမ်းရေးရဲ့ အသံတိတ်နေတာကိုလည်း တွေ့တယ် ....။


မနေ့က ...
အသက်ရှူရတာကိုမေ့တယ် ...။
လူတွေရဲ့ လောက၀တ်ကို မေ့တယ် ....။
ဖြောင့်တန်းစွာ ဆက်လက် ခရီးမဆက်နိုင်တော့တဲ့ အလင်းတန်းကို မေ့တယ် ...။
လူတွေဝိုင်းဝန်းပစ်ချထားတဲ့ သက်ပြင်းချသံရဲ့ dB (decibel) ကိုမေ့တယ် ...။
ကတိက၀တ်ကိုမေ့တယ် ...။
ဘဏ်ငွေလက်ကျန်ကိုမေ့တယ် ...။
မိဘကျေးဇူးကိုမေ့တယ် ...။
လေထုထဲ အောက်ဆီဂျင်ဆက်လက်ပါဝင်နှုန်းကို မေ့တယ် ...။


မနေ့က ...
လက်ပံပွင့်ချိန် မရူးသေးတဲ့ခွေး အဖော်မဲ့တဲ့အကြောင်းတွေးတယ် ။
မပွင့်သေးတဲ့ ပန်းတစ်ပွင့်ရဲ့ရနံ့အကြောင်းတွေးတယ် ...။
မတည့်အတူနေတဲ့ ရုပ်နဲ့နာမ်အကြောင်းတွေးတယ် ...။
ခရမ်းရောင် အပြည့်သိပ်ထည့်ထားတဲ့ မိုးပျံပူဖောင်းတစ်ခုအကြောင်းတွေးတယ် ...။
စကြ၀ဠာထဲ ပစ်လွှတ်လိုက်တဲ့ ဘူမာရင်း အကြောင်းတွေးတယ် ...။


မနေ့က ...
ဇီဝနာရီ သဲတွေနည်းလာတာကို ပျော်ရွှင်တယ်။
စကားလုံးခွဲခြမ်းစိတ်ဖြာထားတဲ့ကဗျာဖတ်ရတာပျော်ရွှင်တယ်။


မနေ့က
သက်တစ်ရာတမ်းကို မနေ့ကဟုယူဆပါ ... ဆိုတဲ့ စာတစ်ကြောင်း ကဗျာအစမှာ အရင်ရေးဖို့ မေ့ခဲ့တယ်။ ။

Zephyr
နိုဝင်ဘာ ၂၁၊ ၂၀၀၉


Comments :

မနေ့က
အဖြူရောင်စစ်စစ်မေတ္တာတရားကို တွေ့ရှိခဲ့တယ်
မနေ့က
တရားသဘောနဲ့ ခွဲခွာခဲ့တဲ့ လမ်းတွေကို ပြန်လှည့်ကြည့်မိတယ်
မနေ့က
ဗျာဒိတ်တော်အရ စတင်ခဲ့တဲ့ ဆုံမှတ်တစ်ခုအကြောင်း စဉ်းစားမိတယ်
မနေ့က…
……………
မနေ့က……….
………….
မနေ့က……..
အရာအားလုံးက ဒီနေ့နဲ့သိပ်ကွာခြားနေခဲ့ပြီး ထပ်တူလည်းကျနေခဲ့တယ်။
.............................

မနော်ဟရီ

Sunday, December 13, 2009

((( (( ((((အမေ ...))) )) )))

((( (( ((((အမေ ...))) )) )))
အဲဒီ
စကားလုံး
ရဲ့
တည်နေရာ၊ နယ်နိမိတ်၊ အကျယ်အ၀န်း
ဟာ ..
နှလုံးသားတစ်ခု
အခြေချနေထိုင်ဖို့လုံလောက်ရုံ
ထက်ပို
လျှံ
လိမ့်မယ်။

အမိမဲ့ဆိုတဲ့
ဆင်းရဲသားရပ်ကွက်
တစ်ခု
မိုးခေါင်
ရေရှား ...
ဖြေဆည်ရာ
ရှား၊
မေတ္တာ
ရှား ....
အမေ့အပြုံးတွေလည်းရှား
ခဲ့
တယ် .....။

ပန်းမပွင့်နိုင်
တဲ့
ဆာ
ဟာ
ရ
ဝတ်ရုံနဲ့ ...
အမှောင်တွေ
အပြည့်ဖမ်းမိထားမိသူ ...
ရေတွင်းပျက်ထဲ
ခြေချော်လက်ချော်ကျတဲ့သစ်
ရွက်လို ...
လရောင်ကလွဲရင် ဘာကိုမျှော်
နေဦးမှာလဲ .....။

အလင်းကို
ချိန်တွယ်ရောင်းချ
တဲ့
အရှေ့အရပ်ကို
ကျော
ခိုင်း
နာကျင်နေရတယ် ။
ကိုယ့်အရိပ်ထဲ
ကိုယ်
သေမိန့်ကျနေတဲ့နေ့တွေ ...
ခါးခါးစူးစူး မျက်မျက်ရှရှ၊
မျက်ရည်ကျခွင့်မရတဲ့အခါ
သွေးတွေ အငွေ့ပျံကုန်တယ်။

အမေ ...
အချိန်မီရောက်လာတဲ့
ကမ္ဘာပျက်နေ့တစ်ခုလို ...
အချိန်မီတည်ဆောက်ပြီးတဲ့
မဟာကရုဏာတော်လို ...
အချိန်မီ ညာလက်သွင်သွင်ကျိုးသွားတဲ့
ဘုရားသခင်လို ...
မေတ္တာသက်သက်နဲ့ ... အဖြူရောင်တွေ ဖန်ဆင်းပစ်ခဲ့တယ်။

အမေ ...
စိမ်းမြပြာလဲ့နေတဲ့ ရီနေဆန်းပိုက်ကွန်တစ်ခု ..
ခြေ၊လက်၊စိတ်နဲ့ စေတသိက် ၅၂ လုံး
အားလုံးကို အုပ်မိခဲ့တယ်။

အမေ ...
ဘုရားသခင်ရဲ့အမှားပြင်ဆင်ချက်။
ကံတရားရဲ့ နောက်ဆက်တွဲသတင်း၊
ဒီဘ၀ရဲ့
ဒုလ္လဘတရားစစ်စစ် ....။ ။


ခင်မင်စွာဖြင့်
Zephyr...

Dedicated to my mom.

Happy and Joyous and Peaceful BIRTHDAY ...
May God Bless you Mom.

Notes:

အစီအစဉ်တွေကို ပြတ်တောင်းပြတ်တောင်းဖြစ်အောင်
သေချာလုပ်ထားတာပါ။ မတော်တဆ စာကြောင်းတွေ ပြုတ်ကျကုန်တာမဟုတ်ပါဘူး ....။ :) .....
စီထားချင်သလို မဖြစ်ပေမယ့် .... အတတ်နိုင်ဆုံး ဖြတ်ထားပါတယ်။ အသံစီးဆင်းမှုကို တုံ့ဆိုင်းသွားစေချင်တာရယ်၊ ကြေကွဲနာကျင်စွာရွတ်ဆိုမှုကို လုပ်ကြည့်တာပါ။ အဆင်မပြေဖြစ်သွားရင်လည်း ...အားနာပါတယ်။ ဟဲဟဲ ....။ နောက်မှ ကဗျာစာအုပ်မှာ လက်ရေးနဲ့ရေးပြီး Scan ပြန်ဖတ်ပြီးတင်ကြည့်ပါဦးမယ်။ ....အမေရှိပြီး ...အမေကို ချစ်တဲ့သားတိုင်းအတွက် တရိုတသေရေးလိုက်တဲ့ကဗျာပါ။ .....။ အမေတွေအားလုံးစိတ်ချမ်းသာကြပါစေ .....။ သားသမီးတွေအားလုံး လိမ္မာကြပါစေ .... ဆိုတဲ့ မပြည့်နိုင်သလို ဖြစ်နေတဲ့ ဆုတောင်းတစ်ခုကို ထပ်ခါတလဲလဲ ဆုတောင်းရင်း အမေ့မွေးနေ့မှာ သိပ်မလိမ္မာတဲ့ သားက ကဗျာတစ်ပုဒ် လက်ဆောင်ပေးပါတယ်။






poem1_mother

Sunday, November 22, 2009

ငွေအကြောင်းပြောသူများ ...


ငွေအကြောင်းပြောသူများ ...

အဲဒါကငွေတဲ့ ...
ကျောက်တုံးဝိုင်းကြီးကို ငွေ ..
လှတပတ အရာလေးတွေကို ငွေ ..
သတ္တုတွေကို ငွေ ...
စက္ကူတွေကို ငွေ ...
ဘဏ်ချက်လက်မှတ်ကို ငွေ ...
နောက်တော့ စတော့ရှယ်ရာကို ငွေ ...။

ပျော်ရွှင်မှုကိုငွေ ..
ခံစားချက်ကိုငွေ ...
မိသားစုဘ၀ကိုငွေ ...
ဂုဏ်သိက္ခာကိုငွေ ...
နောက်တော့ မျိုးချစ်စိတ်ကို ငွေ ..။

ရောဂါကို ငွေ ..
ဇရာကို ငွေ ..
မရဏကို ငွေ ..။

တစ်ယောက်အပြုံးကလည်း ငွေ ..
တစ်ယောက်ခင်မင်မှုကလည်း ငွေ ...
ကိုယ်ချင်းစာမှုကလည်း ငွေ ...
ပွေ့ဖက်မှုကလည်း ငွေ ...
အရိပ်အာဝါသကလည်း ငွေ ...။

ဒီငွေနဲ့ ...
လောကုတ္တရာကိုးပါးကလွဲရင်
အားလုံးဝယ်လို့ရတယ် ...။ ။

ခင်မင်စွာဖြင့်
Zephyr

Notes: ကဗျာလေးကိုရေးတဲ့အချိန်မှာ ငွေရှာနေတာ တစ်နှစ်လောက်ပဲရှိပါသေးတယ် ...။ အခုတော့ နှစ်နှစ်ပြည့်ခါနီးပါပြီ ...။ တစ်သက်လုံးကျောင်းတက်လာတဲ့လူတွေအတွက် ငွေရှာရတာဟာ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှုပါပဲ ....။ ကျောင်းဆရာဖြစ်ချင်တာ မဖြစ်တဲ့အတွက်လည်း ဖြစ်ချင်တာ မဖြစ်ခဲ့ဘူးလို့ ပြောလို့ရပါတယ် ...။ အလုပ်မှာပျော်ပေမယ့် .. ကိုယ့် အစွမ်းအစကို အပြည့်အ၀ သုံးရတယ်လို့ မထင်ပါဘူး။ ကိုယ်လုပ်နေတဲ့ အလုပ်က ငွေရဖို့ထက်ပိုပြီး အဓိပ္ပာယ်ရှိရမယ်လို့ ခံစားမိပါတယ် ...။ အလုပ်မှာ ပေးလိုက်ရတဲ့ဘ၀အတွက် ငွေတစ်ခုတည်းပြန်ရရင်တန်တယ်လို့မထင်ပါဘူး ....။ ငွေကြေးရဲ့လိုတာထက်ပိုပြီးအရာရောက်နေတာကို မခံစားနိုင်လို့ရေးတဲ့ကဗျာမို့လို့ ... ဒီကဗျာဟာ အားလုံးနဲ့သက်ဆိုင်တဲ့ အမှတ်တရ တစ်ခုဖြစ်ပါလိမ့်မယ် ...။

Sunday, November 8, 2009

ပလေတိုးနစ်ချစ်ခြင်း


ပလေတိုးနစ်ချစ်ခြင်း

အိုးခြမ်းပဲ့လေးပါ ..
သမုဒ္ဒရာရဲ့ရေခံခွက်လေး အဖြစ်မှာ ရောင့်ရဲစွာ ...။

အလင်းပြာရီလက်နေတဲ့ ကြယ်လေးတစ်စင်းပါ ...
အိုခြမ်းပဲ့လေးထဲမှာ လင်းဖြာလက်ပနေတာ ...။

သိပ်ပြီးဝေးပါတယ် ...
ဒါပေမယ့် ...အိုးခြမ်းပဲ့လေးရင်ထဲမှာ ကြယ်လေးမရှိဘူးလို့တော့
မထင်လိုက်ပါနဲ့ ... မှားသွားလိမ့်မယ် ....။

Zephyr

Monday, October 26, 2009

ရေထဲမှာ လမ်းလျှောက်နေရတာ ငါးရဲ့အရသာ...။
လေထဲမှာ ပိတ်မိနေတာ ငါ့ရဲ့ အရသာ ...။
အရသာအတွက် အာရုံခံမိတယ် ...
ငါးရဲ့ ငါနဲ့
ငါ့ရဲ့ ငါ ...
သစ်ရွက်ချင်းအတူတူ ..
ငါ့ရဲ့ငါက ခေါက်ချိုးမညီခဲ့ဘူး။

လေထဲမှာ လမ်းလျှောက်နေတာ ငှက်ရဲ့ အရသာ...။
ပျက်နေတဲ့စိတ်ထဲ လာလာဖြစ်နေတာ ငါ့ရဲ့ အရသာ...။
လမ်းသွားရင်း ကျပျောက် သွားတဲ့
ငှက်ရဲ့ ငါနဲ့
ငါ့ရဲ့ငါ ...
သံလိုက်အိမ်မြှောင်ချင်းအတူတူ ..
ငါ့ရဲ့ငါက ... ချစ်သူကို ညွှန်တယ် ။

သွေးထဲမှာလမ်းလျှောက်နေတာ သွေးနီဥရဲ့အရသာ ....။
အယောနိသောမနသီကာရထဲ ချော်လဲနေတာ ငါ့ရဲ့ အရသာ .။
သွေးနီဥရဲ့ငါနဲ့
ငါ့ရဲ့ငါ ...
ပုံပြင်တွေကြိုက်တာချင်းအတူတူ ...
ငါ့ရဲ့ငါက ရင့်ကျက်မလာခဲ့ဘူး။

(လမ်းတွေအားလုံးကို ခပ်တည်တည်နှုတ်ဆက်နေတာ အ၀ိုင်းပတ်ရဲ့ အရသာ ...။
လမ်းခွဲတစ်ခုထဲနဲ့လုံလောက်ခါးသက်သွားတာ ငါ့ရဲ့ အရသာ ..။
အ၀ိုင်းပတ်ရဲ့ ငါနဲ့
ငါ့ရဲ့ငါ ..
အစဉ်အတိုင်းပြိုလဲခွင့်ရတာတောင် ...
ငါ့ရဲ့ငါက အလျင်စလိုနိုင်တယ်။)

စကားလုံးတွေရဲ့ အပြင်ဘက်ကို လမ်းလျှောက်ထွက်တာ ၀ိမုတ္တိရဲ့ အရသာ ...။
စကားလုံးတွေနဲ့ တည်ဆောက်ဖြိုဖျက်နေချင်တာ ငါ့ရဲ့ အရသာ ...။
ဝိမုတ္တိရဲ့ ငါနဲ့
ငါ့ရဲ့ငါ ...
ဖြစ်တန်စွမ်းချင်း အတူတူ ...
ငါ့ရဲ့ငါက ကံဆိုးပါတယ်။

စိတ်ထဲမှာလမ်းလျှောက်ထွက်တာ စိတ္တာနုပဿနာရဲ့ အရသာ ...။
ထမင်းစားပြီး ပျင်းရိလဲလှောင်းနေချင်တာ ငါ့ရဲ့အရသာ ...။
စိတ္တာနုပဿနာရဲ့ငါနဲ့
ငါ့ရဲ့ငါ ...
ဒိုင်ပွဲရပ်တာချင်းအတူတူ ...
ငါ့ရဲ့ငါက ပိုဖူးယောင်ခဲ့တယ်။

မတော်တဆတစ်ခုရဲ့ငါနဲ့
ငါ့ရဲ့ငါ ...
ကဗျာရေးခွင့်ရတာချင်းအတူတူ ...
ငါ့ရဲ့ကဗျာက ခေါင်းစဉ်မပါခဲ့ဘူး ....။ ။

Zephyr


Saturday, October 17, 2009

သမိုင်းဦးဝေါဟာရ


သမိုင်းဦးဝေါဟာရ
တစ်ခုခုပြောချင်ခဲ့တာတဲ့ ...
သွားလေသူတိမ်တိုက်တစ်ခုက..
ပြောခဲ့ဖူးတယ် ...။

မဆွဲဖြစ်ခဲ့တဲ့ ငါ့စိတ်ရဲ့ကွန်တိုမျဉ်းတွေ ...
တောင်တန်းဒေသလား
ပင်လယ်ချောက်တစ်ခုလား
တစ်နေရာရာမှာ သူမကို ကျပျောက်သွားတယ်....။

စိတ်တစ်ခုယုတ်ကိုးဆယ် ...တဲ့
ယုတ်တစ်ခုကရောဘယ်လောက်လဲ ...
(ဆုတ်)ယုတ်နေတဲ့တစ်ခုဟာ သစ်ရွက်ခြောက်တစ်ခုရဲ့ ပဲ့ကျသွားတဲ့ အနားစလေးလား ..
ဒါမှမဟုတ် .. သူမနဲ့အတူကျပျောက်ခဲ့တဲ့ ...
နှလုံးသားမှတ်ပုံတင်မူရင်းပဲလား ..။

တစ်နေ့နေ့မှာတော့
ရုပ်ကြွင်းဖြစ်နေတဲ့ ငါ့စိတ်ထဲမှာ ...
သူမနဲ့အတူ ငါ့မှတ်ပုံတင်မူရင်းကို
ရှေးဟောင်းကဗျာတူးဖော်သူတွေ ...
တွေ့ချင်လည်းတွေ့ကြလိမ့်မယ်။ ။
Zephyr