Friday, January 21, 2011

ထုတ်ပြကြတာပဲ

ထုတ်ပြကြတာပဲ

ရှေ့နေနဲ့အပြင်မှာတွေ့တော့
ဆရာ ကျွန်တော့်အမှု ဒီလိုဒီလို .... လုပ်ပါဦး၊ အကြံဥာဏ်လေး။
ဆရာဝန်နဲ့တွေ့တော့ ... အိမ်ထောင်သည်ဘ၀ဆိုပြေအောင် ...
အကြံလေးပါဆရာ ... စသဖြင့်၊
စာရေးဆရာနဲ့တွေ့တော့
ဆရာ ကျွန်တော်ရေးထားလေး လာဝေဖန်ပါဦး၊
စသဖြင့် မေးကြ၊မြန်းကြရာက Tag ရ Chat ရတဲ့အနေအထားရောက်လာ။

အပျော်တမ်း ဓာတ်ပုံဆရာဟာ
အသင့်အတင့် ပရော်ဖက်ရှင်နယ်ဆန်လာဖို့၊
ရှိသမျှရင်းလိုက်သလို၊
အပျော်တမ်းတွေဟာ
ပရော်ဖက်ရှင်နယ်ဆန်ဖို့
မရှိရှိတာရင်းကြရတာပဲ။

လူတွေဟာ ဆရာဝန်မဖြစ်ခဲ့ရင်
ဆေးကုဖို့မကြိုးစားကြပေမယ့်
စာရေးဆရာမဖြစ်ခဲ့ရင်
စာရေးဖို့ကြိုးစားကြတယ်။
(လွယ်တယ်ထင်လို့။)
ကဗျာဆရာမဖြစ်ခဲ့ရင်
ကဗျာရေးချင်တယ်။
(လွယ်မယ်ထင်လို့။)
အနုပညာကို certiificate မလိုဘူးဆိုလို့
အတန်းလာတက်ကြည့်တဲ့သဘောလား ....။
ဘာလား။ ညာလား။ ကဗျာလား။
သဘာလား။ ဗလာလား။
အပူချိန်မြင့်လာကြောင်း ကြွေသံပေးတာလား။
ရောဂါဆန်းလား။
ခပ်ပိန်းပိန်းမဟုတ်ကြောင်းပြတာလား။
ပြာတာလား။
ပြောသလိုလို၊ပေါသလိုလို၊ ရူးချင်ယောင်ဆောင်ရင်း
တကယ်ရူးသလိုလို ဖြစ်လာ၊ပျက်လာ၊
ရှုရင်းလွဲလာလိုက်တဲ့ယောဂီလို၊
မှတ်ချိန်ပြည့်တော့ ဖင်ဗူးထောင်ကြီးထောင်လျက်သား။

က၀ိလက်ထဲက လုယက်ခံလိုက်ရတဲ့အရာ၊
ပြည့်တန်ဆာလက်ထဲက လွတ်ကျသွားတဲ့အရာ၊
တန်ဖိုးထားသရွေ့ တန်ဖိုးဟာ
တန်ဖိုးရှိနေတာပါပဲ။
အဆိပ်ပင်ရေလောင်းတာလည်းကောင်းတယ်။
မီးလောင်ရာလေပင့်တာလည်းကောင်းတယ်။
အရူးတွေများတော့အပျင်းပြေရတာပေါ့။

စကားမစပ် ဘယ်သူမှ ဂျွမ်းမထိုးသေးဘူးလား။
သန်းကြွယ်သူဌေးဖြစ်ချင်ရင် ဇင်ဘာဘွေ ငွေဝယ်လိုက်ပါ။
လွယ်လွယ်လေးမှ လွယ်လွယ်လေး။
လူတိုင်း ကဗျာရေးဖို့လိုလား။
စနေနေ့တိုင်းမြောင်းဖော်ကြသလို
လိုအပ်မှုကြီးလား။
အရပ်ကတို့ရေ .. ကဗျာရေးကြစို့အေရဲ့။

ကဗျာတွေေ-ာက်အဓိပ္ပာယ် မရှိဘူးလို့
ထင်နေတာကို ဆန့်ကျင်ဖို့ဆိုလား၊
ကဗျာသေပြီဆိုတာကို အသက်ကယ်ဆေးထိုးပေးဖို့
အချိန်မီကမ်းကပ်လာတာဆိုလား။
နိုင်ငံရေးနဲ့ ကဗျာရေး သင်ကြိုက်ရာရေးဆိုလား။
........
ဖြည်းဖြည်းကြွပါ
ဖြည်းဖြည်းကြွကြပါ လူကြီးမင်းတို့ရယ်။
လူနာလည်းဆုံးပါပြီ။

ဟိုမှာ၊ သန်းငါးဆယ်မှာ၊
ကဗျာဆရာ ငါးဆယ်မထွက်ပါဘူးဆိုမှ ...
အဝေးရောက်ကဗျာဆရာ၊
အွန်လိုင်းကဗျာဆရာ၊
အများသုံးအိမ်သာ ကဗျာဆရာ စသဖြင့်
ထိုးထိုးထောင်ထောင် တိုးတိုးဝှေ့ဝှေ့ဖြစ်လာ၊
ပလီစိခုနစ်ချက်ကဗျာဆရာကလည်း
ခံစားချက်တွေသိပ်များလို့ ကွန်ဖက်ရှင်းနယ်လိုက်ရတယ်ဆိုလားပဲ။
....
၂၀၁၁ မှာ
ကဗျာမဖတ်တာနဲ့ ဖတ်တာဟာ
ဘာမှမကွာတော့ဘူးဆိုတာ
ကလေးတွေကို ပြောထားလိုက်ကြရအောင်အေ။ ။

Notes:
ကဗျာဆိုတာတွေကိုမျက်စိနောက်လာလို့ပါ။


No comments: