Friday, December 2, 2011

တစ်ခါတစ်ခါပြန်ပြန်ရောက်လာတယ် ခရီးက ငါ့ဆီ။

တစ်ခါတစ်ခါပြန်ပြန်ရောက်လာတယ် ခရီးက ငါ့ဆီ။

နေရောင်ခြည်ရဲ့နွေးထွေးတဲ့ရနံ့ကို
စားသုံး... နေ့တွေ လတွေ၊ နှစ်တွေကို မေ့ထား၊
အခေါက်တွေ ထူထဲလာ၊
နေဒဏ်မိုးဒဏ်
အသားကျလာ။ မနေ့ကလာပြီး၊
ဒီနေ့ပြန်ထွက်သွားတဲ့
ဆောင်းရနံ့ကို
whisky ရနံ့ထဲမှာပြန်တွေ့ရင်လည်း
အံ့သြမနေတော့။

သေချာခြင်းအထပ်ထပ်နဲ့
သေချာချည်ထားခဲ့ပါတယ်လို့တော့ ထင်ထားခဲ့၊
အနာဂတ်ဟာ၊
သိပ်အလှကြီးမဟုတ်တောင်၊
သာယာစေရပါမယ် .. ကတိတွေ ဘာတွေ ပေးထားခဲ့။
ချစ်လှစွာသော ဘူမာရင်းကြီးရေ ...........
ပစ်လွှတ်ခဲ့ ...
ရင်ခွင်ဆီ၊
ကွေ့ပါ။

မနက်ဖြန်တကွေ့ကွေ့ပေါ့၊
တွေ့မယ့်တွေ့တော့လည်း
မိုးထဲရေထဲ၊
အနာဂတ်အပြဲတွေနဲ့၊
ကိုယ့်ခေါင်းကိုယ်
အနိုင်နိုင်မိုးနေရတယ်၊၊
စိုရွှဲနေ၊
မျက်လုံးဟာ
မိုးရေမဟုတ်ရင် မျက်ရည်နဲ့။

အချစ်၊
ဝဋ်ကြွေး၊
သံသရာအထပ်ထပ်၊
အလွမ်း လွင်ပြင်ကျယ်
ဟော ဟိုး ကောင်းကင်ကြီးထက် ကျယ်ပြန့်
ဟော ဟိုး ပင်လယ်ကြီးထက်လည်း နက်ရှိုင်း .......
အိုး အချစ်ရေ ...........
မျက်ကန်းယုံကြည်မှု အဖွေးသားနဲ့
သန့်ရှင်းကြည်လင်သော အချစ်တွေ၊
ယူပါ။

ချောက်ကမ်းပါးမှာ
ခြေဖျားထောက်ရပ်နေတဲ့ယုံကြည်ခြင်းတွေ၊
လည်ပင်းမှာ တင်းစပြုနေတဲ့ကြိုးရဲ့ တည်ကြည်ခြင်းတွေ၊
အမြင့်မှာ လှိုက်ခနဲပျော်ရွှင်လာတဲ့ ရော်ရွက်ဝါတွေ၊
လက်ကောက်ဝတ်မှာစီးကျနေတဲ့ သွေးနွေးနွေးတွေ၊
မီလီဂရမ် ပြည့်မီသွားတဲ့ paracetamolတွေ၊
လည်ချောင်းထဲခါးနေတဲ့ ပိုးသတ်ဆေးတွေ၊
နှုတ်ခမ်းဟာ
kiss of death
ကို မထီတရီခဲလို့၊
ခွဲခွာခြင်းကို
ပခုံးတွန့်ဖို့ နားထင်နဲ့သေနတ်ဟာ နေသားကျလို့၊

အခု ...
ခရီးဟာ ဆိုက်ဆိုက်မြိုက်မြိုက်။ ။

Zephyr

Sunday, November 13, 2011

ကစားပွဲ

ကဗျာကလည်း ရောက်မလာတာကြာပေါ့။ ဒါနဲ့ တစ်နေ့ အလုပ်များနေပြီး ခေါင်းကိုက်နေတုန်း၊ ကဗျာတစ်ပုဒ်ရောက်လာတယ်။ ငါ့ကို ဦးစားပေးပါဆိုပြီး ရင်ဘတ်ထဲ ခေါင်းနဲ့တိုးပြီးဝင်ရောက်လာတယ်။ အဲဒါနဲ့ အလုပ်တွေ ခဏရပ်ပြီး ကဗျာကိုအရင်ရေးလိုက်တယ်။ အကြမ်းထည်ဆန်တယ်။ ရောက်လာတဲ့အတိုင်းပြန်ထုတ်လိုက်လို့။ ဘာပဲဖြစ်ဖြစ်၊ ရိုးရိုးသားသား ရောက်လာတဲ့ ကဗျာတစ်ပုဒ်ကို ကျွန်တော်ချစ်တယ်။ Special Effect မပါတဲ့ ကဗျာရိုးရိုးလေးတွေနဲ့ပဲ ကျွန်တော်နေထိုင်တယ်။ ကဗျာကိုချစ်တဲ့ မိတ်ဆွေတွေအားလုံးအတွက် အမှတ်တရ လက်ဆောင်ပါ။ ပြုံးစရာ ကော်မန့်လေးကိုပါ ကူးလာခဲ့တယ်။ ကျွန်တော့်ရဲ့ကစားပွဲဟာ ခင်ဗျားရဲ့ ကစားပွဲရောဖြစ်နေမလား တိုက်ဆိုင်ကြည့်ပါဦး။

ကစားပွဲ

ကိုယ့်ကိုယ်ကို တူးဖော်တော့
ပေါက်ချွန်းတွေပြန်ထွက်လာတယ်။
ကိုယ့်ကိုယ်ကို စွန့်ပစ်တုန်းက
ကြွပ်ကြွပ်အိတ်အသစ်စက်စက်နဲ့ သေသေ
သပ်သပ်ထုတ်ပိုးရင်းပေါ့။
မကြာပါဘူး၊
ဒဏ်ငွေဆောင်လိုက်ရတာပဲ
အဖတ်တင်တယ်၊
ဒီဘ၀တော့ စွန့်ပစ်လို့
မရဘူး
တဲ့။
အမှိုက်ကို ရေချိုးချိုးပေးရတယ်။
စိတ်ကို စင်စင်ကြယ်ကြယ်
တိုက်ချွတ်ရတယ်။
ဘယ်လို ဘ၀ကြီးလဲ။

ငိုတဲ့မျက်ရည်တွေ
မျက်လုံးထဲ ပြန်တိုးဝင်တယ်။
လူစားမလဲဘဲ
စတန့်လုပ်ချင်တော့
အသည်းကွဲရတာပဲအဖတ်တင်တယ်။
ကျကျနန
နာနာကျည်းကျည်း
ညည်းမိတဲ့သီချင်းဟာ
ကျေကျေနပ်နပ်။

မနက်ဖြန်မှာ
အနေတတ်ရင်
အသေမြတ်တော့မလို၊
ရှယ်ရာတွေကျတယ်၊
သွားရည်တွေကျတယ်၊
စိတ်ဓာတ်တွေကျတယ်၊
ရာဟုဂြိုဟ်ကလွတ်တော့မှာပါ
မကြာမီပေါ့၊
မကြာမီပေါ့၊
အချိန်မီလေးပေါ့၊
လက်မတင်လေးပေါ့၊
ဦးခေါင်းကို လိုတာထက်မော့ထားလိုက်တယ်။
တင်ပါးလေးနေသယောင်
ရင်ကိုကော့ထားမိသေးတယ်။
ကိုယ့်ရဲ့ iinferiority complex တံဆိပ်လေးကိုတသသနဲ့
စိတ်ထဲမှာ ခပ်တည်တည်တပ်ထားလိုက်သေးတယ်။

မကြာမတင်လေးကပဲ
အက်ရှင်မင်းသားရဲ့
ကျည်မကုန်တဲ့သေနတ်တစ်လက် လိုချင်ခဲ့သေးတယ်။
နောက်တော့လည်းမထူးမှန်းသိတယ်၊
ကိုယ့်ကိုယ်ကိုပစ်မရမယ့်အတူတူ
သေနတ်ဟာ ဘာလုပ်မလဲ၊
ဘာလုပ်မလဲ၊
ဘာလုပ်မလဲ၊
ဘာလုပ်မလဲ၊
အဲဒီလိုတွေးနေခဲ့တာ
၂၉ နှစ်၊
ကဲအခု မင်းဘာလုပ်မလဲ။

ရှင်သန်မှုလား
ရှင်သန်နေရမှုလား၊
ပြုံးနေကြတာလား၊
ပြုံးနေရတာလား
ဘ၀က မြွေနဲ့ လှေကားကစားနည်းလား၊
လှေကားရောပါရဲ့လား
မြွေကတော့ အလှည့်တိုင်းမျိုတယ်။

အမြင့်ကိုတက်ကြတာဟာ
အကျနာဖို့ပဲလို့
နာနာကြီး ဆင်ခြင်မိတယ်။

မကြာခင်မှာ ၃၀၊
သက်တမ်းကို တစ်ဝက်တိတိ
လက်ဝါးစောင်းနဲ့
ပခုံးစောင်းနဲ့
စောင်းနေတာတစ်ခုခုနဲ့
ရိုက်ချိုးဖြတ်တောက်ပြီးပြီ
တစ်ဝက်ပြည့်ပြည့်
တစ်ဝက်လျော့လျော့
အဆိပ်ခွက်ကို
သူ့အတိုင်းထားတာကောင်းတယ်။

သံသရာမှာ
ထွက်စို့လွယ်လွယ်ခေါ်လို့မရဘူး၊
အက်ရှင်
အက်ရှင်
ဆိုမှ
ငိုငိုပြနေကြတယ်။
အက်ရှင်
အက်ရှင်ဆိုမှ
ချစ်သူကို
ပွေ့ဖက်တယ်။
အက်ရှင်အက်ရှင်
အော်နေတဲ့စိတ်၊
သူ
ဘယ်တော့မှ
မတိတ်ဘူး။

ကစားပွဲကို
ကစားပွဲမှန်းသိရင်
ထွက်လို့ရတယ်။

ကစားပွဲကို
ကစားပွဲမှန်းမသိရင်
အသက်လည်းအသက်
လျှာလည်းလျှာ
အသေ(သို့)အရှင်
တစ်ခုခုထွက်နေရမယ်။ ။

Zephyr
(ခေါင်းကိုက်နေချိန် ညနေ ၄ နာရီ ၈ မိနစ်)
· · · Share · Delete
  • Manor Hary, May Nyane and 2 others like this.
    • Manor Hary ခေါင်းကိုက်လည်းပျောက်ရော တစ်ခုခုထွက်ချင်စိတ်လည်း ပျောက်ရော မဟုတ်လားး))
      November 9 at 12:20am · · 1

Tuesday, August 16, 2011

နွေရာသီကိုပန်ဆင်သော ဥသြသည် သာယာညင်းသွဲ့ ငိုလေ၏

နွေရာသီကိုပန်ဆင်သော ဥသြသည် သာယာညင်းသွဲ့ ငိုလေ၏

မီးခိုးရောင်ကိုယ်စားပြုမှုတွေနဲ့ တိုက်စားလွန်းသောတရား
ပျစ်ခဲဆေးသားတိမ်တိုက်ထဲကပ်နေတဲ့ ပျံမရတဲ့ငှက်များ
ခြေထောက်မပါတဲ့မြစ်ကမ်းနပါးမှာတော့ သွေးအေးစိတ်သတ်သမား
ဒဏ်ရာသည်းနေသူအတွက် ခြေသံလေးတစ်ခုဟာလည်း စိုးရွံ့ထိတ်လန့်စရာ။

အကျအရှုံးအမြောက်အမြားနဲ့ နောက်ဆုံး အလံကျိုးပဲ့မှု
အနက်ရှိုင်းဆုံး သွေးစက်အငွေ့ပျံချိန်ထိ ခုခံထားတဲ့ ခံတပ်လေးထဲ
ရုပ်ဆင်းပျက် ပြိုကွဲမှုက တစစီ ……….။

ဆောင်းခေါ်တေး တကြော်ကြော်နဲ့
မနေ့ညအထိ မျှော်ခဲ့သေးတယ်။
နစ်သွားတဲ့ရွက်တိုင်မှ ခရမ်းပြာ(ပင်လယ်)ကြမ်းပြင်ထိ၊
လွမ်းဆွတ်ခြင်းဟာ ငုပ်မိသဲတိုင်။

မှားယွင်းတဲ့ယုံကြည်မှုဟာ လက်ချော်သွားတဲ့ တက်တူးလို
သေရာပါရယ်စရာနဲ့၊
မြန်နှုန်းမြင့်ရူးသွပ်ခြင်းတွေ ပြေးထွက်သွားပုံကတော့
အရူးတပိုင်းဆန်လွန်းနေရဲ့၊
ရပ်မရတဲ့ခြေထောက်များနဲ့ နင်းဖြတ်ရမယ့် ဆူးလမ်းတွေက
တနံတလျား …… အလိုက်အလျားသင့်မိခဲ့တဲ့ရင်ခွင် အမှားမှာ
နောင်တရွက်ဟောင်း တကြွေကြွေ။ ။

Notes:
I wrote this poem with regret.
I didn't use my pen name as well. My mind is shrinking to become a blackhole. See you again in the next big bang.

Regards,
The Gardener

Tuesday, June 28, 2011

ကျပျောက်သွားတဲ့မြစ်။

ကျပျောက်သွားတဲ့မြစ်။

ပြန်မလာတော့ဘူးဆိုတာသိရင်
မြစ်ဖျားခံနေဖို့
စိတ်တွေကို
အေးခဲသောဒေသဆီ
ပို့လွှတ်ခဲ့မိမှာမဟုတ်ဘူး။
အလွမ်းယောင်ဆောင်ထားတဲ့ ကြေကွဲမှုဟာ
နာကျင်မှု အဖြစ်အရောင်ပြောင်းစပြုလာ၊
တောင်တန်းဒေသ၊
နှင်းမကွဲမီ အသည်းကွဲသွားသောနံနက်ခင်းများနှင့်အတူ
ရိုးရိုးလေးအသည်းကွဲနေရ၊ မီးလင်းဖိုလေးအနီး၊
မီးခိုးငွေ့များနှင့်အတူ လွင့်မျောညင်သာ၊
ဘ၀ဟာ လုံးဝန်းတဲ့ကျောက်စရစ်လေးတစ်လုံးလို
လောကဓံအားဖြင့် ချောမွတ်နာကျင်ခဲ့ရ။

စိတ်မှာ ဆူးစူးနေတဲ့ ဒဏ်ရာကို ဘယ်လို ကုသရမှန်းမသိ။
ကြံရာမရ၊ မျက်ရည်တွေနဲ့ထွင်လိုက်ရတယ်။

အဖြူရောင်ကို တစ်စစီခွဲပြီး
အနက်လည်းပါတယ်ဆိုတော့
ဒီဘ၀ ဒီမျှပေါ့ကွယ်၊

ငြိမ်ငြိမ်လေး အသည်းကွဲနေရတာထက်
ရင်ကွဲနာကျ လေချွန်နေတဲ့ကောင်က
ပိုအပြောအဆိုခံရတတ်တယ်။

ဂရုတစ်စိုက် သုံးစွဲပါ။
သင်ရခဲ့သော သုံးဆယ့်တစ်ဘုံ ဆေးလိပ်တို။

ပြုံးပါ။
ပြုံးနိုင်သလောက်။
မပစ်မယ့်လေးကို အားနဲ့တင်နေသလို
ပြုံး လိုက် ပါ။

ကြယ်တွေကို
တစ်ညတစ်လုံးခူးထားလိုက်၊
ကြယ်တွေကို
တစ်ညတစ်လုံး ကောက်ထားလိုက်၊
လွမ်းတဲ့အခါ
သူ့အိမ်ခေါင်မိုးပေါ်
ကြယ်တွေပစ်တင်ပြီး ပျော်ရ။
ကောသွားတဲ့မြစ်လို
မလင်းတော့တဲ့ကြယ်ဟာ
တန်ဖိုးကျလွယ်တယ်။ ။

Z

Wednesday, June 22, 2011

အဖေများနေ့ကဗျာဆိုပါတော့အဖေ။

အဖေများနေ့ကဗျာဆိုပါတော့အဖေ။

မိသားစုတွေဟာ ရှည်လျားတဲ့ခရီးတစ်ခုပေါ့ အဖေ။
ဆူးပင်တွေညိနေတဲ့လှည်းကို အဖေမောင်းတယ်။
နွံ့ထဲဆင်းပြီး လှည်းကိုတွန်းတယ်။
ရေစီးကြမ်းလည်း ဖောင်ကိုဆန်တက်တယ်။
ဒါတွေဟာ အဖေ့အလုပ်ပေါ့။
အဖေက နိုက်ဘွဲ့ကိုမယူဘူး။
လက်မထိပ်မှာ အပ်ရာမရှိဘူး။
လုပ်စရာရှိတာလုပ်နေတဲ့
သာမန်အဖေတစ်ယောက်၊
ရွက်အုပ်သီး သူရဲကောင်းပေါ့။

မိုးလင်းမိုးချုပ်အလုပ်လုပ်တော့
အဖေရတာက
သားသမီးအမုန်းပေါ့။

အဖေကညည်းညူတတ်သူမဟုတ်ဘူး။
ဖျားနာတတ်သူမဟုတ်ဘူး။
နေ့တိုင်း ပါတိတ်ရောင်းနေရင်း
ဈေးဆိုင်ကျဉ်းကျဉ်းမှာ
သွပ်မိုးနိမ့်နိမ့်မှာ
တစ်ဆိုင်လုံးဖွပြီး
ဘာမှဝယ်မသွားတဲ့သူတွေနဲ့
ရယ်ရယ်မောမော ရောင်းဝယ်နေတတ်သူ။

အဖေက မနက် ဈေးမဖွင့်ခင်
ဘုရားကျောင်းတက်လေ့ရှိတော့
သားတွေက
သူတော်ဂေါင်းဂျီးလို့ ရွဲ့တယ်။
အဖေ၀ယ်လာတဲ့မုန့်တွေစားပြီး၊
အဖေ့လွယ်အိတ်ထဲက လိုသလောက်မုန့်ဖိုး နှိုက်ယူခွင့်ရှိတာတော့
ပျော်ခဲ့တယ်။

အဖေက
သားသမီးရှိလာတော့
အရက်နဲ့ဆေးလိပ်ဖြတ်တယ်။
စီးပွားကောင်းလာတော့၊
တက္ကသိုလ်ကျောင်းကို အဆက်ဖြတ်တယ်။
အဖေဘ၀က သုံးပုံတစ်ပုံပဲ
ကျန်တဲ့သုံးပုံနှစ်ပုံက
မိသားစုဆောင်းခိုတဲ့ ခရုခွံ။

ကျွန်တော် ကိုးတန်းနှစ်မှာ
စီးပွားကျလာတော့
အဖေအိမ်မှာရှိလာတယ်။
ကျောင်းလိုက်ပို့တယ်။
လိုက်ကြိုတယ်။
သား သမီးတွေကို
အဖေချစ်ပါလားလို့
ကိုးတန်းမှပဲသိတယ်။

အဖေမစားတဲ့ညစာတွေဟာ
များသထက်များလာတယ်။

စီးပွားပျက်ချင်တော့
ဘာလုပ်လုပ်ရှုံးတယ်။
ဥစားကြက်လည်းမွေးတယ်။
ရှုံးတယ်။
ဆီလုပ်ငန်းလည်းလုပ်ဖူးတယ်။
ရှုံးတယ်။
အဖေက
မြန်မာပြည်က
အရှုံးသမားတစ်ယောက်အဖြစ်
ထွက်ခွာသွားတယ်။

တတိယနိုင်ငံတစ်ခုထက်
နည်းနည်းလေးသာတဲ့နိုင်ငံမှာ
အဖေအလုပ်လုပ်တယ်။
ဒီအရွယ်မှာ အပြင်ထွက်အလုပ်လုပ်တာ အဖေပဲရှိတယ်။
အသက် ၄၀ ကျော်မှာမှ
ဘ၀ကိုစတယ်ဆိုတာ
အဖေ့ဘ၀ပဲ။
သုညကပြန်စရတယ်။

လောကဓံခြေသာနေတဲ့နှစ်များက
၉၉ ကစတယ်။
ဒီလိုနဲ့
မိဘဆုံး။
သားတွေဘွဲ့ရကုန်၊
မိန်းမလည်းဆုံးသွား၊
အဖေဟာ
ဘာအတွက်မှန်းမသိ
အလုပ်လုပ်နေသူဖြစ်လာ။
အဖေ့ဘ၀ဟာ
ဘယ်လိုတွေးကြည့်တွေးကြည့်
အရင်းတောင်မရဘူး။

အဖေဟာ
အလှူအတန်းရက်ရော၊
အပေါင်းအသင်းခင်၊
လက်ဖွာ၊
ဘုရားတရားကြည်ညို၊
ရေဒီယိုနားထောင်လေ့ရှိ၊
မိန်းမကို အတော်လေးချစ်ခင်၊
သားများနဲ့ စကားကြာကြာပြောရင်မတည့်၊
အသက်ကြီးပေမယ့်
ထင်သလောက်မပျက်စီးသေးတဲ့ အဖိုးအိုလေးပေါ့။

အဖေက
အခုအထိ ကျမ်းစာလေးတစ်အုပ်ကို အထပ်ထပ်ဖတ်တုန်း၊
သူ့ဘ၀မှာဖတ်ခဲ့တဲ့စာအုပ်အနည်းငယ်က အကြောင်းတွေနဲ့
ကြုံခဲ့တဲ့လောကကို တိုက်ဆိုင်ကြည့်နေတုန်း။

ငယ်ငယ်က
အဖေဖတ်ခိုင်းတာ
ယောနသံစင်ရော်၊
ပါပီလွန်နှင့်ဗင်ကို
နန္ဓာသိန်းဇံ
ကျွန်တော်ဖတ်ဖြစ်တာက
တရုတ်သိုင်းဝတ္ထု။
(ခြောက်အုပ်တွဲကနေ၊ ဆယ့်နှစ်အုပ်တွဲကို နှစ်ရက်အတွင်းပြီးအောင်ဖတ်တယ်။)

အဖေအနားမှာမရှိတော့
သားသိသင့်တာတွေသိဖို့
ဦးသန့်အကြောင်းဖတ်၊
သက်လုံ (သားငယ်ရွယ်လူးသိစေဦး)
ဒေါက်တာမတင်ဝင်း (အောင်မြင်ခြင်း၊ပျော်ရွှင်ခြင်း၊မိသားစုဘ၀) ဖတ်ဆိုတော့
အဖေစိတ်ချမ်းသာအောင်ဖတ်တယ်။
အဲဒီတုန်းက တကယ်ကြိုက်တာက
ဆရာတော်ဦးဇောတိကစာအုပ်တွေ။

လတိုင်းအဖေ့ဆီကို စာတွေရေးတဲ့အခါ
ကျမ်းစာ၊ ဆရာတော်ဦးဇောတိကစာနဲ့
ကျွန်တော့်ရဲ့ မော်ဒန်ကဗျာတွေပါတယ်။
အဖေက ကျွန်တော့်ရဲ့ပရိသတ်
နားမလည်ဘဲကောင်းတယ်ဆိုတဲ့သူ။

ဒီနှစ်
အဖေများနေ့မှာ
အဖေ့ကိုဖုန်းဆက်တော့
အဖေပျော်နေတယ်။
ဘ၀ဟာ so far so good ဆိုလား၊
ကမ္မသကာဆိုလား၊
အဖေ့ရယ်သံထဲထိုးထိုးထောင်ထောင်ဒဿနတွေပါနေတယ်။

နည်းနည်းတော့နောက်ကျသွားတယ်အဖေ
အခုသားအသက် ၂၉
အဖေ့ကို ကျေးဇူးတင်ဖို့
ကဗျာတစ်ပုဒ်ကောက်ခါငင်ခါရေးမှ
မျက်ရည်စို့ချင်သလိုလိုဖြစ်နေမိ၊

Thanks Dad,
May God Bless You 4ever +1 day.

With Love,
Your younger son,
Zephyr


Notes: Question of the day.

ခင်ဗျားရဲ့
ရွက်အုပ်သီးသူရဲကောင်းကိုရော
ခင်ဗျားတို့ မေ့ထားတုန်းပဲလားဗျာ .................။ ။











Wednesday, June 15, 2011

ကဗျာ

ကဗျာ

အနုမြူဗုံးကြဲတုန်းကလည်း သူမသေဘူး။
နာဂစ်မှာလည်း သူမပါသွားဘူး။
ဈေးကွက်စီးပွားရေးမှာ
ရောင်းမစွံတာကလွဲရင်
ကဗျာဟာ
မာခြင်းအဆင့် ၁၁။

Zephyr

Monday, June 13, 2011

ဖမ်းဆီးသူ

ဖမ်းဆီးသူ

သူ၊
အာရုံတွေကိုမဖမ်းဆီး၊
ရန်သူတွေကို မဖမ်းဆီး၊
သူ့စိတ်ကိုသာ ရပ်နေစေသူ။ ။

Zephyr