Friday, October 2, 2009

ခရမ်းရောင်မိုးစက်များနှင့် မိတ်ဖြစ်ဆွေဖြစ်


တစ်နေ့တာအသေတွေကိုသွန်ချဖို့
အရာရာ လုံလောက်စွာညစ်ညမ်းနေ...
မနေ့ကရုပ်နဲ့ ပဲ ဒီနေ့ပွင့်တဲ့ပန်းဟာ ဟောင်းနွမ်း ..
မနေ့က စိတ်တွေနဲ့လူတစ်ချို့
ပုပ်နေပြန်တယ် ....။

ရရစားစားပါပဲ ..
အဲဒါဟာ ဘီလ်ဂိတ်ရဲ့လက်သုံးစကားဖြစ်နိုင်ကောင်းရဲ့ ...
တောရမ်းမယ်ဖွဲ့ရတာ ၁၁ ယောက်စီပဲလား ..
နေရာယူထားပြီး အဆင်သင့်ဖြစ်ခါမှ
နောက်ဆုံးညစာက ရောက်မလာပြန်ဘူး ...။

ဒါမျိုးကဖြစ်တတ်ပါတယ်တဲ့လား ...
ဟမ္ဘူရာဘီတောထွက်သွားတဲ့အကြောင်းနဲ့
တောက ဟမ္ဘူရာဘီဆီထွက်သွားတဲ့အကြောင်း
လက်တို့ပြောနေတာကြာခဲ့ပြီ ..
ကြာခဲ့လုပါပြီ ...။

ရှက်တတ်ရင် မျက်နှာကို ဓားနဲ့လှီးဖို့ကောင်းတယ်ဆိုတာနဲ့
မျက်နှာတစ်ခုလိုက်ရှာရတယ် ..
အဲဒီတော့မှ မျက်နှာမရှိတာ သတိရတယ်
အဲဒီကမှတစ်ဆင့် ခေါင်းမရှိမှန်း သိသွားမိတယ် ....
ဒီလိုပါပဲလေ ... ဘယ်သူက သူ့အကြောင်းသူသိခဲ့လို့လဲ ...။

မိုးကြိုးလွှဲလိုပဲ ...
နေရာတကာ အပေါ်ဆုံးမှာရပ်တယ် ..
တကယ် မိုးကြိုးပစ်တော့
မြေကြီးကို လွှဲပေးလိုက်တယ် ..
စေတနာပါ .. စေတနာပါ ... စေတနာပါ ...
ရွှန်းရွှန်းဝေနေပုံကိုက ရိရွဲလွန်းပါတယ် ...။

မသိလို့လိုချင် အစရှိသဖြင့်
ရသမျှဟာဒုက္ခ .
ဒီလိုနဲ့ပဲ နေ၀င်မိုးချုပ် ..
ဘ၀ကို ကြိုးလိုတုပ်ခဲ့တာ ..
တစ်ပတ်ပြီးတစ်ပတ် ...
ခိုင်မြဲမယ်ထင်လို့နှောင်ထုံးဖွဲ့ခဲ့တာ
တစ်ရက်ပြီးတစ်ရက် ...
ဖန်ခွက်အကွဲတွေနဲ့ ..
ချစ်သူခင်သူအချင်းချင်း မို့...
လက်သင့်ခံလိုက်တာ ...
ချီးယားစ်ပါကွယ် ... ငါ့ခွက်ထဲ ငှဲ့လိုက်စမ်းပါ့ ၃၁ ဘုံ (လက်ကျန်လေးကို.....)။

အလျော်အစားများသလောက်
ကြေးမကြီးလှတဲ့ဘ၀တစ်ခုပါ ...
အ၀ိဇ္ဖာမြင့်တုံ မြက်မြင့်တုံနဲ့ ...
စိမ်းစိုထူထပ်ခဲ့ပါတယ် ...
စိမ်းစိုထူထပ်ခဲ့မိပါတယ်.....
စိမ်းစိုထူထပ်မိခဲ့ပါတယ်.....
စိမ်းစိုထူထပ်ခဲ့တယ် ...
။ ။

ခင်မင်စွာဖြင့်

Zephyr ...
(အနည်းငယ်အပြောကြီးသော သား)

Notes:

(ကဗျာမရေးလိုက်ရတဲ့ရက်ဟာ ဘုရားသခင်သေဆုံးတော်မူတဲ့နေ့လိုပဲ ကြေကွဲစရာကောင်းလွန်းတယ် ...။)
(ကဗျာရေးလိုက်ရတဲ့ရက်ဟာ မေမေ ပြုံးနေသလိုပဲ သိပ်ကျေနပ်ဖို့ကောင်းတယ်)

ဒီကဗျာက ရုံးမှာရေးခဲ့တာလို့ မှတ်မိပါတယ်။ ..... ကဗျာ အသစ်မရေးဖြစ်တာကြာနေလို့ ရုံးမှာ ရေးချင်စိတ်ပေါ်တုန်း ရေးထားတာပါ။ လွန်ခဲ့တဲ့ နှစ်လ(August 11 )ကရေးထားတဲ့ ကဗျာပါ။

စိတ်ချင်းတူသူတွေ တစ်ခုခု ထိတွေ့လိုက်ရမယ်လို့မျှော်လင့်ပါတယ်။

6 comments:

MANORHARY said...

မိုးကြိုးလွှဲတစ်ခုရဲ့စေတနာနဲ့
အဝိဇ္ဇာမြက်တွေစိမ်းစိုထူထပ်လာခဲ့
နောက်ထပ်မျိုးဆက်တစ်ခုစာမထွေးနိုင်မအန်နိုင်.....
လက်ကျန် ၃၁ ဘုံဟာ တကယ်ပဲ ပုပ်အက်နေခဲ့ပြီလား......

တစ်ခုပါပဲ.......
မိုးခါးကြီးစဲသွားလို့ မှန်ကြည့်မိတဲ့အခါ
သူလိုကိုယ်လို ချည်းမဖြစ်ချင်ဘူး
အနည်းငယ်မက ပြောသင့်တဲ့အရာတွေကိုပြောခဲ့ကြရလိမ့်မယ်
ဘုရားသခင်က တချို့လူတွေကို
ကဗျာဆရာအဖြစ်အလိုရှိခဲ့တယ် .................

......I like this poem a lot !!...........
coz it touches my heart !!

emayarKhin said...

ကဗျာကိုအထပ်ထပ် ပြီးတော့...
အခါခါ..ဖတ်တယ်..နောက်ဆုံး....
ကိုယ့်ဘဝကိုပြန်တွေ့သလိုမျိုး
ဖြစ်ခဲ့..........
အလျော်အစားများသလောက်
ကြေးမကြီးလှတဲ့ဘ၀တစ်ခုပါ ...
အ၀ိဇ္ဖာမြင့်တုံ မြက်မြင့်တုံနဲ့ ...
စိမ်းစိုထူထပ်ခဲ့ပါတယ် ...
စိမ်းစိုထူထပ်ခဲ့မိပါတယ်.....
စိမ်းစိုထူထပ်မိခဲ့ပါတယ်.....
စိမ်းစိုထူထပ်ခဲ့တယ် ...
။ ။

Mogok Thar said...

မနေ့က စိတ်တွေနဲ့လူတစ်ချို့
ပုပ်
နောက်ဆုံးညစာက ရောက်မလာ
လက်တို့ပြောနေတာကြာခဲ့ပြီ ..
အဲဒီတော့မှ မျက်နှာမရှိတာ သတိရတယ်
အဲဒီကမှတစ်ဆင့် ခေါင်းမရှိမှန်း သိသွားမိတယ်
စေတနာပါ ...
ရွှန်းရွှန်းဝေနေပုံကိုက ရိရွဲလွန်းပါတယ်
ငါ့ခွက်ထဲ ငှဲ့လိုက်စမ်းပါ့ ၃၁ ဘုံ
အလျော်အစားများသလောက်
ကြေးမကြီးလှတဲ့ဘ၀တစ်ခုပါ ...
အ၀ိဇ္ဖာမြင့်တုံ မြက်မြင့်တုံနဲ့ ...

စိမ်းစိုထူထပ်

(ဆင်ခြင်မှုတစ်ခုကို မမေ့မလျော့အောင် လက်တို့ပေးလိုက်တာလား ကဗျာဆရာရယ်)

ချစ်ခင်လေးစားစွာဖြင့်

အိန္ဒြာ said...

တစ်နေ့တာအသေတွေကိုသွန်ချဖို့
အရာရာ လုံလောက်စွာညစ်ညမ်းနေ...
မနေ့ကရုပ်နဲ့ ပဲ ဒီနေ့ပွင့်တဲ့ပန်းဟာ ဟောင်းနွမ်း ..
မနေ့က စိတ်တွေနဲ့လူတစ်ချို့
ပုပ်နေပြန်တယ် ....။

အဲဒီ့မှာစတွေ့ပါတယ်...

အမရေးဖြစ်ဖူးတယ်..
မနေ့ကညစ်ခဲ့တဲ့ စိတ်အဟောင်းထည်လေးကောက်ဝတ်ပြီး..လို့..တဲ့
နေ့တွေသာ..တစ်ရက်ပြီးတစ်ရက်..သစ်သွားခဲ့တယ်...
စိတ်တွေ..ညစ်ဆဲ...ညစ်နေဆဲပေါ့...

မိုးကြိုးလွှဲလိုပဲ ...
နေရာတကာ အပေါ်ဆုံးမှာရပ်တယ် ..
တကယ် မိုးကြိုးပစ်တော့
မြေကြီးကို လွှဲပေးလိုက်တယ် ..
စေတနာပါ .. စေတနာပါ ... စေတနာပါ ...
ရွှန်းရွှန်းဝေနေပုံကိုက ရိရွဲလွန်းပါတယ် ...။

မိုးကြိုးလွှဲလို ထိပ်ဆုံးတက်ရပ်ပြီး..
သခင်အားရကျွန်ပါးဝတွေလို့ပြောမလား...
အလှူ့ရှင်လက်ဖက်နဲ့မျက်နှာလုပ်တယ်ပြောမလား....
ထီးထီးမားမားကြီး..မျက်နှာပြောင်တိုက် မာန်ဝင့်နေသူတွေလဲ..
တွေ့မိသေး......

ကိုယ့်ခွက်ထဲကိုရောက်လာမယ့် ၃၁ ပုံလက်ကျန်လေး..ဘယ်လောက်များသေးလဲ....
တကယ်က မူးတော့နေပါပြီ....

ကဲ Z ရေ ချီးယားစ်....

ငါတို့ မြင်သိစိတ်တွေ..သံသရာပြတ်စေမယ့်...
ရေလွန်ဂိတ်ဆုံး..အထိ မူးဦးစို့.....

Nyi Nyi said...

ကိုယ်ပြောချင်တာတွေ..ဟာဒါတွေဆိုတာကိုသိလိုက်ရလို့ကျေနပ်သွားခဲ့တယ်...

co coe said...

...ဘယ်သူက သူ့အကြောင်းသူသိခဲ့လို့လဲ...။
တကယ်လည်း..သူ့အကြောင်းသူမသိခဲ့ကြပါဘူးလေ။