Thursday, October 18, 2012

ဟဲ့ပလုပ်တုတ်


ဟဲ့ပလုပ်တုတ်

ဗုံမဟုတ်ရင်ပတ်ပဲ။
ပတ်မဟုတ်ရင်ဗုံ၊
ဗုံလိုလို ပတ်လိုလို
ဗုံပတ်လို့ခေါ်ရမလား
ပတ်ဗုံလို့ပဲခေါ်ရမလား၊
တစ်ခုခုတော့ခေါ်မှဖြစ်မယ်၊
သိပ်ဝေးနေတယ်။
အသံချဲ့ရဦးမယ်။

ကြားလား
ကြားလား
ဂြိုဟ်ပတ်လမ်းတစ်လျှောက်
ပန်းပွင့်တွေ
ကြဲခဲ့ရဦးမယ်။

အနမ်းများဟာ
ဘာသဘောမှမဆောင်ကြဘူး။
လေထဲပေါက်ကွဲပျောက်ရှသွားတဲ့ မီးပန်းတွေလို၊
ညှော်နံ့ပဲကျန်ရစ်တယ်၊
ရင်ခွင်မှာ
ညှော်နံ့ကျန်နေတယ်။

ဒါကို ဟိုကလည်းသဘောပေါက်တယ်။
ဒီကလည်း သဘောပေါက်တယ်။
နေပူလာရင်
ထုတ်ထုတ်လှမ်းပစ်တာပဲ။

ကျီးခြောက်တဲ့မှန်လို
ဖျတ်ခလဲလက်တာနဲ့
ကျီးကန်းကြောက်စေတာပဲ၊
ကိုယ့်အကိုင်းကိုယ်ချိုးပစ်တာ
ဘာအရသာရှိရမှာလဲ။

သိပ်သည်းလာရင်
ရွာချပစ်လိုက်တာပဲ
ဗွက်ပေါက်တာလည်းတပိုင်းပေါ့
အဲဒီကနေစမှဖြစ်မယ်လေ၊
အားလုံးသိကြတဲ့အတိုင်း
တစ်ခုခုကို အဆုံးသတ်ဖို့
တစ်နေရာရာက
စမှ 
ဖြစ်မယ်မဟုတ်လား။

လေးစားအပ်ပါသော
လူကြီးမင်းများခင်ဗျာ
ဂုဏ်နှင့်သားရေရှိကုန်သော
လူကြီးမင်းများခင်ဗျာ
သံတိုင်များကို
တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကြပါ၊
တင်းတင်းကြပ်ကြပ်
ဆုပ်ကိုင်ထားလိုက်ကြပါ။

အခုရောက်နေတာ အရူးထောင်၊
လိုတိုးပိုလျှော့
နည်းနည်းလောက် ဆော့ကစားလို့ရတယ်၊
အချင်းချင်းရန်မဖြစ်ကြနဲ့
အားလပ်ရင်သီချင်းဆို
အားလပ်ရင်
ကဗျာရေး၊
အားလပ်ရင်
လက်တွေကိုဆေးပါ၊
နေရောင်မှာလှမ်းထား၊
ညှော်နံ့ရတယ်
ညှော်နံ့ရနေသေးတယ်၊
ဆက်ပြီးပြေးထွက်သွား။                 ။

Zephyr