Tuesday, October 12, 2010

ဒီပြဇာတ်ဟာ ပြင်ဆင်လို့မရတော့ဘူးမေမေ …။

ဒီပြဇာတ်ဟာ ပြင်ဆင်လို့မရတော့ဘူးမေမေ …။

၁။

မေမေ …
မေမေ …
မေမေ ….. ဒီလိုတိုးဖွဖွလေး …
ခေါ်နေခွင့်ရချင်တယ် …………………မေမေ။

မေမေ့ဝမ်းဗိုက်မှာ …
ချုပ်ရာ တစ်ဆယ့်သုံးချက် …
မေမေ့ရင်ဘတ်ထဲမှာရော … သားအတွက် ဒဏ်ရာဘယ်နှစ်ချက်ထပ်ရခဲ့လဲမေမေ …။

၂။

မေမေ …
သားကဗျာတစ်ပုဒ်ရေးနေတယ်။
မေမေ့ကို သတိရတဲ့အကြောင်းတွေရေးမယ် …၊
ကြယ်တွေကြွေသွားတိုင်း ကောက်ထားချင်တဲ့သားက
အမေ့ကို လွမ်းမိတဲ့တရားမှာ …နာဖျားခဲ့မိသလောက်ပေါ့မေမေရယ် ….။

မေမေ …
အေးချမ်းနေတဲ့ မိုးမခပင်ကြီးတစ်ပင်ဟာမေမေပဲပေါ့ …
သူ့အရိပ်နဲ့ သစ်မြစ်လေးတွေလုံအောင် …
နေပူထဲမှာ ခါးကိုင်းရပ်နေရှာတယ်။

မေမေ ..
အမေဖြစ်ရတာ တွက်ခြေမကိုက်ဘူးနော် …၊
အဲဒီလိုမေးတိုင်း မေမေရယ်နေခဲ့တယ်။

၃။

မေမေ …
သစ်ပင်တွေဘာလို့စိုက်တာလဲမေမေ …
သူတို့ကို ဂရုစိုက်နေရတာမေမေ မပင်ပန်းဘူးလား …။
သားကရော မေမေစိုက်ထားတဲ့သစ်ပင်တစ်ပင်လားမေမေ ….
… မေမေ … ဒီအပင်ကအသီးလည်းမသီးဘူးမေမေ … ခုတ်လိုက်ကြရအောင် …
မေမေ … ဒီအပင်က ဆူးတွေ အနာလိုပေါက်နေတယ် ….
မေမေ … သစ်ခွပင်လေး ဖူးနေပြီ … ပွင့်ရင် ရောင်းလိုက်ရအောင်နော် …
မေမေ … ပန်းအလှပြင်တာ ပိုက်ဆံမရဘူးနော် … ပိုက်ဆံရတာ တစ်ခုခုပြောင်းလုပ်ကြရအောင်။
… မေမေက ရယ်ပဲရယ်နေတာပဲ …..။

၎။

မေမေ … အမြန်ပြန်လာခဲ့တော့ …သားဒီမှာ နေမကောင်းဘူး။
မေမေက စာမတတ်သေးလို့ သူတို့က ပညာတော်သင်ပို့ထားတာမဟုတ်လား … စာတွေရပြီလားမေမေ ….။
နှင်းတွေယူခဲ့ပါမေမေ …
သားကိုထားခဲ့တဲ့အတွက် မေမေ့ကို နည်းနည်းမုန်းနေတယ်။
ဒီနေ့ သား တင့်ကားပုံဆွဲတတ်သွားပြီ …
မေမေ စစ်တိုက်စရာရှိရင်ပြောနော် ….
God Bless U mummy.
မေမေ ငိုမနေနဲ့ဦးနော် ….။

၅။

မေမေ … သားကိုကျောပိုးထားရတာ ညောင်းလား။
သားကြီးလာရင် မေ့ကို ပြန်ပိုးမယ်နော်။
မေမေ … သားကိုလွမ်းနေတာလား …
မိုးကာအသစ်ဝယ်ပေးနော် …
ဒီနေ့ဟင်းကောင်းကောင်းချက်ထားရဲ့လားမေမေ၊
ဒီနေ့ကျောင်းမှာစာတွေအများကြီးသင်တယ်မေမေ၊
အိမ်ရောက်မှ သားပြန်ဆိုပြမယ်နော်
သားပညာတတ်ကြီးဖြစ်ရင်မေမေပျော်မှာလား …
မေမေ … သားကိုဖက်ထားနော် …။
မေမေက အမြဲနွေးနေတာပဲ …။
သိပ်ချစ်တယ် မေ့ကို …..။

၆။

မေမေ …တိမ်တွေကိုချစ်တယ်မလား။
သားလည်းတိမ်တွေကိုချစ်တယ် ….။
သားတို့နေ့တိုင်းလာကြည့်လို့ရမလား။
မေမေ ဟိုးက နွားတွေက မြက်စားနေတာလားမေမေ။
သူတို့ရော အစားစားခါနီး ဘုရားစာဆိုလား။
မေမေ … တိမ်တွေက သားတို့ကိုပြုံးပြနေတယ်နော် …။
သားတို့ ပြန်ပြုံးပြ ကြရအောင်နော် …။

၇။

မေမေ …
ကြယ်တွေကြွေတယ်မေမေ ….
ပန်းတွေလည်း ကြွေတယ် …

………
……………..
အခုသား ကြီးလာပြီမေမေ …
မေမေ့ကို ပြန်ချီပိုးမယ်မေမေ …
မေမေ့ကို ပြန်စိုက်ပျိုးမယ် …
…..
………..
………………
သားကို ထားသွားခဲ့လို့ မေ့မေ့ကိုနည်းနည်းမုန်းနေတယ်မေမေ ….။ ။

Zephyr…
Composed not by words but by teardrops …