Thursday, December 30, 2010

Love



အထက်ပါပုံကို ကလစ်ခေါက်ဖြစ်အောင်ခေါက်ပါ။
(မခေါက်သဖြင့် အိုင်လွယ်ပန် မိန်းမရသွားကြောင်း။ ခေါက်သွားသဖြင့် လင်းဒီပ အိပ်ရာထဲခွေနေသေးကြောင်း။
ခေါက်မလိုလိုနဲ့ မခေါက်တဲ့မဂျူ ကုလားပြည်တွင် ထီပေါက်သော်လည်း လက်မှတ်ပျောက်သွားကြောင်း။ နှစ်ခါတိတိခေါက်မိ၍ မယ်ကိုးကို သစ်ပင်က တရားပြန်စွဲကြောင်း။ မြန်မာပြည်ကနေ မျက်မှန်ကြီးဖြင့် ကလစ်ခေါက်သောကြောင့် ကိုရင်နော် အပြန် ကားခေါင်းခန်းတွင် သီလရှင်တစ်ပါးကျကျန်ရစ်သော ငါးထောင်တန်ကို အချောင်ရလိုက်ကြောင်း၊ တန်းတန်းမတ်မတ် ကလစ်ခေါက်သောကြောင့် ဆွိ အရပ်တစ်လက်မ ပိုရှည်လာကြောင်း၊ ကလစ်မခေါက်အားတဲ့အတွက် မဒါတစ်ယောက် သင်္ကြန် တရားစခန်းတွင် ခုနစ်ရက်လုံးရေမချိုးလိုက်ရကြောင်း၊ အချိန်မအားတဲ့ကြားက ကလစ်တစ်ချက်ခေါက်သွားသောကြောင့် မွေးသမိခင်ကြီး ဒီဇိုင်းများ အချိန်မီပြီးစီးသွားကြောင်း၊)


လူတိုင်းမကင်းနိုင်တာ ... ဆိုပြီး အစချီလိုက်ရင် အားလုံးက အချစ်ပဲ ဆိုတာကို ပြေးမြင်ကြတယ်။
အမှန်က အိမ်သာလည်းဖြစ်နိုင်သလို အကြွေးလည်းဖြစ်နိုင်တာပဲ။
ဘာလို့မကင်းနိုင်တာနဲ့ဆိုတာနဲ့ အချစ်ကိုပဲ ပြေးမြင်ကြမှန်းမတွေးတတ်ဘူး။

စတာပါ ....။
တကယ်ပြောချင်တာက တစ်ခုပါ။ ချစ်နေတာကို ဘယ်လိုမြင်ကြလဲမသိဘူး။
ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကို သတ်သေမိတဲ့သူ အဖန်ငါးရာငါးကမ္ဘာကျသွားနဲ့တူတယ်လို့တွေးမိပါတယ်။

Performance art ကိုတစ်ခြားမီဒီယာတွေနဲ့ performance လုပ်ကြပါတယ်။ ပန်းချီတွေ၊ ပုလင်းတွေ၊ အိုးတွေ၊ ခွက်တွေ ... (တစ်ချို့ငတိကြီးတွေကြတော့ ယောကျာ်းကြီးတန်မဲ့ ပလတ်စတစ်ရင်ထိုးကြီးတွေနဲ့ ...။)

အခု ကျွန်တော်ကတော့ အဖန်ငါးရာ ငါးကမ္ဘာကို စာနဲ့ပဲ performance လုပ်ထားပါတယ်။
နောက်တော့ စာတွေကိုပဲ ဒီဇိုင်းထည့်ဖို့စိတ်ကူးရတာနဲ့ မလေးရောက် ဒီဇိုင်းဆရာ ပြီတီတီ...sorry .. ပြည်သစ်တည် ရဲ့လက်ရာနဲ့တွဲဖက်လိုက်ပါတယ်။

ကြံဖန်ဂုဏ်ယူချင်ရင်တော့ သက်ရှိမျိုးစိတ်တွေထဲမှာ လူဟာ ပလူပြီးရင် သတ်သေမှုအများဆုံး သတ္တ၀ါဖြစ်နိုင်တာကို ဂုဏ်ယူနိုင်ပါတယ်။ စကားစပ်မိလို့မေးရရင် မီးမတွေ့မီခေတ်က ပလူတွေ နေအထိ ပျံကြမလားဆိုတာကိုပါ ဆက်ပြီးစဉ်းစားကြည့်စေချင်ပါတယ်။


မိဘမေတ္တာ ...နှင့်စပ်လျဉ်း၍

မိဘမေတ္တာ ...နှင့်စပ်လျဉ်း၍

မိဘမေတ္တာနဲ့ပတ်သက်ပြီးနည်းနည်းတွေးကြည့်မလို့ပါ။ မိဘဆိုတာနဲ့ ကိုယ့်အမေအဖေကိုပဲပြေးမြင်ကြတာပါပဲ။ကွက်လပ်ကွက်လပ်သာ အမိ၊ ကွက်လပ်ကွက်လပ်သာ အဖဆိုပြီးဝါဒဖြန့်သူတွေလည်း Form ဖြည့်တဲ့အခါ အဲဒီလိုဖြည့်ကြည့်ပါလား။ အရူးမှန်းသိသွားမှာပဲလေ။ ဒီတော့ကာ ကျွန်တော်တို့တွေမှာ မိဘတွေရှိပြီး .... မိဘတွေကလည်း ကျွန်တော်တို့ရဲ့ မကောင်းမွေဆက်ခံဖို့ ... (သားသမီးမကောင်းမိဘခေါင်းအရယူဆခြင်းဖြစ်သည်။) ဘေးနားမှာ အမြဲအသင့်ရှိနေတုန်းပါပဲ။

မိဘကျေးဇူး ဆပ်ကောင်းပါသလား။ အဲဒီလို ပြောရင်လည်း အတော်လက်ပေါက်ကပ်ပါတယ်။ ဆပ်တယ်ဆိုတဲ့စကားက ချေးထားမှ ပြန်ဆပ်ရတာပါ။ မိဘတွေက ချေးထားတာမဟုတ်တဲ့အတွက် ပြန်ဆပ်စရာတော့လည်း သိပ်မလိုပါဘူး။ နားလည်မှုနဲ့ လျှော်လိုက်ရင်ရပါတယ်။ သံသရာမှာက မိဘတစ်လှည့်စီဖြစ်လာကြတာဆိုတော့ ... ကိုယ့်ဆီမှာ သားသမီးလာဖြစ်မှပဲ ကျေးဇူးဆပ်လိုက်လည်းရလောက်ပါတယ်။ မိဘတွေက ပြောင်းပြန်မစီးတဲ့မြစ်လိုပဲဆိုတော့ကာ ကျေးဇူးပြန်ဆပ်လိုက်တယ်ဆိုရင် ပြောင်းပြန်မစီးတဲ့မြစ်ထဲကိုနောက်ပြန်ခုန်ချသလိုဖြစ်နေနိုင်ပါတယ်။

မိဘထက် တစ်ရက်ကြီးတဲ့ကောင်တွေ။ အဲဒါကိုတောင် နည်းနည်းရှင်းဖို့လိုပါတယ်။ မိဘတွေဟာ သားကြီးသြရသ၊ သမီးကြီး သြရသမ တို့နဲ့အသက်အတူတူပါပဲ။ မိဘဖြစ်လာဖို့ သားသမီးတစ်ယောက်လိုပါတယ်။ သားသမီးမရှိခင်ကလည်း သူတို့ဘာသာသူတို့လင်မယားပဲဖြစ်နိုင်ပါတယ်။ မိဘဖြစ်ခွင့်မရသေးပါဘူး။သားသမီးဆိုတာ မိဘတွေကို မိဘဖြစ်ခွင့်ပြုလိုက်တဲ့ Certificate ဖြစ်ပါတယ်။ အဲဒီတော့ မိဘတွေဟာ သားသမီးထက် အသက်မကြီးပါဘူး။သားသမီးထက် အသက်ကြီးတာက မိဘမဖြစ်ခင်က လင်မယားနှစ်ယောက်ဖြစ်ပါတယ်။ တကယ်ဆိုရင် မိဘတွေဖြစ်လာဖို့ဆိုတာမှာ ... သားသမီးကျေးဇူးအတော်များတာပဲလို့တောင် တွေးမိပါတယ်။ (Btw Dad, မွေးရကျိုးနပ်တယ်နော်။)

အလှူရဲ့အကျိုးကို ငါဘုရားသိသလောက်သာသိမယ်ဆိုရင် နောက်ဆုံးဆွမ်းလုတ်လေးကိုတောင် မလှူဘဲမစားဘူး ဆိုတာလေးကို ကြားဖူးမယ်ထင်ပါတယ်။ မကြားဖူးရင်လည်း လူကြီးတွေလုပ်သလို ခေါင်းကလေးတညိတ်ညိတ်လုပ်နေလိုက်။ အဲဒီလို အလှူရဲ့ကျေးဇူးအရကြည့်ရင်လည်း အရင်က ကပ်စေးနှဲဖြစ်ခဲ့တဲ့မိဘတစ်ချို့ဆိုရင် သား၊သမီးမွေးလာမှပဲ လှူရတန်းရသလို ကျွေးမွေးဖြစ်တော့တယ်။ သားသမီးကိုကျွှေးတယ်ဆိုတာလည်း စိတ်ထားတတ်ရင် ကုသိုလ်အင်မတန်ရတဲ့အလုပ်ဖြစ်ပါတယ်။ မွေးထားမှတော့ကျွေးရတော့မှာပဲဆိုပြီးကျွေးတယ်ဆိုဦးတော့ ကုသိုလ် အနည်းနဲ့အများတော့ရမယ်။ အော် ...ဒီလိုဆိုတော့လည်း သားသမီးတွေကကုသိုလ်ရရာရကြောင်းတောင်ဖြစ်ပြီးကျေးဇူးတောင်များနေပြီ။

ကျွေးတယ်မွေးတယ်ဆိုတာမှာလည်း အတင်းအကြပ်မလုပ်သင့်ဘူး။ မကြိုက်တာတွေအတင်းစားခိုင်းသောက်ခိုင်းတာမျိုးက အင်မတန် ဆိုးတယ်။ ဥပမာ၊ ကျွန်တော့်ကြီးတော်ကြီးဆိုရင် အခု သတ်သတ်လွတ်စားတယ်။ ဒီလိုအဒေါ်မျိုးကို နို့တိုက်ခဲ့တဲ့အဖွားဆို ဘယ်လောက်ဆိုးလဲလို့တွေးမိတယ်။ အမှန်ဆို ပဲနို့တိုက်ရမှာ။ အဲဒါဆိုရင် ကြီးတော်ကြီးက အဖွားကို ပဲနို့တွေပြန်ဝယ်တိုက်လိုက်ရင် နို့ဖိုးပါကျေနိုင်တယ်။

မိဘမျက်ရည်ကျအောင်လုပ်တဲ့သူတွေမချမ်းသာဘူး။ ဒီစကားပုံက ဘယ်လောက်မှန်သလဲဆိုတာသိဖို့ Bill Gates ဆီဖြစ်ဖြစ် စာပို့ကြည့်ရမယ်။ လူကြီးမင်း လူကြီးမင်းရဲ့မိဘတွေ မျက်ရည်ကျအောင်လုပ်မိပါသလား။ အဖြေက Yes ဆိုရင် လူကြီးမင်းချမ်းသာမှာမဟုတ်ဘူးလို့ပြန်ပို့သင့်ပါတယ်။ သားသမီးတွေမျက်ရည်ကျအောင်လုပ်တဲ့မိဘတွေရောချမ်းသာသလား။ဒါကိုလည်း ပြန်စစ်တမ်းကောက်ကြည့်သင့်ပါတယ်။ အချိုးအစားက အတူတူပဲဆိုရင် စကားပုံကိုလည်းနည်းနည်းပြင်သင့်တယ်။

မိဘတွေဟာ ကလေးဘ၀ကိုမေ့သွားတဲ့ လူကြီးတွေပဲ။ အဲဒီအဆိုကို တစ်ယောက်ယောက်ကတော့ပြောဖူးလိမ့်မယ်။ ဘဂျမင်ဖရန်ကလင်လား၊ သူ့ဂျီးဒေါ်နှစ်ဝမ်းကွဲလား ပြောဖူးလိမ့်မယ်။ တကယ်တော့ လူတွေက ကြီးလာရင်ငယ်တုန်းက အကြောင်းကိုမေ့တယ်။ ငယ်တုန်းက ကိုယ်တိုင်ကျောင်းမသွားချင်တာကို ကြီးလာတဲ့အခါကြတော့မေ့လိုက်တယ်။ ကလေးတွေကျောင်းမသွားချင်ဘူးဆိုရင် နားမလည်သလိုနဲ့ကျောင်းသွားမှစာတတ်မှာပေါ့လို့ပြောကြတယ်။ ဆော့ခရေတ္တိရောကျောင်းသွားလားလို့မေးရင် ရှင်းမပြတော့ဘူး။ ကြိမ်လုံးရှာပြီ။ မိဘမေတ္တာနဲ့ရိုက်လည်းနာတယ်။ ကိုယ်တိုင်ကတော့ မိဘတွေက ကံကောင်းထောက်မပြီးမရိုက်တတ်တဲ့သူတွေဖြစ်နေတော့ ဆရာတွေကပဲ နာသုံးနာ၊(လက်နာ၊စိတ်နာ၊၀ါသနာ) နဲ့မိဘတွေလစ်ဟင်းတာလေးတွေဖြည့်စွက်ပေးပါတယ်။ တစ်ချို့ဆရာတွေက ရိုက်ရတာကို ၀ါသနာပါပုံရတယ်။

ကလေးတွေကိုနားလည်တာ ကလေးမရှိတဲ့သူတွေတဲ့။
အဲဒီစကားကို ဆစ်ဂမန်ဖရွိုက်လား၊ သူ့ကို ဆေးလိပ်မီးညှိပေးဖူးတဲ့ စားပွဲထိုးရဲ့သူငယ်ချင်းလားပြောဖူးတယ်။ တကယ်တော့ စဉ်းစားကြည့်ရုံနဲ့ကလေးမွေးရတာအတော်လေးပင်ပန်းမှန်းသိပါတယ်။ မာရီယို game ထဲကလို မှိုလေးတွေကျွေးလို့သူ့ဘာသာသူ ကြီးလာတာမျိုးမှမဟုတ်တာ။ (တကယ်တော့ စမ်းပြီးကျွေးကြည့်ဖို့ကောင်းတယ်။) အဲဒီတော့အမြဲအတူနေရတဲ့မိဘက ကလေးကြောင့်ပိုစိတ်ဆင်းရဲတယ်။ သူတို့မှာက တစ်နေကုန်ထိန်းနေရတာဆိုတော့ မိဘမေတ္တာနဲ့ပဲ နောင်တကြိတ်ရရတယ်။ နောင်တမရဘူးထား၊ ကိုယ့်အမှားကိုယ် ကိုယ်တာဝန်ယူတယ်ဆိုဦးတော့ ကလေးတစ်ယောက် တစ်နေကုန်ထိုင်ငိုနေတာကိုတော့ Yanni Piano တီးနေတာလို့ခံစားလို့မရနိုင်တာအမှန်ပဲ။ အရေးထဲ လူပျိုကြီး အပျိုကြီးတွေက ကလေးမမွေးဖူးပဲ ကလေးတွေကိုစိတ်ရှည်ဖို့လိုအပ်ကြောင်းစာအုပ်တွေရေးလိုက်တဲ့အခါမှာ မိဘလုပ်ငန်း မကျွမ်းကျင်သူတွေခမျာအတော်လေးဒုက္ခရောက်ပါတယ်။ တစ်ချို့သူတွေကလည်း ဘစ်ခ် အမ်ဘီးရှင်းကြီးနဲ့ကလေးများရှိခဲ့လျှင်ထိုသို့ဤသို့ တာဝန်ယူပစ်လိုက်မည် ဆိုတာမျိုးတွေရေးသားလာကြတယ်။ ဟိုတလောကပဲဖတ်လိုက်ရသေးတယ်။ (:P) ကလေးတွေကိုနားလည်တာ ကလေးမမွေးဖူးတဲ့သူတွေပဲ။ အဲဒီလိုနားလည်တာကလည်း သူတို့ကိုယ်တိုင်မမွေးခင်အထိပဲလို့ မိဘတစ်ဦးမှပြောကြားသွားပါတယ်။

မြန်မာကားတွေထဲမှာဆို မင်္ဂလာဆောင်ပြီး ဆယ့်ငါးမိနစ်အကြာလောက်မှာဆို မင်းသမီးက ရှက်တဲ့အမူအယာနဲ့ တိုးတိုးလေးပြော၊ မင်းသားက မျက်လုံးကြီးပြူး။ လက်သီးဆုပ်ပြီး ... အဖေဖြစ်တော့မယ်ကွ ဆိုပြီး အင်မတိ အင်မတန် ဂုဏ်ယူဝင့်ကြွားတဲ့ အပြုံးနဲ့ ထထခုန်တာတွေ့ရပါတယ်။ မြန်မာပြည်က ကလေး ဆယ့်နှစ်ယောက်မွေးထားတဲ့ တက်စီ မောင်းတဲ့လူကြီးဆိုရင် အခုအချိန်အထိ အဲဒီလိုပဲ ထထခုန်သေးသလား မေးကြည့်ချင်ပါတယ်။ ကံကောင်းလို့ အခုခေတ်လို သဘောထားကြီးတဲ့ ဘုရင်လက်ထက်မလို့ပေါ့။ အရင်တုန်းက စစ်သူကြီးမဟာဗန္ဓုလ ...(ဟို ဓနုဖြူမှာ အရေးကြီးတဲ့နေရာကို မကာကွယ်ထားတဲ့စစ်သူကြီးကိုပြောတာမဟုတ်ဘူး။ ဂေါတမမြတ်စွာဘုရားလက်ထက်က စစ်သူကြီးကိုပြောတာ။) ဆိုရင် သားသမီးများလို့ ဘုရင်က ပုန်ကန်မယ်ထင်ပြီး မဟာကရုဏာတော်နဲ့ကွပ်မျက်လိုက်တယ်။ ကံသီပေလို့ အခုခေတ်မှာ ၁၂ ယောက်မွေးပြီး ဘေးကင်းနေတာ။ တကယ်လို့ သားသမီးနှစ်ဆယ့်ခြောက်ယောက်ရှိတယ်ဆိုပါစို့ .... A to Z နာမည်ပေးထားလိုက်ရင်တောင် ရမယ်လို့တွေးမိတယ်။ D က C,G,E,F ကိုကျောင်းမှာဝင်ကြို၊ B က G,H,I,J တို့ကိုစောင့်နေ၊ A ကထမင်းချက်ထား။ စသဖြင့်တွေမှာရမယ်ထင်ပါတယ်။ မိဘမေတ္တာဆိုတာ ကလေးအရေအတွက်ပေါ်မှာမူတည်ပြီး ကျုံ့နိုင်ဆန့်နိုင်သလားဆိုတာကိုလည်း တွေးမိတယ်။

သားသမီးယုံ စုံလုံးကန်း။ အဲဒါကတော့ နည်းနည်းဒေါသကြီးတဲ့မိဘတွေက နည်းနည်းပြောကောင်းအောင် ရစ်သမ်ကို အသုံးပြုထားတဲ့ စကားပုံဖြစ်ပါတယ်။ အစကတော့ အဖေတူသား အဖေတူသားဆိုပြီး နောက်မှ ယုံလို့ကိုမရဘူးကွာ ဆိုရင် .... ကြားရတာကိုက သဘောပါကြရဲ့လား တကာကြွယ် ဆိုတာမျိုးဖြစ်နေနိုင်ပါတယ်။ သားသမီးကို ယုံတာမယုံတာနဲ့ ကန်းတာမကန်းတာနဲ့ဟာ သိပ်တော့လည်းမဆိုင်ပါဘူး။ ယုံရမှယုံပေါ့။ မယုံရမှန်းသိရက်နဲ့ယုံရင်တော့လည်း နောက်မှ သားသမီးကို အပြစ်တင်တာတော့ လူကြီးလူကောင်း မဆန်သလိုဖြစ်တယ်။ မွေးထားတုန်းကမွေးထားပြီး မယုံမကြည်ဖြစ်ရတာမကောင်းပါဘူး။ ယုံကြည်လောက်တဲ့သားသမီးမဖြစ်လာဘူးဆိုတာကလည်း မိဘ၀တ္တရားမကျေသလိုဖြစ်ပါတယ်။ စောစောကသိရင် မမွေးပါဘူးဆိုတာမျိုးတွေမပြောပါနဲ့။ စောစောကသိရင် အမွေးမခံပါဘူးလို့ပြန်ပြောနေလိမ့်မယ်။ သားသမီးနဲ့မိဘဆိုတာကတော့ စုံလုံးကန်းလောက်အောင်ယုံကြည်ဖို့ကောင်းပါတယ်။ ယုံကြည်မှလည်း နားလည်အောင်ပြောလို့ရမယ်လို့ထင်ပါတယ်။

မင်း ခွေးဖြစ်မယ့်ကောင်ပဲ။ လို့ ဒေါသကြီးတဲ့မိဘတွေက ကရုဏာဒေါသော ဆိုတာကြီးနဲ့ကိုင်ပေါက်ပါတယ်။ကရုဏာနဲ့ဒေါသဟာ ဘယ်တော့မှ အတူယှဉ်ပြီးမဖြစ်တဲ့စေတသိက်နှစ်ခုဆိုတာကို မသိဘဲနဲ့ ဒေါသကိုပဲလူကြားကောင်းအောင် ကရုဏာနဲ့ယှဉ်တဲ့ဒေါသလုပ်တာကတော့ရယ်စရာကောင်းပါတယ်။ ခွေးဖြစ်မယ့်လူဆိုတာမရှိပါဘူး။ ကိုယ်မျှော်လင့်သလို မဖြစ်တာကို ခွေးဖြစ်တယ်လို့ပြောတာဟာ နည်းနည်းတော့ ပါဝါကို အလွဲသုံးစားလုပ်ရာရောက်ပါတယ်။ ခွေးဖြစ်တယ်ပဲထားဦး ...ကိုယ့်သားကို အယ်ဇေးရှင်းဖြစ်စေချင်တာလား၊ ရော့ထ်ဝီလာဖြစ်စေချင်တာလား၊ စိန့်ဘားနတ်ထ်လား၊ ရှီဇူးလား ဘယ်လိုခွေးဖြစ်မှာလဲသေချာအောင်ပြောလိုက်သင့်တယ်။ အခုတော့ ဘာခွေးဖြစ်မှန်းမသိ သားသမီးတွေမှာသနားဖို့တယ်ကောင်းပါလား။ မိဘမေတ္တာဟာ ဆူပူမှုကို အားပေးသလားလို့တွေးမိပါတယ်။

တစ်ချို့မိဘတွေကြတော့ကိုယ့်တုန်းက မရတာတွေကို သားသမီးအလှည့်မှာရစေချင်တယ်။ သား ... အဖေ့အလှည့်တုန်းက မင်းအမေဆူတာနဲ့ Mac Book Pro မ၀ယ်လိုက်ရဘူး။ သား မူကြိုမှာသုံးဖို့ Mac Book Pro ဆိုပြီးဝယ်ပေးလိုက်ကြတယ်။ အဲဒါဟာ မိဘမေတ္တာလား ကိုယ့်အတ္တကိုယ် အစာပြန်ကျွေးတာလားမသဲကွဲပါဘူး။

မိဘဖြစ်ဖို့ ရက်တိုသင်တန်းမရှိဘူး။ မိဘတွေက ကောင်းမယ်ထင်တာတွေလုပ်ရင်းလွဲလွဲသွားတဲ့ သနားစရာလူရွှင်တော်တွေလည်းဖြစ်တယ်လို့ နသန်နီယလ်ဟောသွန်းလား၊ သူတို့အိမ်ကိုနွားနို့ပို့တဲ့သူလား ပြောသွားဖူးတယ်။ မိဘအလုပ်ကမလွယ်ဘူး ဆိုတာလောက်ကိုသဘောပေါက်ရင် သားသမီးတွေရဲ့စိတ်ပိုင်းဆိုင်ရာအခက်အခဲကို အာဂန္တုဖျားလို သဘောထားပြီး ဆေးမြီးတိုတွေနဲ့ကုတာနည်းလာနိုင်တယ်။ မကြိုက်တာမစားနဲ့ ကြိုက်တာပဲစားဆိုရင် ကျွန်တော်တို့တွေထဲက အများစုဟာ သကြားလုံးနဲ့ချောကလက်ကိုပဲ မနက်စာ၊နေ့လည်စာ၊ညစာ အဖြစ်စားခဲ့ကြမှာပဲ။ အစားအသောက်ကျွေးရတာလည်းမလွယ်ဘူး။ အကောင်သေးသေးလေးတွေရဲ့ခေါင်းထဲမှာ ဘာတွေ ပေါက်ပေါက်ရှာရှာတွေးပြီး၊ ဘာတွေ ကြံကြံဖန်ဖန် တောင်းဆိုမလဲဆိုတာကိုလည်း ကြိုမသိနိုင်ဘူး။

မိဘတွေထဲက ၈၀ရာခိုင်နှုန်းကျော်ဟာ ကလေးတွေရမှပဲ ကိုယ့်မှာ မိဘရှိမှန်းသတိရတော့တယ်လို့ နစ်ရှေးလား နစ်ရှေးတို့လမ်းထဲမှာ ဆိုက်ကားနင်းတဲ့သူလား ...တစ်ယောက်ယောက်ပြောခဲ့ဖူးလိမ့်မယ်။ လူတွေက အတော်လေးရယ်ဖို့ကောင်းတယ်။ မိဘကျေးဇူးကိုမဆပ်ဘဲ သားသမီးကျေးဇူးကိုဆပ်နေတာဆိုတဲ့တရားကိုလည်း နာဖူးတယ်။ သားသမီးရတာကိုကလှလှပပ ၀ဋ်လည်တာလည်းဖြစ်နိုင်တယ်။ ကာလ၀ိပါက်နောက်ပိုးတက်ပြီး ရှေ့ပိုးက ပြန်မဆင်းတာမျိုးလည်းဖြစ်ကောင်းဖြစ်မယ်။

တစ်ချို့တွေကလည်း ကလေးမွေးတာကိုပဲ စားသောက်ဆိုင်မှာ အစာမှာသလို Preference ကြီးနဲ့။ ယောကျာ်းလေးပဲလိုချင်တယ်။ မိန်းကလေးမွေးရင် သူတို့အဖေကိုပဲပိုချစ်နေရင် မွေးထားရကျိုးမနပ်ဘူး ...စသဖြင့်။ တကယ်တော့ ကလေးမွေးတယ်ဆိုတာ စစ်တပ်ထဲမှာ အ၀တ်အစားတွေ ပစ္စည်းတွေထုတ်ပေးသလိုပဲ။ ပေးတာပဲယူရတယ်။ မကျေနပ်လို့ပြန်လဲလို့မရဘူး။ ငုပ်ဗီဇတွေ၊ဘောလောပေါ်ဗီဇတွေ ဆိုတာကရှိသေးတယ်။ ကိုယ့်လို ကိုးလိုးကန့်လန့်တွေဖြစ်လာနိုင်တယ်။ ဘာမှ မသေချာဘူး။ ဆရာဝန်နှစ်ယောက်ရဲ့သား စာမေးပွဲမှာတဖုံးဖုံးကျနေတာဟာ ဥာဏ်ရည်ဟာ မိဘကနေ သားသမီးဆီ တိုက်ရိုက်ကြီးရောက်သွားမယ်လို့ အာမမခံဘူးဆိုတာကို ပြနေပါတယ်။ မိဘတွေက တော်လေလေ သားသမီးမှာဖိအားများလေလေပါပဲ။ ပတ်ဝန်းကျင်ကလူတွေက သာမန်လူတွေထက်ပိုမျှော်လင့်ထားတယ်။ အမှားကို သိပ်ခွင့်မပြုတော့ဘူး။ သားသမီးဖြစ်ရတာလွယ်တယ်မှတ်လို့။

မိဘမေတ္တာဆိုတာ တစ်ချို့က ဘတ်စ်ကားတွေမှာ ရေးထားတယ်ဆိုတာလောက်ပဲသိပါတယ်။ မွေးရင်းဖွားရင်း ဆုံးပါးသွားနိုင်တယ်။ သချိ င်္ုင်းကို မျက်စိစွေတဲ့သူ မျက်စောင်းထိုးထားသလို တော်တော်ကြီး မျက်စောင်းထိုးထားခဲ့ရတယ်ဆိုတာတွေကို ကျွန်တော်တို့ စာစီစာကုံးမှာ အများကြီးရေးဖူးပါတယ်။ ကျွန်တော့်ကို အမေမွေးတုန်းက ဘေးနားက ဗိုက်ခွဲမွေးသူတွေက ဟောတစ်ယောက်ဟောတစ်ယောက် အကင်းမဟုတ်ဘဲ တဖြုတ်ဖြုတ်ကြွေပါတယ်။ အရင်တုန်းက ဆေးပညာဟာ အခုဆေးပညာလိုပဲ အာမခံချက်မရှိပါဘူး။ အခုလည်း ဆေးပညာက အာမခံတာမဟုတ်ဘဲ ဆေးပညာ+Cash ကသာ အာမခံတာဖြစ်ပါတယ်။ မယုံရင် ပိုက်ဆံမပါဘဲ ဆေးရုံကြီးမှာ ဗိုက်ခွဲမွေးကြည့်စေချင်ပါတယ်။ သူငယ်ချင်းရဲ့ အသိ ဗိုက်ခွဲမွေးဖို့ ပိုက်ဆံပြန်ယူနေတာကို ထိုင်စောင့်နေပေးတဲ့ ဆရာဝန်ရှိမှန်း သိခဲ့ပါတယ်။ စိတ်ရှည်တာအံ့ရောလို့တောင်ပြောချင်စရာပဲ။ မတော်တဆ တိမ်းပါးသွားရင် ဘယ်လိုခေါင်းစဉ်တပ်မလဲဆိုတာကိုလည်း စိတ်ဝင်စားမိပါတယ်။ ပိုက်ဆံရမှခွဲမယ်ဆိုတာက ငွေမြင်ရင် လင်လုပ်ပါမည်ဆိုတဲ့ ရေသည်ပြဇာတ်ထဲက ရေသည်မိန်းမပြောတဲ့စကားလို ကြည်နူးစရာမရှိဘူး။ ဆရာဝန်တွေဟာ Hippocratic oath ကို အုတ်၊သဲကျောက်ဆိုင်မှာ ရောင်းလိုက်ပါပြီ။ တစ်ခါတည်းမဆိုပဲ မနက်တိုင်း မောနင်း Prayer လိုဆိုရင် မိဘမေတ္တာပြသခွင့်ရတဲ့ မိဘတွေရှိလာနိုင်ပါတယ်။

အကောင်းအတိုင်းမွေးလာရင်ကို မိဘတွေကို ကျေးဇူးတင်။ အဲဒီစကားကိုပြောတာ ဒေါက်တာနော်မန်ဗက်သွန်းဆိုတဲ့သူအကြောင်းမဖတ်ဖူးတဲ့ သုဝဏ္ဏ က ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ ကလေးတစ်ယောက်မှာ Down syndrome (DS), ဖြစ်နိုင်ခြေ၊ ကိုယ်လက် အင်္ဂါမပြည့်မစုံဖြစ်နိုင်ခြေဘယ်လောက်များလဲသိနေတဲ့သူတစ်ယောက်ရဲ့စကားမို့အတော်လေး တွေးဖြစ်တယ်။ ကံကောင်းလို အားလုံးပါလာတာ။..... ဗိုက်ထဲကရှောရှောရှူရှူ (ခွဲတာနဲ့ထွက်လာတဲ့အတွက်) ထွက်လာတဲ့အတွက် သားသမီးကိုလည်း မိဘတွေက ကျေးဇူးတင်ပုံရပါတယ်။ အပြန်အလှန် အကျိုးရှိတာ။ ဗိုက်ထဲမှာ ကိုးလလောက်နေပေးလိုက်တာကိုက နည်းတဲ့ ကျေးဇူးမဟုတ်ဘူး။ ဟိုတယ်က အခန်းတွေလို ကျယ်ကျယ်ပြန့်ပြန့်လည်းမဟုတ်၊ ဟိုတစ်ခေါက် အဲဒါကိုပြောတော့ ကျောင်းလှူတဲ့သူတွေက ၀မ်းဗိုက်ထဲမှာကို ဟိုတယ်နှစ်ခန်းစာလောက် အကျယ်ကြီးနေရမယ်ဆိုတာကို အသိဘုန်းကြီးကပြောပါတယ်။ အဲဒီတော့ ဗိုက်ထဲမှာ နေရတာကျဉ်းတယ်လို့ခံစားမိတဲ့သူတွေ ကျောင်းလှူပါ။ ကျောင်းတကာကြီးတွေရဲ့အမေဗိုက်ကတော့ ဟိုတယ်နှစ်ခန်းစာပိုပူနေပါလိမ့်မယ်။ ( စိတ်မကောင်းပါဘူးအမေ ....။ :P)

ထူးအိမ်သင်ရဲ့သီချင်းရှိပါတယ်။ အမေ့ရဲ့ဒုက္ခအိုးလေး။ ကြီးလာတော့ ဒုက္ခအိုးကြီးဖြစ်လာနိုင်ပါတယ်။ သားသမီးမွေးရတာကိုက တွက်ခြေမကိုက်ပါဘူး တွက်ခြေကိုက်ချင်ရင်လည်း သားသမီးမမွေးဘဲ အသားစားကြက်မွေးဖို့အကြံပေးချင်ပါတယ်။ လေးဆယ့်ငါးရက်နဲ့ အကျိုးအမြတ်ရပါတယ်။ သားသမီးကတော့ ၂၈ နှစ်လောက်ကြာတော့ မိဘကျေးဇူးအကြောင်းမဟုတ်တာကနေ စစဉ်းစားပါလိမ့်မယ်။ မိဘမေတ္တာဆိုတာ မျက်စိမမြင်တဲ့သူရဲ့ အလင်းရောင်ကို ရှိရင်းစွဲတန်ဖိုးထက် ပိုမြှင့်ပြီးမျှော်လင့်တာမျိုးလည်းဖြစ်နိုင်ပါတယ်။

တစ်ချို့လူတွေကလည်း သားသမီးကို အတော်လေးမျှော်လင့်တယ်။ သားထောက်သမီးခံမရှိရင် ခက်မယ်လို့ပြောကြတယ်။ ထောက်ထားတဲ့သားသမီးဆိုရင်တော့တော်သေးတာပေါ့။ ကိုယ်လဲလဲရော ရှောင်ပေးလိုက်တဲ့သားသမီးနဲ့တွေ့ရင် ပိုနာနေမယ်။ ကိုယ့်ဘာသာ ဖြည်းဖြည်းချင်းလဲတာကတောင် သက်သာဦးမယ်။ သားသမီးရှိမယ်ထင်ပြီးလဲလိုက်မှ ဆန္ဒန်ဆင်မင်း အစွယ်ပြုတ်ကျသံလို ဗုန်းဗုန်း မြေသို့ကျတွေဘာတွေဖြစ်မယ်။ မိဘတွေက သားသမီးရလာမယ်ဆိုတာ သိပေမယ့် သားသမီးတွေကတော့ မိဘရလာမယ်ဆိုတာ သိပ်သိတာမဟုတ်ဘူး။ အဲဒါကြောင့်လည်း တစ်ချို့ဇာတ်လမ်းတွေမှာ မိဘတွေက သေချင်ယောင်ဆောင်ကြ၊ နှလုံးရောဂါကို ပုံကြီးချဲ့ကြ။ သားသမီးသည် မိဘအုပ်ချုပ်ခွင့်ရ ကိုယ်ပိုင်နယ်မြေဖြစ်သည်တွေဘာတွေဖြစ်ကုန်ရော။ သားသမီးတွေက မိဘကျေးဇူးကို သိတတ်တယ်ဆိုရင်လည်း သူ့သဘောနဲ့သူသိတာက ကောင်းပါတယ်။

ကိုယ့်ဘာသာကိုယ်တောင် မိဘမေတ္တာအကြောင်းစဉ်းစားရတာ လုံလုံလောက်လောက် ရှုပ်ထွေးနေပြီးသားကို မနေနိုင်မထိုင်နိုင် Xanthos နဲ့ပြောမိတယ်။ သူကလည်း သူ့ပြဿနာကိုတင်ပြတယ်။ တကယ်လို့ သောတပန်မိဘနှစ်ပါးမှာ အနာဂါမ် သားကြီးမွေးတယ်ဆိုပါတော့ .. သူတို့သားကြီးကို သူတို့က ရိုက်မိတယ်ဆိုပါတော့ ... နည်းတဲ့အကုသိုလ်မဟုတ်ဘူးနော် ..... လို့ပြောပြီး တဟားဟားရယ်နေပါတယ်။( တကယ်တော့ ဒီလိုမမွေးပါဘူး။ သူက အခက်အခဲဖြစ်စေတဲ့အနေထားကိုပဲတွေးကြည့်တာပါ။)

သံသရာအမြင်အရ သူစိမ်းတွေတောင် တစ်ချိန်ကတော့ အမျိုးအရင်းတွေဖြစ်မယ်။ (ကျွန်တော်တို့မုန်းပါတယ်ဆိုတဲ့လူကြီးကလည်း အရင်က ကျွန်တော်တို့ရဲ ဆွေနီးမျိုးစပ်ကြီးဆိုတာကို လက်သင့်ခံဖို့တောင် အတော်အားယူရတယ်။ )အကုသိုလ်များလွန်းလို့ အတူတူ ကျွတ်တန်းမ၀င်သေးဘဲ ကျန်ခဲ့တဲ့သူအချင်းချင်း မာနကြီးနေကြတာလည်းရယ်စရာကောင်းပါတယ်။ ကံသာ အမိ ကံသာအဖ ဆိုရင်လည်း ကံကိုလည်း ကျေးဇူးဆပ်ဖို့လိုကောင်းလိုနေပါလိမ့်မယ်။ လူုအဖြစ်ရဲ့ ရွေးချယ်ခွင့်နည်းပါးမှုတွေထဲမှာ မိဘကိုရွေးချယ်ခွင့်မရတာလည်းပါကောင်းပါမယ်။ သား၊သမီးကို ရွေးချယ်ခွင့်မရတာလည်းပါကောင်းပါနိုင်ပါတယ်။ မိဘမေတ္တာကို မြင်းမိုရ်တောင်နဲ့ယှဉ်ရင် မြင်းမိုရ်တောင်ဟာ နွားချိုပေါက်စလောက်ပဲရှိမယ်၊ မိဘမေတ္တာကို သမုဒ္ဒရာနဲ့ယှဉ်ရင် မဟာသမုဒ္ဒရာတောင် ယုန်ခြေတစ်ထောက်စာလောက်ပဲဖြစ်သွားမယ်ဆိုတဲ့ အတိဿယတွေကို ကျွန်တော်တို့ မကြာမကြာ စာထဲထည့်ရေးပါတယ်။ သားသမီးမရှိတဲ့ အပျိုကြီး ဆရာ၊ဆရာမကြီးတွေတောင် ဒါမှ မိဘမေတ္တာကွ ဆိုပြီး အမှတ်အများကြီးပေးရအောင်ရေးကြပါတယ်။ ... တကယ်တော့ ကျွန်တော်တို့ဟာ For Granted ရတဲ့မေတ္တာတရားတွေကို နားလည်ဖို့ အတော်ကြီး ကွာဝေးနေပါသေးတယ်။ မိဘကလည်း သားသမီးမေတ္တာကို နားလည်ဖို့ကြိုးစားဖို့လိုသလို၊ သားသမီးကလည်း မိဘမေတ္တာကိုနားလည်ဖို့လိုပါတယ်။ တစ်လမ်းမောင်းမေတ္တာဆိုရင် ကွှန်တော်တို့ရဲ့ အပြုံးတွေဟာ အလင်းပြန်နိုင်ကြမှာမဟုတ်ပါဘူး။ ..........

ဒီနေ့အတွက် မေးခွန်းက လွယ်လွယ်လေးပါ။
မိဘမေတ္တာကို သင်နားလည်သလောက် ကိုယ့်ဘာသာကိုယ်ရှင်းပြကြည့်ပါ ဆိုတဲ့မေးခွန်းလေးပါပဲ။

Good Luck Buddies!!!

ခင်မင်စွာဖြင့်
Zephyr

Notes:

အင်မတန်ချစ်ခင်သော မိခင်ကြီးနှစ်ယောက် ရောက်ရာအရပ်များမှ ပြုံးပျော်စေရန်၊
သူငယ်ချင်းများ ရုံးမှနေပြီး မျက်နှာအကြောပြောလျှော့နိုင်စေရန်၊
မိဘမေတ္တာကို ကိုယ်တိုင်ကိုယ်ကျ ပြန်လည်သုံးသပ်နိုင်ရန်၊ အစရှိတဲ့ရည်ရွယ်ချက်များနဲ့ရေးပါတယ်။



စာအုပ်အသစ်တစ်အုပ်ရခဲ့တဲ့နေ့

စာအုပ်အသစ်တစ်အုပ်ရခဲ့တဲ့နေ့


ဒီစာအုပ်ထဲ ဘာရေးရင်ကောင်းမလဲ ........
ရပ်ပစ်ရှစ်ပါး အခန်းဖွဲ့ထားတဲ့စိတ် ... တရိပ်ရိပ် မြန်မြန် တွေးတယ်၊တွေးတယ် ...တွေးတယ်ခင်ဗျ ... တွေးတယ်ခင်ဗျ .............။


ဘာကိုမှ အယုံအကြည်မရှိတဲ့စိတ်ဟာ အားနည်းသတဲ့ ....။ ယုံရမှာပျင်းသူများ အသင်းဖွဲ့ရင်တောင် ပါရမှာပျင်းသူတွေ ... သက်သာသလို နေပါစေလား .....။ စိတ်ချမ်းသာသလိုနေ ... အမှန်တရားကိုချစ် ... ဘ၀ကို ဓာတ်ခွဲခန်းရလဒ်တွေမပါ၊ သချာင်္သက်သေပြချက်မပါ .....၊ တွေးခေါ်မြော်မြင်သူတို့ရဲ့စကားတစ်ခွန်းမပါဘဲနေသွားပါစေလား။ .... ပျော်ရွှင်စွာမဟုတ်ရင်တောင် ..စိတ်မညစ်စွာ။ `


.... အမှားတွေများလာရင် ယဉ်ကျေးမှုဖြစ်သွားသလိုမျိုးကြီး...အသားမကျချင်ဘူး .........။
(သွား)ကိုက်ဖန်များလာရင် ကိုယ့်သွားတောင်နှုတ်ရသေးတယ်မဟုတ်လား။.....


ယုံကြည်တာကိုမှ မရဲရင့်ရင် ဘာမှ ရဲရင့်စရာမရှိဘူး .....။


 ခြေဖျားထောက်ဝင်လာပြီးမှ အိမ်ရှင်မရှိမှန်းသိသွားတဲ့သူခိုးလို .....ဘ၀မှာ မလိုအပ်ဘဲ သတိတွေထားကြ ....စိတ်တွေဖြေလျှော့ကြ ........။ ဟုတ်လှပြီထင်ကြ၊ မဟုတ်သေးဘူးထင်ကြ .....မဟုတ်နိုင်တော့ဘူး နားလည်ကြနဲ့ .....။ ခြောက်ခြားဖွယ်ရာကြီး။


ဟုတ်တယ် ..
ဘ၀မှာ အသက်ရှူဖို့တောင် သတ္တိလိုတယ် .......။


မျက်ရည်တွေအပိုမပါလာတဲ့အတွက် မငိုဖြစ်လိုက်တာကလွဲရင် .... 
စာအုပ်အသစ်ဟာ ကြေကွဲစရာအတိပါပဲ ..........။


Not a poem, but  a brief notes.
Zephyr


Notes:
ငယ်ကတည်းက notes တွေအများကြီးရေးထားတယ်။ ကိုယ်စဉ်းစားထားတာတစ်ခုမှ အမေ့မခံနိုင်ဘူး။ အချိန်ရရင် notes တွေပြန်ဖတ်တယ်။ နောက်တစ်ခါစဉ်းစားတယ်။ ကျွန်တော်တို့ဟာ ဘ၀ကြီးကို လုံခြုံအောင် သေချာကာရံရင်း အကာအရံတွေကြားမှာ ပြန်ပြီး ပိတ်မိသွားတဲ့သူတွေနဲ့တူတယ်။ .. တစ်ခုချင်းစီကတော့ အမှန်တရားပဲ။ အားလုံးပေါင်းလိုက်မှ မှားသွားတယ်။

သဘာဝ

စေတီ... ဆည်းလည်းသံ ..... အမေအို ...ရှိခိုးဦးချ ............
သင့်စိတ်ကိုနာနာကြည့်ပါ .............
တောအုပ်.... သတ်ဖြတ်မှုများ .......သွေးသံရဲရဲ ..... သေဆုံးနေသူများ ........
သင့်စိတ်ကို နာနာကြည့်ပါ ....................။

ကလေးငယ်.......... ရယ်(ရီ)မောနေ ... လက်ကလေးကို ဆန့်တန်းထား .... မိဘရင်ခွင်ဆီသို့ပြေးလာ ........
သင့်စိတ်ကို နာနာကြည့်ပါ ..............
ပိန်လှီညှိုးချုံး ........အေ့ဒ်ကူးစက်ခံ ကလေးငယ် ..........ဆေးရုံရှိ အပေါစားသံကုတင်ပေါ် .......မျှော်လင့်ချက်ကင်းသောမျက်လုံးများ ...........
သင့်စိတ်ကို နာနာကြည့်ပါ .....................။

ကုသိုလ်၊အကုသိုလ်များ၊
ပြုသူ၊ဖြစ်သူများ ........
ကံများ .....
ဝိပါက်များ .......
ပျော်ရွှင်ခြင်း၊ ကြေကွဲခြင်း ခဏငယ်များ ..........
ခံစားသောစိတ်နဲ့ သိသောစိတ်များ ...

သိရုံမျှ ...
ရပ်လိုက်ကြရအောင် ......................သိရုံမျှ ......................................................................
သင့်စိတ်ကိုနာနာကြည့်ပါ။
စိတ်ကို နာနာကြည့်ပါ။
စိတ်ကို စိတ်က သိနေတာကို သိနေပါ။
စိတ်က သူ့အလုပ်သူလုပ်နေတာကို နားလည်ပါ ...........
သဘာဝတရားက သဘာဝတရားထဲ သဘာဝတရားလို နေသွားတာ ..............................။


Zephyr
(သိပ်ကိုမျှော်လင့်ထားတာတွေဟာ အသေးအဖွဲလို၊ ပေါ့တန်တဲ့ကိစ္စလိုဖြစ်သွားရင် လူတွေက ဒဏ်ရာရသွားတယ်။ စိတ်ထဲမှာ ဒဏ်ရာရသွားတယ်။ တစ်ယောက်အတွက် အရေးကြီးတာဟာ တစ်ယောက်အတွက် အပေါ်ယံကိစ္စဖြစ်နေတတ်တယ် .......သိပ်အများကြီးမျှော်လင့်ထားတဲ့သူပဲ ကြေကွဲရတာပါပဲ ....။ စိတ်ထဲမှာ ဒဏ်ရာတွေရှိတယ်။ ဒါပေမယ့် အဲဒီဒဏ်ရာတွေကို ပိုင်ဆိုင်သူနေရာမှာ ကိုယ့်ကိုယ်ကိုမသတ်မှတ်သရွေ့ .....ဒဏ်ရာတွေဟာ မနာကျင်ပါဘူး။ .........မျှော်လင့်ခဲ့ကြတယ်။ ကျွန်တော်တို့ဟာ စိတ်ထဲမှာ ဒဏ်ရာတွေကို နှစ်ပေါင်းများစွာ သယ်ဆောင်သွားလေ့ရှိတဲ့ ..........ခပ်ညံ့ညံ့ကုလားအုတ်တွေပဲ ...........။ ဒီကဗျာကို စိတ်ထဲမှာ ရေးထားတာ လေးနှစ်ရှိပြီ။ အဲဒီတုန်းက သာကေတက မိုးကုတ်ဓမ္မရိပ်သာတစ်ခုမှာ .........။ အဲဒီမှာ ကိုယ့်စိတ်ထဲက ဒဏ်ရာတွေကို ပြန်ရေတွက်တယ်။ လွှတ်ချထားနိုင်တာ လွှတ်ချပြီး မလွှတ်ချနိုင်သေးတာတွေ ဆက်သယ်လာခဲ့တယ်။ တကယ့်ကို အမှတ်တရပါပဲ ........။ ကျွန်တော်တို့ဟာ မကျေညက်တဲ့ သင်ခန်းစာကို ထပ်ခါတလဲလဲ ကြုံရမယ်ဆိုတာကို မေ့နေခဲ့ကြတာပါ။ အခုလည်း သေလာက်တဲ့ ဒဏ်ရာတွေကို အရိပ်တကြည့်ကြည့်မွေးမြူထားတဲ့ ခပ်ညံ့ညံ့ ကုလားအုတ်တစ်ကောင်ဖြစ်နေုတုန်းပါပဲ ..........။ ဆဟားရား (ဆာဟာရ) ကို ချစ်မိကြတဲ့ ကုလားအုတ်တွေရဲ့ တူညီသော ဒဏ်ရာဆိုပါတော့ .............။)

သေသူ၏ မှတ်ချက်များ

သေသူ၏ မှတ်ချက်များ

ဒီလိုပါ ...
ထိချက်တွေများလို့
ဘယ်ဒဏ်ရာက စနာမလဲဖြစ်တာမျိုးပါ။
မှုခင်းရေးရာ ကျွမ်းကျင်သူများ အလိုအရ ..
အသက်ရှူရင်းသေနေပြီလို့သိရတယ်။
ကျွန်တော်ပါ။
ရာဇ၀တ်သားလည်းကျွန်တော်၊
သက်သေလည်း ကျွန်တော်၊
အခင်းဖြစ်ပွားရာလည်းကျွန်တော် ...
အသက်ခံလိုက်ရတာလည်းကျွန်တော်ပဲ။
ဒါပေမယ့် မတော်တဆမှုပါ။

ဘယ်သူ့ကမှ ရုံးချိန်းမခေါ်ပေမယ့်၊
ဘယ်သူကမှလည်း တရားမစွဲပေမယ့်၊
ဘယ်သူကမှလည်း သေစားသေစေမပေးပေမယ့် ...
အဲဒီလမ်းကလေးကို ငေးရင်း ကျွန်တော် ပြစ်ဒဏ်ကျခံပါတယ်။
နှလုံးသားကို လက်ပြန်ကြိုးတုပ်ထားပါတယ်၊
တစ်ချက်တစ်ချက် ..
ကျွန်တော် အဆိပ်ဖြည့်ထားတဲ့ ဆေးထိုးအပ်တစ်ချောင်းကို ဆာလောင်ပါတယ်၊
တစ်ချက်တစ်ချက်
လျှပ်စစ်ကုလားထိုင် လှလှလေးတစ်လုံးကို ဆာလောင်ပါတယ်။
တစ်ချက်တစ်ချက်
ကြိုးတစ်ချောင်းမှာ သစ်သီးတစ်လုံးလို တွဲလွဲခိုနေမယ့် ကျွန်တော့်ခန္ဒာကိုယ်ကြီးရဲ့ ယိမ်းယိုင်နေမှုကို ဆာလောင်ပါတယ်။
ကျွန်တော်ဒီလိုပြောတော့ ... ဆရာဝန်က သနားသလိုကြည့်တယ်။
စိတ်ကိုအေးအေးထားပါဗျာ .... လို့ ကရုဏာသံလို့ သူယုံကြည်ထားတဲ့ အသံမျိုးနဲ့ပြောတယ်။
.........အဲဒီေ-ာက်ရူးကို အခန်းအပြင်ခေါ်သွားလိုက်ပါ ... Please ....။

Agressive လား Territory ကျွန်တော့်ဘာသာကျွန်တော်မသိဘူး။
ကိုယ့်ပိုင်နက်ထဲမှာ Agressive ဖြစ်ပြီး၊
Agressive ဖြစ်နေတဲ့နေရာကို ကိုယ့်ပိုင်နက်လို့ထင်နေတယ်။
ဒရက်ကူး ဘုရင်က ဖောက်ပြန်တဲ့ မုဆိုးမကို အရေခွံချွတ်လိုက်တဲ့ အခန်းကို ကျွန်တော် သုံးကြိမ်ဖတ်တယ်။
မနက်မနက် ကော်ဖီသောက်တယ်။
ဘုရားသခင် ... အဲဒါ ကျွန်တော်နဲ့မတဲ့တဲ့ဆေး ..........။
လူတွေက မရှင်ချင်တဲ့သစ်ပင်တွေကို ရှင်သန်အောင် ကြိုးစားနေသလို ...
ကျွန်တော့်သက်တမ်းကို ဆွဲဆန့်နေကြတယ်။
ဘုရား ဘုရား ... ကျွန်တော် နေရတော့မှာပါလားဆိုပြီး ဇောချွေးတွေပြန်လာတယ်။
လူတစ်ယောက်သေသွားဖို့ မတော်တဆမှုလေးတစ်ခု လောက် ရောက်မလာနိုင်ဘူးလား ....
မလိုအပ်ဘဲခက်နေတာ ဘ၀တဲ။
(ကျွတ်)

(ေ-ာက်အဓိပ္ပာယ်မရှိ)အသုဘခေါင်းတလားကိုလှအောင် ပြင်ဆင်ကြသလို
ကျွန်တော်ခေါင်းဖီးပါတယ်။
မနက်မနက်
ဖော်မလင်ထိုးထားတဲ့ လူသေကောင်ကို မှန်ထဲမှာတွေ့ပါတယ်။
ရေမွှေးဆွတ်ပါတယ်။
မလိုအပ်မှန်းသိပြီး လုပ်နေရတာတွေကို ကျွန်တော်နှစ်သက်ပါတယ်။
ရှင်နေတုန်းက လုပ်ခဲ့တာတွေကို
သေသွားလို့ မလုပ်ဘဲထားလိုက်ရမှာ
ကျွန်တော် ငြင်းဆန်ပါတယ်။

မတော်တဆ ...
ကျွန်တော် ချောက်ကမ်းပါးတစ်ခုထဲ ကားလမ်းချော်ပြီး ကျသွားမလား၊
မတော်တဆ အမူးလွန်ပြီးမောင်းလာတဲ့ ကားတစ်စီးစီးက ကျွန်တော့်ကို တိုက်ချသွားမလား၊
ဦးနှောက်သွေးကြောပြတ်တာမျိုး၊
Terrorist ဗုံးခွဲတုန်းပါသွားတာမျိုး ... တစ်ခုခုပေါ့ ...

တရားနာမလား ...
စိတ်အေးအေးထား
ပြုဖူးတဲ့ ကုသိုလ်တွေတွေး....
(ေ-ာက်ရေးမပါတာတွေ နားညည်းလိုက်တာ) ...
သားလှီးဓားတစ်လက်နဲ့ .. ပန်းပွင့်တစ်ပွင့် လောက်ယူလာပေးပါ .............။
....................................................
ဒီပန်းပွင့်ကို ခုတ်ထစ်ပြီးရင် .......................
တရားပဲနာနာ ..
ပြုဖူးတာပဲတွေးတွေး .....
လေကလေးကို ချွန်လို့ ...............
ကျွန်တော်သွားနိုင်ပါပြီ။ ။

Zephyr

ပရိုင်းမိတ်ဂုဏ်သတ္တိ

ပရိုင်းမိတ်ဂုဏ်သတ္တိ

လူတွေ
ကြံဖန်ပြီးမာနကြီးကြ
...
လူတွေမတိုင်မီ၊
မျောက်တွေ *အော်ရယ်ဆက်စ် နှင့်လေပြီ။
ကမ္ဘာကြီးဆင်ခြင်ဖွယ်၊
ဝေလငါးများ ရေထဲဆင်းသွားကြလေသည်။ ။


Notes:
*အော်ရယ်ဆက်စ်= oral sex

Zephyr
(ခဏလေးဖြတ်ခနဲဝင်လာတဲ့ ကဗျာကို ဖမ်းယူတပ်ဆင်ခြင်း ၁။)

ကဗျာအကျဉ်း

ကဗျာအကျဉ်း

သိပ်ပျော်နေတာနဲ့ ဒီဘက်မှာလာပြီး ကဗျာတွေ ရေးလိုက်တင်လိုက်လုပ်နေတယ်။
ကဗျာတွေ ရောက်မလာတာကြာပြီ။
ရှင့်ကို ကျွန်မ မချစ်တော့ဘူး ဆိုတဲ့ ဇာတ်ဝင်ခန်းထဲက ကောင်မလေးလို ပြောမသွားတာကလွဲရင်။
ဒါမှမဟုတ် ... စိတ်ထဲကို ခေါင်းငုံ့ကြည့်ဖို့ ပျင်းတဲ့ လူတွေနဲ့ ကျွန်မအတူမနေနိုင်တော့လို့ပါ ဆိုပြီး ထွက်သွားတာလား ...တစ်ခုခုပဲ။

ကဗျာထဲမှာ ဘာမှမ ပါဘူး။ စိတ်ထဲက အမှိုက်တွေပါရင်ပါမယ်။
မပါရင်လည်းမပါဘူး ...ခေတ်ကိုလည်းထင်ဟပ်ချင်လည်း ထင်ဟပ်မယ်။ အောင်တိုးတို့၊ ဘိုနီတို့၊ ဘလက်ကီတို့ ၀င်ဟပ်သလို ၀င်ဟပ်မှာတော့မဟုတ်ဘူး။ စိတ်ကျန်းမာရေးအတွက်ဖြစ်ဖြစ်၊ မဂ်ဖိုလ်နိဗ္ဗာန် ရဖို့ဖြစ်ဖြစ်၊ ၀မ်းသွားဖို့ဖြစ်ဖြစ် ကဗျာဖတ်စရာမလိုတာသေချာတာပေါ့။

ကဗျာဖတ်ပြီး ဘာမှလည်း မခံစားရပေါင်ဆိုရင်လည်း ... အဲဒါကမှ ကဗျာရဲ့ ရည်ရွယ်ချက်အစစ်ဖြစ်ကောင်းဖြစ်နေနိုင်တယ်။ ကဗျာဟာ အနုပညာ အစာမကြေ ရောဂါရှိသူတွေကို မူးဝေရာကနေ အော့အန်သေဆုံးတဲ့အထိ ဘေးထွက်ဆိုးကျိုးရှိတယ်။ (ဖတ်ရင် သတိနည်းနည်းထားပါ)။

ကမ္ဘာမှာလည်း ကဗျာရေးသူ၊ ဖတ်သူတွေရှိတယ်။ မြန်မာမှာလည်း ထိုနည်းလည်းကောင်းပဲ။ ကဗျာက ကဗျာအလုပ်ကို လုပ်ချင်လည်းလုပ်မယ်။ သူ့အလုပ်ဘာမှန်းမသိလို့ တ၀ါးဝါးသမ်းဝေချင်လည်း သမ်းဝေနေမယ်။ ကောင်းကင်ကို မော့ကြည့်လို့ ကြယ်တွေမမြင်ရရင် အဲဒီမှာ ကြယ်တွေမရှိဘူးလို့ မဆိုလိုဘူး။ .... ကဗျာတွေကို ငုံ့ကြည့်လို့ .. ကိုယ့်ခြေမပဲကိုယ်မြင်ရတယ်ဆိုရင် ... ခင်ဗျားရဲ့ ခြေမမှာ ကဗျာရှိတယ်မှတ်ပါ။ ။

Zephyr