February
လွမ်းဆွတ်သူများ
လွမ်းသူ့ပန်းစည်းများဖြင့်
ချစ်ခင်သူများ …
ဆိပ်ဖလူး အနမ်းများဖြင့် …
သံသရာ တစ်အိမ်တက်တစ်အိမ်ဆင်း ……..
ချစ်ခြင်း၏ ချောကလက်ရောင်စဉ်များထွန်းညှိရင်း ….
သွားကြလာကြ ……………။
ဘ၀တဏှာ
မဟုတ်ဘူး အဲဒါ ဒိုင်ဗင်ဘုတ်ပါ
ခုန်ဆင်းလိုက် …
လေထဲမှာဂျွမ်းထိုးကြည့် …
ရေရှိမရှိ …
ကန်ထဲရောက်ရင်သိမယ် ………..။
ဖေဖော်ဝါရီ …၊
အိမ်မက်မှန်းသေချာလို့
နည်းနည်းလောက်စွန့်စားကြည့်တဲ့
ကစားကွင်းလေး။
ရင်ခုန်သံကိုဖြစ်ဖြစ်၊
ကြေကွဲမှုကိုဖြစ်ဖြစ်၊
နှလုံးသားစိုးရိမ်ရေမှတ်ထိ
စွန့်စားဝယ်ယူရတဲ့ဈေးတန်းလေး။
အကြွေးမရောင်းပါတဲ့ …
သံယောဇဉ်မျက်စောင်းတွေရောင်းတဲ့ဆိုင်လေး …
ယဉ်ယဉ်လေးငေးနေရတယ်။ ။
Zephyr
တစ်ချိန်တုန်းက ကဗျာ။ အခုအချိန်မှာ ပျော်ရွှင်တယ်ဆိုတာကို နားလည်မိလာပြီ။ တန်ဖိုးထားရမယ့် အချစ်ဆိုတာကိုလည်း နားလည်လာခဲ့ပြီ။ လူစိမ်းတွေရဲ့ ဥပေက္ခာတရားကို အပြုံးလေးတစ်ခုနဲ့ မေ့ထားနိုင်ခဲ့ပြီ။ စိတ်ချမ်းသာမှုနဲ့ ဆန့်ကျင်ဘက်တရားတွေနဲ့ ဝေးဝေးမှာထိုင်နေတတ်ခဲ့ပြီ။ ကိုယ်ချစ်တဲ့ လက်တစ်ဆုပ်စာလူနည်းစုထဲက မလိုတဲ့သူတွေ ထုတ်ပစ်လိုက်တာကိုလည်း ပေါ့ပါးပျော်ရွှင်တတ်ခဲ့ပြီ။ ကိုယ့်ဘဝကို ကိုယ် အပြည့်အဝရှင်သန်နေထိုင်တယ်။ ဖြစ်တည်ရုံသက်သက်မဟုတ်ဘူး။ အခုမှ ကြားဖူးတဲ့ စကားပုံလေးတစ်ခုကို ခဏခဏရွတ်နေတဲ့သူတွေကိုလည်း နားလည်ဖို့မခက်ဘူး။ ကိုယ့်လမ်းကိုယ်ရွေးသွားပြီး တစ်ချိန်ချိန်မှာ နောင်တရတဲ့လူအမျိုးအစားထဲမှာလည်း မပါတာကြာပြီ။ အသက် ၃၁ လူသားတစ်ယောက် ခြေလှမ်းမှန်မှန်နဲ့သူ့ဘဝသူ လျှောက်သွားတယ်။ သူ ဘယ်သူ့ အကူအညီမှ မယူဘူး။ ဘုရားသခင်တွေ၊ ကံတရားတွေကိုတောင် စကားထဲထည့်မပြောတာကြာပြီ။ (ကျွန်တော့်ဘဝအတွက်တော့ သူတို့ဟာ တော်တော်လေး အရေးမပါဘူး။ မိဘတွေ စိတ်ချမ်းသာဖို့လောက်ပဲ အသုံးကျတယ်။)
ဘဝဆိုတာလည်း အဲဒါပဲထင်ပါတယ်။ ကိုယ်ယုံကြည်တာမှာ ရဲရင့်လိုက်ဖို့ပဲ။
အမှားနည်းနည်းတော့ရှိတယ်။ လူစိမ်းတွေကို ခင်မင်ခဲ့မိတာနဲ့ ယုံကြည်မိခဲ့တာ နည်းနည်းပေါ့။ သက်ပြင်းကိုမှုတ်ထုတ်လိုက်ပြီးရင် စိတ်ပြန်ချမ်းသာသွားတာပဲ။ ကိုယ့်လမ်းကိုယ်သွားတာမှာ မြေပုံတွေ၊ပြဇာတ်တွေမလိုဘူး။ ခြေလှမ်းတွေကိုပဲပြင်ဆင်လို့ရတယ်။ ခရီးကိုတော့ ပြင်လို့မရဘူး။ ထွက်သွားပြီး အဝေးကြီးရောက်သွားတဲ့အခါ အားလုံးဟာဝေဝါးသွားတာပါပဲ။
No comments:
Post a Comment