ရေစိုနေသော ကျောက်တုံးများအကြောင်း ဆိုပါတော့။
မီးလုပ်တတ်ခါစ ကမ္ဘာဦးလူတစ်ယောက်
ကျောက်တုံးကိုခတ်၊
ရေစိုကျောက်တုံးကိုခတ်၊
မျက်လုံးတွေတလက်လက်၊
တစ်နေ့ပြီးတစ်နေ့၊
လက်မလျှော့နိုင်ဘူး၊
လက်မလျှော့နိုင်ဘူး လို့ အဓိပ္ပာယ်ရတဲ့
ဝူးဝူးဝါးဝါး အသံတွေနဲ့၊
မီးကိုပြုလုပ်နေတယ်။
သူ
အသက်အာမခံထားပေမယ့်
သေမယ်ဆိုတာမေ့မေ့နေတယ်။
တောင်ထိပ်အထိတွန်းတင်ပြီးမှ
ငွေ့ရည်ဖွဲ့ရွာကျဖို့အသင့်ဖြစ်ခဲ့တဲ့ တိမ်တစ်အုပ်
ရွာသွန်းသွားသလို၊
နေ့တွေ၊
ညတွေ၊
အလွမ်းနဲ့
အလွမ်းကြောင့်ဖြစ်သော ဒုက္ခတွေ၊
တစ်နေ့ပြီးတစ်နေ့
တောက်လောင်နေတယ်၊
တောက် လောင် နေ တယ်၊
လေးလေးပင်ပင်။
တုန့်ပြန်လေ့မရှိ၊
တိတ်တိတ်လေးနွေးတဲ့
နှုတ်ခမ်းများကို လွမ်းသတဲ့။
ငြိမ်သက်ခြင်းဟာ ဒဏ်ရာ၊
တိတ်ဆိတ်ခြင်းဟာ ဒဏ်ရာ၊
သားကောင်ဟာ
နွေးထွေးမှုကို
ပိုက်ပြီး အိပ်တယ်။
ဒီတောအုပ်မှာ
လုံခြုံတဲ့နေ့တစ်ချို့၊
သူ့ရာဇဝင်မှာရှိဖို့၊
ဒိထက်ပိုတဲ့ အဓိပ္ပာယ်တွေနဲ့
နောက်တကြိမ် ပြန်မရနိုင်တဲ့ ကြယ်တွေကို
သူ
ကြည့် နေ တယ်။
အောင့်နေတဲ့နှလုံးသားမှာ
ဒဏ်ရာတွေလည်းပါတယ်။
မီးခတ်လို့မရနိုင်တဲ့
ရေစိုကျောက်တုံးများကို ပြန်ရနိုင်ဖို့၊
ဒီအတွက်
သူကြိုးစားသတဲ့၊
သစ်ကိုင်းခြောက်၊
သစ်ရွက်ခြောက်၊
ခြောက်လှန့်နေတဲ့ နွေးထွေးမှု၊
ခြောက်လှန့်နေတဲ့ လုံခြုံမှု၊
လူ့လောက ဥပဒေသ၊
ချစ်ခြင်းရဲ့ရောင်စဉ်ခုနစ်သွယ်၊
စီးဆင်းမြစ်များ၊
ရပ်တန့်မြစ်များ၊
ကြေကွဲတတ်ဖို့၊
နာကျင်တတ်ဖို့၊
အော်သံများ၊
စုံလင်ခြင်း၊ ပြည့်ဝခြင်း၊ အထီးကျန်ခြင်း၊
သူ
စည်ကားခဲ့ပါသတဲ့။
အောင့်နေတဲ့ရင်ဘတ်ကို
ဖိထားတဲ့လက်၊
ဒါ၊
အချစ်ဆုံးသူရဲ့လက်ဖြစ်ဖို့
လို/မလို
သူစဉ်းစားပါသတဲ့။
ဒဏ်ရာတွေ အားလုံးကိုမေ့သွားဖို့
ဘယ်လောက်ကြာကြာဖက်ထားပေးမလဲလို့
သူ
လက်တစ်စုံကို မေးသတဲ့။
နွေထွေးပျော့ပြောင်းပြီး၊
သန်မာခိုင်မြဲသော လက်မောင်းတွေကို
လွမ်းဆွတ်ပါသတဲ့။
ရေစိုနေတဲ့ ကျောက်တုံးများနဲ့
မီးကိုပြုလုပ်ခြင်းမှာ
သူ ...........ဆက်လက် လောင်ကျွမ်းနေမြဲ လို့
ကျွန်တော် သိခဲ့ရပါတယ်။ ။
Zephyr
No comments:
Post a Comment