Monday, October 26, 2009

ရေထဲမှာ လမ်းလျှောက်နေရတာ ငါးရဲ့အရသာ...။
လေထဲမှာ ပိတ်မိနေတာ ငါ့ရဲ့ အရသာ ...။
အရသာအတွက် အာရုံခံမိတယ် ...
ငါးရဲ့ ငါနဲ့
ငါ့ရဲ့ ငါ ...
သစ်ရွက်ချင်းအတူတူ ..
ငါ့ရဲ့ငါက ခေါက်ချိုးမညီခဲ့ဘူး။

လေထဲမှာ လမ်းလျှောက်နေတာ ငှက်ရဲ့ အရသာ...။
ပျက်နေတဲ့စိတ်ထဲ လာလာဖြစ်နေတာ ငါ့ရဲ့ အရသာ...။
လမ်းသွားရင်း ကျပျောက် သွားတဲ့
ငှက်ရဲ့ ငါနဲ့
ငါ့ရဲ့ငါ ...
သံလိုက်အိမ်မြှောင်ချင်းအတူတူ ..
ငါ့ရဲ့ငါက ... ချစ်သူကို ညွှန်တယ် ။

သွေးထဲမှာလမ်းလျှောက်နေတာ သွေးနီဥရဲ့အရသာ ....။
အယောနိသောမနသီကာရထဲ ချော်လဲနေတာ ငါ့ရဲ့ အရသာ .။
သွေးနီဥရဲ့ငါနဲ့
ငါ့ရဲ့ငါ ...
ပုံပြင်တွေကြိုက်တာချင်းအတူတူ ...
ငါ့ရဲ့ငါက ရင့်ကျက်မလာခဲ့ဘူး။

(လမ်းတွေအားလုံးကို ခပ်တည်တည်နှုတ်ဆက်နေတာ အ၀ိုင်းပတ်ရဲ့ အရသာ ...။
လမ်းခွဲတစ်ခုထဲနဲ့လုံလောက်ခါးသက်သွားတာ ငါ့ရဲ့ အရသာ ..။
အ၀ိုင်းပတ်ရဲ့ ငါနဲ့
ငါ့ရဲ့ငါ ..
အစဉ်အတိုင်းပြိုလဲခွင့်ရတာတောင် ...
ငါ့ရဲ့ငါက အလျင်စလိုနိုင်တယ်။)

စကားလုံးတွေရဲ့ အပြင်ဘက်ကို လမ်းလျှောက်ထွက်တာ ၀ိမုတ္တိရဲ့ အရသာ ...။
စကားလုံးတွေနဲ့ တည်ဆောက်ဖြိုဖျက်နေချင်တာ ငါ့ရဲ့ အရသာ ...။
ဝိမုတ္တိရဲ့ ငါနဲ့
ငါ့ရဲ့ငါ ...
ဖြစ်တန်စွမ်းချင်း အတူတူ ...
ငါ့ရဲ့ငါက ကံဆိုးပါတယ်။

စိတ်ထဲမှာလမ်းလျှောက်ထွက်တာ စိတ္တာနုပဿနာရဲ့ အရသာ ...။
ထမင်းစားပြီး ပျင်းရိလဲလှောင်းနေချင်တာ ငါ့ရဲ့အရသာ ...။
စိတ္တာနုပဿနာရဲ့ငါနဲ့
ငါ့ရဲ့ငါ ...
ဒိုင်ပွဲရပ်တာချင်းအတူတူ ...
ငါ့ရဲ့ငါက ပိုဖူးယောင်ခဲ့တယ်။

မတော်တဆတစ်ခုရဲ့ငါနဲ့
ငါ့ရဲ့ငါ ...
ကဗျာရေးခွင့်ရတာချင်းအတူတူ ...
ငါ့ရဲ့ကဗျာက ခေါင်းစဉ်မပါခဲ့ဘူး ....။ ။

Zephyr


2 comments:

MANORHARY said...

ငါကတော့ ငါ့ကိုယ်ငါ မသိသေးတဲ့သူ
မတော်တဆနဲ့ရောက်လာတဲ့လူလောကထဲမှာ
နာမည်ဗလာနဲ့လူ
ခေါင်းစဉ်တပ်ရခက် နိဒါန်းစရခက်
နိဂုံးချုပ်ရခက်နဲ့ လမ်းပျက်နေတဲ့သူ ...

ဇေဇော် said...

စာဖတ်အားကောင်းသလို စာရေးအားလည်း ကောင်းတဲ့ အနုပညာသမားတစ်ဦးအဖြစ် အမြဲစောင့်ဖတ်၊ အားပေးနေပါတယ်။ ဟိုဘက် the gardener ထဲမှာ ရေးချင်တာပါ။ အဲဒီဘက်ကို ပိုကြိုက်ပါတယ်။ ဟိုဘက်မှာ မန့်လို့ မရလို့ ဒီမှာပဲ ရေးခဲ့ပါတယ်။ လေးလေးစားစား စောင့်ဖတ်နေပါတယ်…။ second thought အယူအဆကို လက်ခံပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းတော့ ကိုယ်ပြောချင်တဲ့စကားကို ရဲရဲဝံ့ဝံ့ လွတ်လွတ်လပ်လပ် ပြောချင်မိတယ်။ ကိုယ့် လွတ်လပ်မှုဟာ သူတစ်ပါးကို မထိခိုက်စေဖို့တော့ သတိပြုပါတယ်။ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိကြတာပဲလေ။ ကျနော်ကတော့ မြန်မာဘလော့ဂါတွေရဲ့ အရည်အသွေးဟာ မြန်မာပြည်ရဲ့ အနာဂါတ်လို့ပဲ မြင်ပါတယ်။ ကျနော်လည်း အတတ်နိုင်ဆုံးတော့ မမန့်ဖြစ်အောင် နေပါတယ်။ မမန့်ဖြစ်ပေမယ့် စောင့်ဖတ်ဖြစ်နေတယ်ဆိုတာ သိစေချင်ပါတယ်။

လေးစားစွာဖြင့်….