Tuesday, January 11, 2011

ပုံဖျက်ထားသော ပုံပျက်ပန်းပျက်

ပုံဖျက်ထားသော ပုံပျက်ပန်းပျက်

စကတည်းက ယဉ်သကိုပဲ၊
ခေါင်းပန်းလှန်တယ်ဆိုတာ မြေဆွဲအားတစ်ဝက်ကံကြမ္မာတစ်ဝက်
ကျွမ်းကျင်မှုတစ်ဝက်၊ အချိန်အဆတစ်ဝက်ပါပဲ။
အဆိပ်သောက်ထားပြီးသားသူတွေထဲမှာတော့
ဆော့ခရေတ္တိ သွေးအအေးဆုံးပဲ။
ကျန်တာတွေက ဆိုဖီတွေ ....
ပိုက်ဆံရမယ်ဆိုရင် ဘာမဆိုသင်ပေးတယ်။

မနေ့ကပဲ ယောနိသောမနသီကာရအမြန် ဆိုလို့ ၀င်တက်လိုက်တယ်။
ဖေ့စ်ဘွတ်ခ် လိုက်ခ်နည်း အမြန်၊
ဒီဘိုနိုးအမြန်၊
ပန်းသီးအမြန်၊
ဝီကီလိခ်အမြန်၊
အသက်တောင် မြန်မြန်ရှူတတ်ဖို့ သေချာသင်ထားလို့တော်တော့တယ်။

ခေတ်ကသိပ်မြန်တယ်။
ဆွဲဆရာရေဆို မရပ်တော့ဘူး၊
တစ်ခါတစ်ခါ ပဲခူး၊
တစ်ခါတစ်ခါစစ်ကိုင်း
မြင်းတစ်ပိုင်း လှေတစ်ပိုင်း ရင့်ကျက်ပစ်ရတာလည်းမနည်းဘူး။

ကျမ်းစာကို သတင်းစာနဲ့ အစားထိုးပြီးနောက်
သတင်းစာကို အင်ထနက် နဲ့ အစားထိုးတယ်။
တာ့ခ်ျစခရင်ကို တို့တယ်၊ထိတယ်၊ အတွေ့အထိမှာသာယာတယ်။
အိုင်ဖုန်းနဲ့ပုတီးစိပ်ကြ၊
အိုင်ဖုန်းနဲ့ တရားနာကြ၊
တရားရှာ ပေါ့ထ်ကာ့တ်စ်မှာတွေ့လားတွေ့ရဲ့၊

မဖျားမနာပဲ အနှိပ်ခံနေတဲ့ခေတ်၊
စိတ်ဖိစီးမှုများတော့ .. အရက်လည်းကြိုက်လာ၊
အပေါစားဖျော်ဖြေမှုတွေလည်းကြိုက်လာ၊
မသက်မသာခေတ်ကြီးထဲ
သက်သက်သာသာနေတာဟာ ပညာ။

အသက်က ကြီးကြီးလာတယ်။
အဲဒါကိုမေ့ထားလိုက်၊
ယောက္ခထီးကို ချစ်ပါတယ်ဆိုတဲ့ သားမက်လို
ယုံရခက်ကြီးခေတ်၊
ပါပါရာဇီများလို့ အပေါ့အပါးတောင်မသွားရဲတဲ့ခေတ်၊
နင်းပြားဘ၀ကနေ ပျဉ်းမနားသို့ ဆိုလား ...( အောင်မြင်သူတို့ အထုပ္ပတ္တိဆိုလား) ထုတ်လို့ရတဲ့ခေတ်၊
သွားကြားထဲမှာ အနံ့အသက်မကောင်းတော့တဲ့အသားလို၊
အဖြစ်မှန်ပေါ်လာတဲ့ခေတ်၊
(တစ်ခါတစ်ခါလည်း တရားကျဖို့ကောင်းတယ်။)
ခွေးရူးတွေ ဆက်တိုက်ကောင်းစားသွားတဲ့ခေတ်၊
ပညာတတ်လေ ဆင်းရဲလေခေတ်၊
အရောင်အနံ့အရသာမဲ့ ဒဏ်ရာတွေများများလာတဲ့ ခေတ်ကောင်း အခါကောင်းကြီးပါ .......။

လူအုပ်ထဲ မျောပါသွားသလို၊
သိပ်များများတွေးစရာမလိုဘူး။
ပုလွေဆရာမပါဘဲ ချောက်ကမ်းပါးဆီရွေ့နေတဲ့ ကြွက်တွေ၊
ပျော်နေပုံရတယ်။
သံသရာလည်မှာကို အတူတူကြောက်ခဲ့ကြပြီး၊
သံသရာလည်မှာကို အတူတူချစ်ခဲ့ကြတယ်။
ကြောက်ချစ်ရိုသေ သမုဒယကြီးနဲ့
တစ်ခါတစ်ခါရိပ်သာ၊
တစ်ခါတစ်ခါ ကလက်ဘ်
အဆင်ပြေသလိုတက်တယ်။

မသက်သာပါဘူးဆရာ၊
... ဒီဆေးလည်းမတည့်ဘူး .........လို့
ဘာသာတရားကိုပြောတဲ့အခါပြော၊
ကိုယ်စောင့်နတ်ကိုပြောတဲ့အခါပြော
နေရောင်အောက်မှာ ပိုးစုန်းကြူးပြန်ရှာနေသလို၊
ခဲရာခဲဆစ်ကြီးေ-ာက်သုံးမကျနေရတာပါ။

လက်ကြောတင်းအောင်မလွမ်းကြတော့တဲ့ခေတ်ထဲမှာ ...
ပညတ်ပရမတ်ကွဲအောင်ချစ်ရတာလည်းတစ်ဒုက္ခ၊
ရည်းစားဟောင်းကိုမေ့လိုက်ဖို့တော့ သင်ဟာ တိဟိတ်စစ်ပါတယ်။
...

စကားမစပ် ....၊
လက်ကောက်ဝတ်ကို လှီးဖြတ်လိုက်တဲ့ဓားဟာ ... သံချေးတက်မနေဖို့ပဲလိုတယ်။
ကျန်တာတွေကတော့ သူ့သဘောသူဆက်ဆောင်သွားလိမ့်မယ်။ ။


Zephyr

No comments: