အမေ့မွေးနေ့
အေးချမ်းမေက ကောင်းကင်ဘုံက နားတစ်စုံ သီချင်းကိုဆိုသလို ကိုယ့်အမေကိုယ်သတိရစရာတစ်ခုခုလိုသလား။ သူ့သဘောသူဆောင်ပြီး သူ့သက်တမ်းသူနေသွားသူတစ်ယောက်အတွက် ကျန်ရစ်သူပီသစွာ ဘုန်းကြီးကျောင်းမှာ သင်္ကန်းကပ်၊လှူဖွယ်ဝတ္ထုကပ်ပြီးသကာလမှာအဖေ့ဆီဖုန်းဆက်လိုက်တယ်။ အဖေက လွန်ခဲ့တဲ့ အနှစ်လေးဆယ်က သူ့ဇနီးဖြစ်လာမယ့် မမကြီးနဲ့အတူ သူငယ်ချင်းတွေစုပြီး ဆီချက်ခေါက်ဆွဲသွားစားကြတဲ့အကြောင်း၊ သံဗူးဖျော်ရည်ကို ရေခဲတုံးနဲ့သောက်တဲ့အကြောင်းပြောတော့၊ ငါ့အဖေက တယ် အီမိုပါလားထင်လာမိတယ်။ အမေကြာ်ကျွေးတဲ့ ကြာဆံကြော်အကြောင်းပြောတော့၊ ငါက ဆနွင်းမပါဘဲ ဖြူစုတ်စုတ်ဖြစ်နေတာကိုပြောတာလားဆိုတော့ သား၊အဖချင်း နည်းနည်းမိတ်ပျက်သလိုဖြစ်သွားတယ်။ ငါ့အစ်ကိုကိုငါဖုန်းဆက်တယ်။ အမေ့အတွက် တစ်ခုခုလှူဖို့ပြောလိုက်တယ်။ ဘိုးတော်က ငါ့ကို ငါ့အမေအတွက် ဆုတောင်းပေးပါလို့ပြောတယ်။ ငါထင်တာတော့ ဒါတွေက အပိုတွေပဲ။ သူ့ကံနဲ့သူ လက်မှတ်ဖြတ်ထားပြီးတဲ့ခရီးကို သူသွားတာမှာ ငါတို့က သတိရရုံပဲရှိတယ်။ ကျန်တာတွေက အပိုအလုပ်တွေ။ အဖေကတော့ အမေ့မွေးနေ့အမှတ်တရ သူ့မိတ်ဆွေတွေကို ကြာဆံကြော်ကြော်ကျွေးလိုက်တယ်ပြောတယ်။ လူတွေအသက်ကြီးလာရင်ပိုခံစားတတ်လာတယ်ထင်တယ်။ ဒါကို သွားနောက်မိရင်လည်း အလကားနေရင်းရန်ငြှိုးဖွဲ့ကုန်တာပဲအဖတ်တင်မယ်ဆိုပြီး ငြိမ်နေလိုက်ရတယ်။ မေလမို့ စိပ်ပုတီးစိပ်ဖို့၊ ဘုရားကျောင်းသွားဖို့တွေမပြောရင်ပြီးတာပဲဆိုပြီး ခွင့်လွှတ်ထားလိုက်တယ်။ အမေက ပျော်ရွှင်တတ်သူပဲ။ အစားအသောက်နဲ့ကိုးရီးယားကားကိုခုံမင်သူပဲ။ မိဘဆိုတဲ့ ဗီတိုအာဏာ မသုံးတဲ့သူ။ ချစ်ခြင်းတရားနဲ့ပဲ သူ့ဘဝသူနေသွားတယ်။ သူနဲ့ငါတို့ရဲ့ ဆက်ဆံရေးမှာ အဖုအထစ်မရှိဘူး။ စလိုက်နောက်လိုက်၊ပျော်ရွှင်လိုက်ပဲ။ မပြည့်စုံတဲ့ဘဝ၊ ပြည့်စုံတဲ့ဘဝ၊ ဘယ်နေရာမှာမဆို ပျော်သလိုနေခဲ့တယ်။ အမေဆုံးသွားပေမယ့် သူ့ရဲ့ ချစ်ခြင်းတရားဟာ ဆက်ရှိနေတယ်လို့ ငါထင်တယ်။ မနေ့က အမေရေးလိုက်တဲ့ စာဟောင်းတစ်စောင်ကို ပြန်ဖတ်ရင်း သတိရလိုက်သေးတယ်။ ခံစားချက်ဆိုတာမျိုးက ကြာကြာမွေးထားဖို့မဟုတ်ဘူး။ သတိရလည်း ဥပေက္ခာနဲ့ယှဉ်တဲ့ မေတ္တာပဲဖြစ်ရမယ်လို့ငါထင်တယ်။ ချစ်ခင်သူတွေအတွက် ဒဏ်ရာမရအောင်နေဖို့ ကြိုးစားနေရမယ်။ မဟုတ်ရင် ရှင်သန်မှုဟာ ဘယ်လိုလုပ် တန်ဖိုးရှိမှာလဲ။ အခုတလော အမေအသက်ရှင်စဉ်တုန်းက ကြိုက်ခဲ့တဲ့အစားအစာလေးတွေ ရွေးစားပေးနေတယ်။ တကယ်လို့များ လှမ်းမြင်ရတဲ့ ဘုံဘဝတစ်ခုခုရောက်နေရင် သူ့ရဲ့သား ယောနိသောမနသီကာရလေးနဲ့ အိပ်ပျော်စားဝင်နေတာမြင်ရင် အမေလည်းပျော်နေမှာပါ။ ဒါတွေကို အဖေနားလည်အောင် ပြောမနေတော့ဘူး။ ဆုံးသွားတဲ့သူတစ်ယောက်အတွက် ဝမ်းနည်းမှ နည်းမှန်လမ်းမှန်ဖြစ်တယ်လို့ အဖေထင်ရင်တော့ ဒါအဖေရွေးတဲ့လမ်းပဲ။ တစ်ခါတစ်ခါ အဖေ့ဝမ်းနည်းနေပုံက အမျိုးရင်းဖြစ်တဲ့ သားနှစ်ယောက်ထက်ပိုနေတာမြင်တော့ မယ်ဘော် တယ်ကဲတာပဲထင်ထင်နေတယ်။ တရုတ်တွေလို ဒီဘက်ကမီးရှို့လိုက်လို့ ဟိုဘက်မှာသွားပေါ်နေရင် ကြေးအိုးဆီချက် နှစ်ပွဲလောက် ရှို့ပြီး ပို့ပေးလိုက်ချင်တယ်။ ဇနီးသည်က ရွှေသင်္ကန်းကပ်ရင်း ယောက်ခမအတွက် ဆုတောင်းပေးတော့၊ ဟိုမှာတော့ လမ်ဘိုဂီနီ စီးနေလောက်ပြီလို့ပြောလိုက်သေးတယ်။ အမေ့မွေးနေ့တို့၊အမေ့ရက်လည်တို့နားမှာ အဖေနဲ့စကားပြောရတာခက်တယ်။ ဟိုတလောက သူ့ဇနီးလက်ရာ အပျံစားဆိုတော့ ငါက အပျံဆားဖြစ်ရမယ်။ ဆားအမြဲငန်တယ်ပြောတော့ ဘိုးတော် စိတ်ကွက်သွားတယ်။ ဘာပဲဖြစ်ဖြစ်ပါ သူ့မိန်းမ သူချစ်တာ အပြစ်မဟုတ်ပေမယ့်၊ သားသမီးအရင်းတွေထက်တော့ အကဲမပိုတာကောင်းမယ်လို့ ဘိုးတော်ကို ငါ သတိပေးရဦးမယ်။
(အမေ့ကိုအဖေက ကချင်လို အနူးလို့ခေါ်တယ်။ ANU ဆိုပြီးစာရေးလေ့ရှိတယ်။ အဲဒါကို ငါတို့က အနူလို့ခေါ်တာဆိုပြီးနောက်ခဲ့ကြတာမှတ်မိသေးတယ်။ Nu ဆိုတာ ကချင်လို အမေဆိုတဲ့အဓိပ္ပာယ်ပဲ။ အဘွားကတော့ Hkai။ အဘိုးကတော့ စောစောသေသွားလို့ ဘယ်လိုပေါင်းတယ်မသိဘူး။ ဟိုင်းဂျီလို့ခေါ်တယ်ထင်တယ်။)
ပျော်ရွှင်စရာကောင်းတဲ့ ဘုံဘဝမှာ မြင့်မြတ်တဲ့ တရား အသိရှိတဲ့သူ ဖြစ်နိုင်ပါစေလို့ပဲ ဆုမွန်ကောင်းပို့သလိုက်ပါတယ်။ ။
Zephyr
No comments:
Post a Comment