Tuesday, January 11, 2011

မေမေ ကောင်းကင် သာယာရဲ့လား။

မေမေ ကောင်းကင် သာယာရဲ့လား။

တိမ်ဖယောင်းလက်သွယ်ပျောင်းတွေ
ဦးခေါင်းကိုပွတ်သပ်လို့
မေမေ ....... ၂ ၉နှစ် မှာ ......
မေမေ့ကို လိုအပ်ပါတယ်လို့ သားကပြောမယ်။

ချစ်ခြင်းဟာ ရေတံခွန်တစ်ခုပါမေမေ၊
ရပ်တန့်လို့မရနိုင်ဘူး၊
ရေတံခွန်ရဲ့အင်အား
ရေတံခွန်ရဲ့ အိမ်မက်
နောက်ပြန်မဆုတ်တဲ့သတ္တိ
သား အားလုံးကို သယ်ဆောင်သွားမယ်မေမေ။

မြန်မာနိုင်ငံသားတစ်သန်းမှာ တစ်ယောက်ပဲဖြစ်တဲ့
ကဗျာဆရာဘ၀ကိုခုံမင်မိတော့
သားကို နည်းနည်းမိုက်ခွင့်ပြုပါမေမေ။

သား အခု
လောကဓံကို ဟန်းဒီကပ်ပေးပြီး
နောက်ကနေ အမီလိုက်ရိုက်နေတယ်မေမေ၊
သံယောဇဉ်တွေ ဗာဒီမရတာကလွဲရင် သတ်မှတ်ရိုက်ချက်ပြည့်မီပါတယ်။

ဘ၀မှာ အောင်မြင်မှုတွေ ယူဖို့ပျင်းရိတဲ့သားက
အမေ့သွေးပါတယ်လို့ မေမေပြောသလို
အခုလည်း မအောင်မြင်ပါဘူးမေမေ။
အဲဒါကိုလည်း သားက ကျေနပ်မဆုံးဘူးလေ။

ယောကျာ်းပီသအောင်
ရန်စပြီးလည်းထိုးကြိတ်ဖူးတယ်၊
အသည်းတစ်ခါကွဲဖူးတယ်၊
ရေကူးတတ်တယ်။
အိုက်ကီဒိုကစားတယ်။
မေမေ့သားဟာ လောကကြီးထဲမှာ ဟိုက်ဒရိုဂျင်လို
ဒေါင်ကျကျပြားကျကျ ရပ်နိုင်ပါတယ်မေမေ။

ကောင်းကင်အထိမရောက်ပေမယ့် ...
လိပ်ပြာတွေပျံကြတယ်မေမေ၊
ကောင်းကင်အထိမရောက်ပေမယ့်၊
သစ်ပင်တွေမြင့်မားရှင်သန်ကြတယ်၊
ကောင်းကင်အထိမရောက်ပေမယ့် ......
ကဗျာတွေရေးနေမိတယ်မေမေ။
မေမေ့ကို သတိရကြောင်းလည်းပါတယ်။
ချောကလက်အကြောင်းလည်းပါတယ်။
မေမေ့ချွေးမလောင်းလေးအကြောင်းလည်းပါတယ်။

မွေးထားတဲ့ခွေးကလေးက သားကိုချစ်သလို
သားက မေ့မေ့ကိုချစ်တယ်။
သားဟာ မေမေ့ရဲ့ ခွေးကလေးပါ၊
၂၅ နှစ်လုံးလုံး အမြီးတနှံ့နှံ့
အစာတောင်းခဲ့တဲ့ခွေးဆိုးလေးတစ်ကောင်ပေါ့။

မှတ်မှတ်ရရ ...အိုးပုတ်စံပယ်ရဲ့မွှေးရနံ့ဟာ ရက်နှစ်ဆယ်ခံတယ်။
ရက်နှစ်ဆယ်လောက် နေမကောင်းဖြစ်တော့
အချစ်ဦးကတောင် မချစ်ဘူးဖြစ်လာတယ် မေမေ၊
ကမ္ဘာဦးက ခံတပ်လေးလို
သားရဲ့ အကျအဆုံးတွေနဲ့ဖိတ်စင်သွားတဲ့နေ့စွဲတွေအတွက် sorry ပါ၊
သားမှာမေမေရှိတယ်၊
ကျောထောက်နောက်ခံမဟုတ်ဘူး၊
သေဒဏ်အတူအပေးခံရသူတွေလို၊
စည်းစည်းလုံးလုံး၊
လေယာဉ်ပျက်တစ်ခုထဲ အတူစီးမိသူတွေလို၊
စည်းစည်းလုံးလုံး၊
အချစ်ဟာ မမြဲဘူးမေမေ၊
မေတ္တာမှမဟုတ်တာပဲ။

ငယ်ငယ်က မညီညာတဲ့ လက်ရေးတွေနဲ့ မေ့မေ့ဆီစာရေးသလို
အခုလည်း စိတ်နဲ့စာရေးလိုက်ပါတယ်။
အမေရင်ခွင်ထဲတိုးဝှေ့လိုက်တိုင်း
စိတ်ထဲ ယုဇနပန်းတွေပွင့်လာသလို အေးစိမ့်မွှေးမြနေတယ်မေမေ။

စိတ်ကို သိဖို့၊
စိတ်ကို ချမ်းသာအောင်ထားနိုင်ဖို့၊
မနသီကာရလေး ယဉ်ကျေးအောင် ဆုံးမနိုင်ဖို့ ...
သား ... ကြိုးစားရဦးမယ်။

ကောင်းသောစိတ်တွေဟာ
အငွေ့မပျံတတ်ပါဘူးမေမေ၊
လမ်းတွေခြောက်သွေ့ပေမယ့် ...
စိတ်တွေမကောက်ကွေ့ပါဘူး။
လောကရဲ့ဆားတွေဟာ ...
ကံပစ်ချတဲ့နေရာမှာနေလေ့မရှိသလို ...
အပူဒဏ်ကိုလည်း ကြောက်ရွံ့လေ့မရှိပါဘူးမေ။

မေမေ
ငြိမ်းချမ်းပျော်ရွှင်ပါစေ။           ။

Zephyr

Dedicated to my b <3ed moms.


No comments: