Tuesday, September 29, 2009

သွက်သွက်လက်လက် အိမ်မက်

သွက်သွက်လက်လက် အိမ်မက်

ရက်လွန်ခါနီးတဲ့ဘ၀တစ်ခုထဲ
လူခန္ဓာမှာ စိတ်တစ်ခု ၀င်ကစွပ်လုပ်တမ်းကစားနေသံကြားလား ....
မြင်းကောင်းတွေ ခွာလိပ်နေပုံ ဆိုပါတော့ ...
အတိအကျပြောရရင်တော့
မြင်းကောင်းတွေ စနစ်တကျခွာလိပ်နေပုံ ဆိုပါတော့ ....။

ရထားမှားသွားပြီ ...
ရထားမှားသွားပြီ ...
မြို့ပတ်ရထားပေါ်က ငုံးဥသည် အော်သံ .....
လမ်းမှားသွားပြီ ..
လမ်းမှားသွားပြီ ...
သံလမ်းပေါ်က မြို့ပတ်ရထား အော်သံ ...
မပူကြနဲ့
မပူကြနဲ့ ...
ကမ္ဘာကြီးပေါ်က သံလမ်းအော်သံ .....။

ဘာရယ်မဟုတ်ဘဲ
လမ်းသွားရင်းလက်အလိုလိုလွှဲမိသလိုပေါ့ ..
အစီအစဉ်မရှိဘဲမတော်တဆလို့ပဲပြောရမယ်ထင်တယ် ..
ဒါမှမဟုတ် အဓိပ္ပာယ်ချွတ်ခြုံကျမှုလား
နောက်တစ်ခုဖြစ်နိုင်တာက ယုတ္တိဗေဒ ကားမှောက်တာလား ..
ဒါမှမဟုတ် .. သူငါမဟုတ် နာမ်နဲ့ရုပ်က
သူငါမဟုတ် နာမ်နဲ့ရုပ်ကို
သူငါမဟုတ် အလွမ်းချည်းသက်သက်လွမ်းနေတာလား ..
အင်း .. အဲဒီလိုပဲပြောရမယ်ထင်တယ်နော်....။

Euthanasia ပေးပါ ...
ချစ်လို့ခင်လို့မကြည့်ရက်လို့ ...
မဟာကရုဏာရှင်တစ်ယောက်
သေခြင်းတရားကို တည်ဆောက်ပေးထားခဲ့တယ် ...။
ချစ်လို့ခင်လို့မကြည့်ရက်လို့ပါ ...
ရှေ့စိတ်ကို နောက်စိတ်က သတ်လိုက်ရတယ် ....။ ။


Notes:

Euthanasia (from the Greek ευθανασία meaning "good death": ευ-, eu- (well or good) +θάνατος, thanatos (death)) refers to the practice of ending a life in a painless manner. Many different forms of euthanasia can be distinguished, including animal euthanasia and human euthanasia, and within the latter, voluntary and involuntary euthanasia. Voluntary euthanasia and physician-assisted suicide have been the focus of great controversy in recent years.

As of 2009, some forms of active euthanasia are legal in Belgium,[1] Luxembourg,[2] The Netherlands,[1] Switzerland,[1] Thailand,[3] and the U.S. states of Oregon[4] and Washington.[5]
ဒီကဗျာက ၂၀၀၃ လောက်ကရေးထားတာတစ်ခုကို ပြန်စဉ်းစားပြီး ထပ်ဖြည့်ထားတာပါ။
ငယ်တုန်းကရေးခဲ့တဲ့ ကဗျာတွေကို မယူလာမိလို့ ပြန်ရေးခါနီး စဉ်းစားပါတယ်။ သတိရတဲ့ အခါ ပြန်ရေးဖြစ်ပါတယ်။ အဲဒီတုန်းက မှတ်မိတာက သနားလို့ သတ်ခြင်း mercy killing အကြောင်းကို အသိအမြင်စာအုပ်မှာဖတ်မိတာနဲ့ ရေးထားတာပါ။ သူငယ်ချင်းဆရာဝန်တွေကြောင့် မတော်တဆ သေသွားတာတွေ ခဏခဏကြားနေရတော့ ပြန်ရေးဖို့စိတ်ကူးရလာတာပါ။ ကဗျာ workshop ကနေပြန်ထွက်လာတဲ့ ကဗျာတစ်ပုဒ်ပါ။

အသက်အရွယ်အရ ကဗျာရဲ့ အဆုံးသတ်တွေမှာ နိမိတ်ဆိုးတာတွေ မသုံးချင်တော့လို့ ပြောင်းထားတာတွေရှိပါတယ်။

ကဗျာမှာ ကွန်မန့်ဖွင့်ထားတာက သူငယ်ချင်းတွေ မိတ်ဆွေတွေ ပျော်ပျော်ပါးပါးရေးသွားလို့ရအောင်ပါ။
ဘယ်သူတွေ ဘယ်လောက် အထိ ခံစားနိုင်လဲ စာမေးပွဲစစ်နေတာမဟုတ်လို့ ... အောင်စာရင်းထုတ်တဲ့ အလုပ်ကိုတော့ မလုပ်ပါဘူး ....။ ကိုယ်ရေးတဲ့ကဗျာတိုင်းကို ရေးပြီးတာနဲ့ သိပ်မကြိုက်တော့တဲ့ အကျင့်ရှိလို့ နောက်ဆုံးရေးတားတဲ့ တစ်ပုဒ်ကလွဲရင် ဘယ်ဟာမှ အဆင်မပြေဘူးလို့ထင်နေတတ်ပါတယ်။
ပြင်လေ ပိုဆိုးလေဖြစ်လို့ မပြင်ရဲသလောက်ဖြစ်နေပါတယ်။

ကဗျာနဲ့ပတ်သက်ရင် အမြဲတမ်း အားမနာတမ်းပြောပေးတဲ့ အမေနဲ့ မိတ်ဆွေတွေ(ကဗျာကိုဝေဖန်ချက်ပေးသူမှန်သမျှ)ကိုကျေးဇူးတင်ပါတယ်။

ဟာသ သမားတစ်ယောက်ပြောတာကို သတိရလို့ ပြောပြချင်တယ် ...။ သတ်သေတယ်ဆိုတာ လူက ဘုရားကို အနိုင်နဲ့ ပိုင်းလိုက်တာတဲ့ ... မင်းမထုတ်ခင် ငါထွက်တယ် ...လို့ ပြောလိုက်တာပါပဲ တဲ့ ....။

ကဗျာထဲကို တိုးဝင်သွားပြီး ကျွန်တော်မရခဲ့တာလေးတွေ ရှာတွေ့သွားနိုင်ပါစေ လို့ ရည်ရွယ်ပါတယ် ...။

............................................................................

ကန်လန့်ကာချထားတဲ့ ကန့်လန့် တစ်ခုပါ ...
အနိုင်နဲ့ ပိုင်းလိုက်မိတာက ကိုယ့်ဘ၀ ငှက်ပျောပင်ပဲ ...။
ကာရံမညီတဲ့ အကာအရံတွေမပါတဲ့အခါ သင်ဟာ သင်မဟုတ်ကြောင်းသင်ပဲသိတယ် ...။ ။

Monday, September 28, 2009

နှလုံးသွင်းမှားခြင်း

ပျားတစ်ကောင်ရဲ့
ကိုးပါးသီလ
မာလာဂန္ဓရောက်တိုင်းပျက်တယ်

ကျားတစ်ကောင်ရဲ့
ကိုးပါးသီလ
ဝိကာလရောက်တိုင်းပျက်တယ်

ဝိုင်ပုလင်းရဲ့
ကိုးပါးသီလ
သုရာမေရယမှာပျက်တယ်

ငါ့ရဲ့
ကိုးပါးသီလ
မေတ္တာသဟဂတေနမှာပျက်တယ်

ငါ့ရဲ့ လုံးစုံများစွာသတ္တ၀ါမလေးရယ် ...
ငါ့ကို သာဓုခေါ်ပါ။ ။

ဖြောင့်ချက်

လောကမှာနေရတာ လွယ်လွယ်လေး

မနက်မိုးလင်းရင် လင်းမှန်းသိ၊

မေတ္တာပို့ပြီးရင် ပို့မှန်းသိ၊

ခြေသလုံးကို ခွေးဟပ်ရင် ဟပ်မှန်းသိ၊

နောက်ကျောကို ဓားနဲ့ထိုးရင် ထိုးမှန်းသိ၊

မျက်နှာကို တံထွေးနဲ့ထွေးရင် ထွေးမှန်းသိ

ခေါင်းပေါ်ကို ရေလောင်းချရင် လောင်းမှန်းသိ

ဖွယ်တယ်တယ် အပြုံးတွေ တွေ့ရင် တွေ့မှန်းသိ

ချစ်သူကို မြင်ရင် မြင်မှန်းသိ

ချစ်သူကို နမ်းရင် နမ်းမှန်းသိ

ချစ်သူက နမ်းရင် ...

(ဒီနေရာမှာ အမှတ်တစ်ချက်လွတ်တယ် ...။)

အလုပ်ပင်ပန်းရင် ပင်ပန်းမှန်းသိ၊

စိတ်တိုရင်တိုမှန်းသိ၊

သစ်ပင် အကိုင်းထွက်ရင် အကိုင်းထွက်မှန်းသိ

ဘီလ်တွေလာရင် လာမှန်းသိ

စားတဲ့အခါ စားမှန်းသိ၊

စကားပြောရင် ပြောမှန်းသိ၊

အိမ်ပြန်ရင်း အိမ်ပြန်မှန်းသိ၊

ရေချိုးရင် ချိုးမှန်းသိ ...

ဆန်ပြုတ်သောက်ရင် သောက်မှန်းသိ

ကဗျာရေးရင်...

(ဒီနေရာမှာ အမှတ်လုံးလုံးလွတ်တယ်)

ကဗျာက ငါရေးမှန်းသိပြီး

ကဗျာက ငါ့စိတ်ကိုရှုမှတ်တယ် ...

အဲဒါ ..

ကဗျာတောမထွက်သွားခင်

ငါနောက်ဆုံး သိရသမျှဖြောင့်ချက်ပဲ ...။

ထွက်သွားပါ ...။ ။

တနင်္လာက ငါ့ကိုအော်ထုတ်လိုက်တယ် ..။
ဘယ်ကိုပြန်ရမှာလဲ ..
တနင်္ဂနွေက ငါ့ကိုလက်မခံသလို၊
အင်္ဂါက ငါနဲ့ဝေးလွန်းတယ်။
တနင်္လာက ငါ့ကိုတွင်တွင်အော်ထုတ်တယ်....။
ငါဟာ အိမ်ခြေမဲ့ပါ။
ကျောတစ်ခင်းစာငါ့ကိုနေရာပေးပါ။
တနင်္လာက ငါ့ကိုအော်ထုတ်တယ် .... ကျောရရုံမကြံပါနဲ့ ထွက်သွားပါ ...
ငါပြောတဲ့ကျောက နောက်ကျောပါ ...
တနင်္လာက ငါ့ကိုအော်ထုတ်တယ် .... နောက်ကျောဆိုဓားပေါ်အိပ်မှပေါ့တဲ့ ...။
ငါတစ်ရက်တော့နေပါရစေ ...
ရောမမြို့ကို တစ်ရက်နဲ့ဆောက်ခဲ့တာမဟုတ်ဘူး .. ရှင်ထွက်သွားပါ ....။
ငါ့မှာနေစရာမရှိလို့ပါ .... မနက်ဖြန်ရောက်တာနဲ့ငါ ထွက်သွားမှာပါ ....
ဒီနေ့ဟာ မနက်ဖြန်စစ်စစ် ဖြစ်ခဲ့ဖူးတာပေါ့ ... ရှင်ထွက်သွားပါ ....
ဒီလောက်ခါးသီးနေရင်တော့ ငါထွက်သွားရမှာပေါ့ ....
ဒီလိုမှပေါ့ရှင် .. အကောင်ပြရင် အရိပ်ထင်မှပေါ့ ....
ငါထွက်သွားရင် မင်းပျော်မှာပေါ့နော် ...
သိပ်ကိုသေချာတာပေါ့ရှင် ...။
ငါဘယ်သူလဲမင်းသိလား။
ရှင်က အိမ်ခြေမဲ့လေ ...။
နောက်တော့ရော ...
မသိဘူး .. သေချာတာကတော့ ရှင်က အိမ်ခြေမဲ့ပဲ ...။ သွားပါ . မြန်မြန်ထွက်သွားပါ ...။
.....
...................
..................................
.............................................။

ဒီလိုနဲ့ တနင်္လာရဲ့နှလုံးသားက
တနင်္လာနဲ့ဝေးရာကို ထွက်ခွာခဲ့ရတယ် ...။ ။


Foot Notes: ... ကျေးဇူးပြု၍ နှလုံးသားတွေကို ဂရုစိုက်ပါ .....။

Zephyr

Zephyr

ဝိမုတ္တိလေညင်း ..

ကဗျာတွေ တယုတယရေးပြီး
ပဲ့တင်သံမဲ့နှလုံးသားတွေဆီ ပစ်ပေါက်ပျိုးကြဲချင်သူ။

ကဗျာတရားနှလုံးသွင်းပြီး ...
ကဗျာနဲ့ပဲ ကိလေသာ ပယ်သတ်ချင်သူ။ ။


.............



ကဗျာဆိုတာ
ကဗျာရေးသူရဲ့
နှလုံးသွင်းမမှန်တဲ့ စိတ္တာနုပဿနာပါပဲ ................။ ။