Monday, September 28, 2009

ဖြောင့်ချက်

လောကမှာနေရတာ လွယ်လွယ်လေး

မနက်မိုးလင်းရင် လင်းမှန်းသိ၊

မေတ္တာပို့ပြီးရင် ပို့မှန်းသိ၊

ခြေသလုံးကို ခွေးဟပ်ရင် ဟပ်မှန်းသိ၊

နောက်ကျောကို ဓားနဲ့ထိုးရင် ထိုးမှန်းသိ၊

မျက်နှာကို တံထွေးနဲ့ထွေးရင် ထွေးမှန်းသိ

ခေါင်းပေါ်ကို ရေလောင်းချရင် လောင်းမှန်းသိ

ဖွယ်တယ်တယ် အပြုံးတွေ တွေ့ရင် တွေ့မှန်းသိ

ချစ်သူကို မြင်ရင် မြင်မှန်းသိ

ချစ်သူကို နမ်းရင် နမ်းမှန်းသိ

ချစ်သူက နမ်းရင် ...

(ဒီနေရာမှာ အမှတ်တစ်ချက်လွတ်တယ် ...။)

အလုပ်ပင်ပန်းရင် ပင်ပန်းမှန်းသိ၊

စိတ်တိုရင်တိုမှန်းသိ၊

သစ်ပင် အကိုင်းထွက်ရင် အကိုင်းထွက်မှန်းသိ

ဘီလ်တွေလာရင် လာမှန်းသိ

စားတဲ့အခါ စားမှန်းသိ၊

စကားပြောရင် ပြောမှန်းသိ၊

အိမ်ပြန်ရင်း အိမ်ပြန်မှန်းသိ၊

ရေချိုးရင် ချိုးမှန်းသိ ...

ဆန်ပြုတ်သောက်ရင် သောက်မှန်းသိ

ကဗျာရေးရင်...

(ဒီနေရာမှာ အမှတ်လုံးလုံးလွတ်တယ်)

ကဗျာက ငါရေးမှန်းသိပြီး

ကဗျာက ငါ့စိတ်ကိုရှုမှတ်တယ် ...

အဲဒါ ..

ကဗျာတောမထွက်သွားခင်

ငါနောက်ဆုံး သိရသမျှဖြောင့်ချက်ပဲ ...။

7 comments:

MANORHARY said...

ဖြောင့်ချက်ဆိုတာ ဖြောင့်ထားတဲ့အချက်အလက်တဲ့
ဖြောင့်ထားရင်ဖြောင့်ထားမှန်းသိပြီး
အချက်အလက်ဟာ အချက်အလက်မှန်းလည်းသိရဲ့...
လက်ကနဲရောက်လာတဲ့အချက်ဟာ
ချက်ကနဲလင်းလာတဲ့အလက်နဲ့ ဘာလို့များသဟဇာတလာဖြစ်နေလဲ
အမှတ်တစ်ချက်လွတ်တာနဲ့ အမှတ်လုံးလုံးလွတ်တာ
မှတ်ထားတဲ့အချက်အလက်လား မမှတ်မိတဲ့အချက်အလက်လား
အမှတ်မိခြင်းနဲ့အမှတ်မမိခြင်းကြား စိတ်အမှတ်ဘယ်လောက်များခြားနေသလဲ........
(LP မဟုတ်ဘူးနော် LP ရေးရမှာပျင်းလို့ ) :)

Eaindra said...

တကယ်..အမှတ်တွေနဲ့ နေနိုင်ရင်..သာဓုခေါ်ပြီ..

ဒါပေမယ့်...

အမှတ်တစ်ချက်လဲ..ခဏခဏလစ်ခွင့်ရပါစေ..

အမှတ်လုံးလုံးလည်း..ခဏခဏလွတ်နေနိုင်ပါစေ..

နွေဆူးလင်္ကာ said...

ချစ်သူက နမ်းရင် ...

(ဒီနေရာမှာ အမှတ်တစ်ချက်လွတ်တယ် ...။)

အဲဒါလေးတော့ ကြိုက်တယ်။ ကောင်းပါတယ်

လင်းဒီပ said...

အမှတ်သည် လွတ်ချင်တိုင်းလွတ်နေ၏..ကဗျာရေးမှ မဟုတ် ...ဘာလုပ်လုပ်...
ထို့ကြောင့် လွတ်နေတဲ့စိတ်ကလေးကိုပဲ ကဗျာတွေပေါ် ဖြတ်ဖြတ် ပြေးခိုင်းမိ၏...။

emayarKhin said...

အားလုံးက.....
အဓိပ္ပါယ်ရှိသောဖြောင့်ချက်များပါလား....

မင်းနေ said...

ကျွန်တော်ကတော့ ခုထိအမှတ် မှားနေတုံးပဲ ...
ချစ်သူကနမ်းရင် ...
ကျန်တာတွေအတွက်ပါ .. သတိအကုန်လွတ်တယ် ... :)

Kaung Kin Ko said...

၂၀၁၂ ဟုတ်သော်ရှိ မဟုတ်သော်ရှိကို ပြန်ဖတ်ပြီး ကြိုက်လွန်းလို့ ကဗျာတွေပါ ထပ်လာဖတ်တာဗျ။ အရေးအသားတွေက ပေါ့ ပေါ့ပါးပါးလေးနဲ့ အရမ်းလေးနက်တဲ့ အတွေးတွေကို ပေးနိုင်တယ်ဗျာ။ ခုနက ပို့ စ်ရော ကဗျာတွေရော။ ကဗျာတွေကိုလည်း ဖြည်းဖြည်းချင်းဖတ်ဦးမယ်ဗျာ။ ဟိုမှာ ကွန်မန့် ဖွင့်မထားလို့ ဒီဘလော့မှာ လာလာရေးရတာဗျ။း)