လမ်းခုလတ်
တော်လှန်ရေးမှာ တစ်ချို့ကအသက်စတေးတယ်။
ခင်ဗျားက လက်တစ်ချောင်း ပျက်သွားတယ်။
ကဗျာရေးလို့ လက်ကို တူနဲ့ခေါက်တယ်။
တစ်ပါဒတစ်ချက်နှုန်းလည်းဖြစ်ကောင်းဖြစ်မယ်။
ဒါပေမယ့် သမိုင်းက ခင်ဗျားကို သိတယ်။
ချန်မထားဘူး။
ခင်ဗျားက ကဗျာကိုရေးတယ်။
ကဗျာက သမိုင်းကိုရေးတယ်။
သမိုင်းက သေသွားတဲ့ ကျောင်းသားတွေကို မမေ့ဘူး။
နိုင်ငံရေးသမား အစုတ်အပြတ်တွေနဲ့
အာဏာရှင်စံနစ်သာ ကျဆုံးမယ်။
ကျောင်းသားတွေရဲ့ ခြင်္သေ့နှလုံးသားဟာ
အလံမလဲဘူး။
ကျောင်းသားဟာ ခေတ်အဆက်ဆက်
မတရားမှုကိုတော်လှန်တယ်။
သမိုင်းတာဝန်ကိုခွဲယူတယ်။
ကျောင်းသားဟာ မကြောက်ဘူး။
မိုးပေါ်ထောင်မပစ်တဲ့ကျည်ဆံဆီ
ပြေးဝင်သွားတယ်။
ထောင်စောင့်တွေ ရိုက်မယ့်တုတ်ဆီ
ပြေးဝင်သွားတယ်။
အနုပညာသစ်ဆီပြေးဝင်တယ်။
တစ်ယောက်ချင်းပစ်ချနေတဲ့
ဒေါင်းအလံကိုင်လက်တွေဆီ ပြေးဝင်တယ်။
ခွေးသေဝက်သေပေါ့။
ပြေးပြေးဝင်တယ်။
ခင်ဗျားဟာ
တစ်ချိန်က ကျောင်းသားတွေလို
ချစ်တဲ့ကျောင်းကိုစွန့်ခွာပြီး
ရက်စက်တဲ့ကျောင်းမှာ
စာဆက်သင်ကြတယ်။
မကောင်းတဲ့ခေတ်ကြီးမှာ
ခင်ဗျားတို့က စံပယ်ပင်စိုက်တယ်။
ကျနော်တို့က ရနံ့ကိုရှူရှိုက်တယ်။
တစ်ခါတစ်လေ အားနာကြတယ်။
အနုပညာကို၊
ခင်ဗျားတို့ကို၊
ဒေါင်းအလံကို
အားနာကြတယ်။ ။
Zephyr
(ဘဂျီး တာရာမင်းဝေ ... ကောင်းရာသုဂတိလားရောက်ပါစေ)
No comments:
Post a Comment