ရိုးရိုးပိတောက်
ပိုင်ဆိုင်မှုတစ်စုံတစ်ရာမရှိတဲ့ ကောင်လေးတစ်ယောက်အတွက် ....
အစောဆုံးပွင့်တဲ့ ပိတောက်ထက်ပိုပြီး ဘာကိုပေးနိုင်မှာလဲ ....
နူးညံ့ပွင့်ဖတ်ထဲမှာ
ချစ်ခြင်းအဝါဟာ
ရွှေလိုသိပ်သည်းပြီး
သိမ်မွေ့လွန်းနေခဲ့တယ်။
အလှဆုံးခူးထားတဲ့ ပိတောက်ပန်းဟာ
သူ့ရင်ခွင်ဆီကို ဘယ်နှမိနစ်အတွင်းရောက်သွားမှာလဲ၊
စီးစရာယာဉ်ဆိုလို့
ခြေထောက်နှစ်ချောင်းသာရှိတဲ့ကောင်လေး ...
ပြေး .... ပြေးရုံပေါ့ ......။
မနက်ခင်းဟာ လင်းသလား၊
ချစ်သူ့မျက်နှာဟာ ဝင်းသလား၊
အိမ်မက်ဖိနပ်အသစ်ကြီးစီးထားတဲ့ ဆင်းရဲသားလေး၊
ပိတောက်ပန်းပိုက်ပြေးနေပုံက
ဘုရင်ဆန်လွန်းနေခဲ့တယ်။
တိမ်အပြာတွေ ဖျော့မသွားပါဘူး၊
အရုဏ်ကြိုငှက်ကျေးတွေ လူပျော်လေးကို ရပ်ငေးနေခဲ့တယ် ....။
ချစ်ခြင်းဟာ လူငယ်လေးရင်ဘတ်ထဲက တုတ်ထောက်ခုန်သမား ....၊
မျှော်လင့်ခြင်းအမြင့်ကို
နှလုံးသားရုန်းအားနဲ့ ခုန်ကျော်ပြမတဲ့။
တစ်ချို့အိမ်ရဲ့ ခြံဝင်းတံခါးဟာ
လူတိုင်းဝင်ဖို့မဟုတ်ဘူးတဲ့၊
အထူးသဖြင့်
ပိတောက်ပန်းနဲ့ချစ်ခြင်းကလွဲပြီး၊
အရာရာချွတ်ခြုံကျနေတဲ့ ကောင်ငယ်လေး ...ဝင်ခွင့်မသာတော့
တံခါးရှေ့ရပ်ငေး ...
ဆွေး ... ဆွေးရုံပေါ့ ........။ ။
Zephyr
No comments:
Post a Comment