Tuesday, September 29, 2009

သွက်သွက်လက်လက် အိမ်မက်

သွက်သွက်လက်လက် အိမ်မက်

ရက်လွန်ခါနီးတဲ့ဘ၀တစ်ခုထဲ
လူခန္ဓာမှာ စိတ်တစ်ခု ၀င်ကစွပ်လုပ်တမ်းကစားနေသံကြားလား ....
မြင်းကောင်းတွေ ခွာလိပ်နေပုံ ဆိုပါတော့ ...
အတိအကျပြောရရင်တော့
မြင်းကောင်းတွေ စနစ်တကျခွာလိပ်နေပုံ ဆိုပါတော့ ....။

ရထားမှားသွားပြီ ...
ရထားမှားသွားပြီ ...
မြို့ပတ်ရထားပေါ်က ငုံးဥသည် အော်သံ .....
လမ်းမှားသွားပြီ ..
လမ်းမှားသွားပြီ ...
သံလမ်းပေါ်က မြို့ပတ်ရထား အော်သံ ...
မပူကြနဲ့
မပူကြနဲ့ ...
ကမ္ဘာကြီးပေါ်က သံလမ်းအော်သံ .....။

ဘာရယ်မဟုတ်ဘဲ
လမ်းသွားရင်းလက်အလိုလိုလွှဲမိသလိုပေါ့ ..
အစီအစဉ်မရှိဘဲမတော်တဆလို့ပဲပြောရမယ်ထင်တယ် ..
ဒါမှမဟုတ် အဓိပ္ပာယ်ချွတ်ခြုံကျမှုလား
နောက်တစ်ခုဖြစ်နိုင်တာက ယုတ္တိဗေဒ ကားမှောက်တာလား ..
ဒါမှမဟုတ် .. သူငါမဟုတ် နာမ်နဲ့ရုပ်က
သူငါမဟုတ် နာမ်နဲ့ရုပ်ကို
သူငါမဟုတ် အလွမ်းချည်းသက်သက်လွမ်းနေတာလား ..
အင်း .. အဲဒီလိုပဲပြောရမယ်ထင်တယ်နော်....။

Euthanasia ပေးပါ ...
ချစ်လို့ခင်လို့မကြည့်ရက်လို့ ...
မဟာကရုဏာရှင်တစ်ယောက်
သေခြင်းတရားကို တည်ဆောက်ပေးထားခဲ့တယ် ...။
ချစ်လို့ခင်လို့မကြည့်ရက်လို့ပါ ...
ရှေ့စိတ်ကို နောက်စိတ်က သတ်လိုက်ရတယ် ....။ ။


Notes:

Euthanasia (from the Greek ευθανασία meaning "good death": ευ-, eu- (well or good) +θάνατος, thanatos (death)) refers to the practice of ending a life in a painless manner. Many different forms of euthanasia can be distinguished, including animal euthanasia and human euthanasia, and within the latter, voluntary and involuntary euthanasia. Voluntary euthanasia and physician-assisted suicide have been the focus of great controversy in recent years.

As of 2009, some forms of active euthanasia are legal in Belgium,[1] Luxembourg,[2] The Netherlands,[1] Switzerland,[1] Thailand,[3] and the U.S. states of Oregon[4] and Washington.[5]
ဒီကဗျာက ၂၀၀၃ လောက်ကရေးထားတာတစ်ခုကို ပြန်စဉ်းစားပြီး ထပ်ဖြည့်ထားတာပါ။
ငယ်တုန်းကရေးခဲ့တဲ့ ကဗျာတွေကို မယူလာမိလို့ ပြန်ရေးခါနီး စဉ်းစားပါတယ်။ သတိရတဲ့ အခါ ပြန်ရေးဖြစ်ပါတယ်။ အဲဒီတုန်းက မှတ်မိတာက သနားလို့ သတ်ခြင်း mercy killing အကြောင်းကို အသိအမြင်စာအုပ်မှာဖတ်မိတာနဲ့ ရေးထားတာပါ။ သူငယ်ချင်းဆရာဝန်တွေကြောင့် မတော်တဆ သေသွားတာတွေ ခဏခဏကြားနေရတော့ ပြန်ရေးဖို့စိတ်ကူးရလာတာပါ။ ကဗျာ workshop ကနေပြန်ထွက်လာတဲ့ ကဗျာတစ်ပုဒ်ပါ။

အသက်အရွယ်အရ ကဗျာရဲ့ အဆုံးသတ်တွေမှာ နိမိတ်ဆိုးတာတွေ မသုံးချင်တော့လို့ ပြောင်းထားတာတွေရှိပါတယ်။

ကဗျာမှာ ကွန်မန့်ဖွင့်ထားတာက သူငယ်ချင်းတွေ မိတ်ဆွေတွေ ပျော်ပျော်ပါးပါးရေးသွားလို့ရအောင်ပါ။
ဘယ်သူတွေ ဘယ်လောက် အထိ ခံစားနိုင်လဲ စာမေးပွဲစစ်နေတာမဟုတ်လို့ ... အောင်စာရင်းထုတ်တဲ့ အလုပ်ကိုတော့ မလုပ်ပါဘူး ....။ ကိုယ်ရေးတဲ့ကဗျာတိုင်းကို ရေးပြီးတာနဲ့ သိပ်မကြိုက်တော့တဲ့ အကျင့်ရှိလို့ နောက်ဆုံးရေးတားတဲ့ တစ်ပုဒ်ကလွဲရင် ဘယ်ဟာမှ အဆင်မပြေဘူးလို့ထင်နေတတ်ပါတယ်။
ပြင်လေ ပိုဆိုးလေဖြစ်လို့ မပြင်ရဲသလောက်ဖြစ်နေပါတယ်။

ကဗျာနဲ့ပတ်သက်ရင် အမြဲတမ်း အားမနာတမ်းပြောပေးတဲ့ အမေနဲ့ မိတ်ဆွေတွေ(ကဗျာကိုဝေဖန်ချက်ပေးသူမှန်သမျှ)ကိုကျေးဇူးတင်ပါတယ်။

ဟာသ သမားတစ်ယောက်ပြောတာကို သတိရလို့ ပြောပြချင်တယ် ...။ သတ်သေတယ်ဆိုတာ လူက ဘုရားကို အနိုင်နဲ့ ပိုင်းလိုက်တာတဲ့ ... မင်းမထုတ်ခင် ငါထွက်တယ် ...လို့ ပြောလိုက်တာပါပဲ တဲ့ ....။

ကဗျာထဲကို တိုးဝင်သွားပြီး ကျွန်တော်မရခဲ့တာလေးတွေ ရှာတွေ့သွားနိုင်ပါစေ လို့ ရည်ရွယ်ပါတယ် ...။

............................................................................

ကန်လန့်ကာချထားတဲ့ ကန့်လန့် တစ်ခုပါ ...
အနိုင်နဲ့ ပိုင်းလိုက်မိတာက ကိုယ့်ဘ၀ ငှက်ပျောပင်ပဲ ...။
ကာရံမညီတဲ့ အကာအရံတွေမပါတဲ့အခါ သင်ဟာ သင်မဟုတ်ကြောင်းသင်ပဲသိတယ် ...။ ။

4 comments:

MANORHARY said...

Euthanasia ပေးပါ
မဟာဂရုဏာတော်နဲ့သတ်ပစ်လိုက်စမ်းပါ
လောလောဆယ်ငါက ဘဝမှာ
ရက်လွန်နောင်တတွေ
ဆေးညွှန်းအမှားနဲ့ မသေမရှင်...

emayarKhin said...

အကိုရေ..သွက်သွက်လက်လက်
အိမ်မက်တဲ့လား....ခက်ခက်ခဲခဲနက်နက်
နဲနဲ...ဖတ်သွားပါတယ်......

Eaindra said...

သေခြင်းတရားဆိုတာ..မ၀တ်ရသေးတဲ့ ၀တ်စုံတစ်စုံလောက်ပါ...
ဒီကနေ့လည်း..မျှော်လင့်ချက်ကို တိုင်တစ်ဝက်မှာ လွှင့်ထူလို့
မာနတရားတွေက မိုးစား..နေစား...

ချစ်လို့ခင်လို့မကြည့်ရက်လို့ ...
မဟာကရုဏာရှင်တစ်ယောက်
သေခြင်းတရားကို တည်ဆောက်ပေးမှာလား...

ချစ်လို့ခင်လို့မကြည့်ရက်လို့ပါ ...
ရှေ့စိတ်ကို နောက်စိတ်က သတ်ပေးမှာလား...

သေခြင်းတရားဆိုတာ..
သေသပ်လှပလွန်းတဲ့...တိကျထိရောက်လွန်းတဲ့..
စူးရဲလင်းပလွန်းတဲ့...ရက်စက်သွေးအေးတဲ့..
အနိုင်ပိုင်းတာလည်းဖြစ်ချင်ဖြစ်မယ်...
ပွဲသိမ်း..တိုက်ပွဲတစ်ခု..လည်းဖြစ်ချင်ဖြစ်မယ်..
ဆုလဒ် တစ်ခုလည်းဖြစ်ချင်ဖြစ်လိမ့်မယ်...

ချစ်ခင်စွာ

အိန္ဒြာ

မင်းနေ said...

ချစ်လို့ ခင်လို့ မကြည့်ရက်လို့ ....
သတ်ပလိုက်တယ် .... ဟုတ်တယ် ..
ချစ်လို့ခင်လို့ မကြည့်ရက်လို့