ကျနော်စောင့်ဖမ်းနေတဲ့ လရောင်ဟာ သန်းခေါင်ယံ အနောက်နားမှာ
ဝပ်ပုန်းနေလိုက်တယ်၊
တရွှီးရွှီးဖြတ်သန်းသွားတဲ့ ကျည်ဆံတွေ၊
ခမောက်ပေါ်ကနေကျော်တက်၊
တစ်ချို့လည်းပွတ်ကာသီကာလေး၊
ဝပ်ကျင်းထဲမှာ
အချိုရည်ကိုငှဲ့တယ်၊
ကျေးဇူးတော်ကို မချီးမွမ်းဘူး၊
သောက်ချပစ်လိုက်တယ်၊
အဲဒီလို နံနက်ခင်းထဲမှာ နေထိုင်တယ်။
ထွက်မပြေးဘူး၊
တစ်နေရာထဲမှာ ခုခံတယ်။
ရန်သူက ကိုယ့်စိတ်၊
နလံမထူနိုင်သော ဒဏ်ရာတွေနဲ့၊
ကိုယ့်ကိုယ်ကိုသနားဖို့
ဖဲတစ်ချပ်လိုသွားတာမျိုး။
မနက်ဖြန်အတွက်လည်း
သိုးနေတဲ့ ပေါင်မုန့်တစ်လုံးတော့
အမှိုက်ပုံးထဲကနေ
ရနိုင်သေးတယ်။
လူသားဂုဏ်သိက္ခာနဲ့
ထွန်းညှိထားတဲ့
ဆီမီးရောင်မှိန်မှိန်၊
ကြယ်ရောင်ဖျဖျ၊
အနန္တစကြဝဠာမှ
မမှိုင်းမနိုင်သော
တန်ခိုးရှင်ကြီးများ၊
တန်ခိုးရှင်လေးများ၊
တန်ခိုးအာနုဘော် လုံလောက်ဟန်မတူသေးသော
ပုဂ္ဂိုလ်ထူးပေါက်စလေးများ၊
ရှိခိုးပူဇော်ခြင်းကို ခံယူတော်မူထသော ကျွန်ုပ်၏ အနာဂတ်အလင်းရောင်၊
ကျွန်ုပ်လဲကျလျှင်
ဖေးမထားပေးမည်ဟု
ယုံကြည်ယူဆထားသော လက်များ/လေဟာနယ်များ၊
မင်းကျရှုံးတိုင်း အတူရှိမယ်ဆိုခဲ့သော
သူငယ်ချင်းများ/မြေနိမ့်ချိုင့်ဝှမ်းများ
နေရောင်ခြည်ကအစ
သိုးနေပြီ။
ကျွန်တော်တို့နေ့တွေမှာ
သိုးနေတဲ့ပေါင်မုန့်ပေါ်
သိုးနေတဲ့နေခြည်တန်းကျတာကို
ကျေနပ်ထွေးပွေ့နိုင်တဲ့
အမှိုက်ပုံးကို
ကြည့်ရင်းပျော်တတ်လာ။
ရှင်သန်နေထိုင်ခြင်း=သေဆုံးလဲကျခြင်း
ဖြစ်မှန်းမသိဖြစ်လာ
ချစ်သူခင်သူများ=လူစိမ်းများ
ဖြစ်မှန်းမသိဖြစ်လာ
ကိုယ့်အရိပ်ထဲ
ကိုယ်ပြန်ခိုဝင်လောက်အောင်
ပျော့ပြောင်းသူတော့မဖြစ်ခဲ့ဘူး။
ဘဝတိုတိုလေးမှာ
သံယောဇဉ်တိုတိုလေးနဲ့
ပြဇာတ်တွေတိုတောင်းလာ။
ညနေခင်းကိုရောက်ဖို့
တစ်နေကုန်ဖြတ်သန်းရတာပဲ၊
စက္ကန့်တံတွေ
အသံကျယ်ကျယ်ပြုလာတဲ့
ငြီးငွေ့ဖွယ် ဧည့်ခန်းထဲ
တစ်ယောက်တည်းဖြတ်သန်းနေသလိုပေါ့၊
ခေါင်းပေါ်က ကျည်ဆံတွေဟာ
ပျံနေတဲ့ပျားတွေလား
ပျံနေတဲ့မြားတွေလား၊
အိမ်ပြန်သွားတဲ့စိတ်ကို
ဘယ်လိုပြန်မျှားယူရမလဲ၊
သေခြင်းတရားနဲ့နီးလာတိုင်း
စိတ်တွေဟာ ပိုလွင့်သွားတတ်တာမျိုးလား။
မရှိခြင်းတရားရဲ့
အဂ္ဂဘုံကို
ဒီလိုပဲ လှိမ့်ဆင်းသွားလိုက်မှာလား၊
ပန်းပွင့်တွေ၊ တိမ်တိုက်တွေ၊
စစ်ပွဲတွေနဲ့၊ ရန်ငြှိုးတွေ၊
ဒါတွေကို ထားခဲ့ပြီး
ဟိုဘက်ကို ကူးလိုက်ရမှာလား၊
အတုအယောင်ချစ်ခြင်းတွေ၊
ဗလာမျက်လုံးတွေ
ဒါတွေနဲ့ဝေးရင်ကောင်းတာပဲ။ တေးသံတွေမရှည်စေနဲ့၊ ဓားသွားတွေမလိပ်စေနဲ့၊ ပေါက်ကွဲစေတတ်တာတွေ စနက်တံဖြုတ်ပြီးရင် ဝေးဝေးကိုပစ်၊ လက်ထဲဆုပ်ကိုင်မထားနဲ့၊ နှလုံးသားနဲ့ဆုပ်ကိုင်မထားနဲ့ တွဲကိုဖြုတ်ချလိုက်တော့၊ လှေကို ကြိုးဖြည်လိုက်၊ ရေအိုးကိုလည်းခွဲလိုက်၊ ကျည်ဆံတွေတဖြောဖြော၊ အလဟဿပျံသန်းနေတယ်။ ပစ်မှတ်ရဲ့စစ်မှန်မှုအတွက် သက်သေလား၊ ငြီးငွေ့ခြင်းရဲ့ သင်္ကေတလား မယ်မယ်ရရ မကွဲပြားဘဲ ဝပ်နေရာက ထရပ်လိုက်မိတော့ လရောင်ထဲ အနီရောင်ဆေးတွေ နည်းနည်းရောသွားတယ်၊ မချိုလွင်တဲ့ပုံပြင်တွေဟာ ဘုတ်ခနဲပြန်ပြုတ်ကျသွားတဲ့နောက်မှာ ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ရှာမရတော့ပြန်ဘူး။ ။
Regards,
Zephyr
၁၃ ရက် ၃ လ ၂၀၁၃
No comments:
Post a Comment