အလွယ်ရေးထိုးထားတဲ့လက်မှတ်
စင်ရော်လည်း အစာရှာမရတဲ့ရက်ရှိတယ်၊
ကောင်းကင်မှာလည်း တိမ်တွေမပါတဲ့နေ့ရှိတယ်။
မနက်ခင်း နှင်းတွေမှာပါတဲ့ အက်စစ်ဟာ
အလန်းဆန်းဆုံး ဆောင်းပန်းကလေးများကို
ညှိုးနွမ်းသွားစေနိုင်တယ်။
တစ်နေ့လုံး စိုက်ခင်းကို ရေပက်နေတာ
တစ်နေ့လုံးတောင်ပေါ်ကို သစ်သီးဗန်းလေးနဲ့ လမ်းလျှောက်တက်နေတာ
တစ်နေ့လုံး နွားအုပ်ကိုကျောင်းနေတာ
တစ်နေ့လုံး တံတားဆောက်ဖို့ ကျောက်သယ်နေတာ
လုပ်အားဟာ ငွေကျပ် ၂၀၀၀ မျှသာ တန်သတဲ့။
တောင်တွေကိုကျော်ပြီး တစ်နေ့မိုင် ၂၀ လျှောက်ရတာ
လှေတစ်တန်၊ကားတစ်တန်၊ ခြေကျင်တစ်တန် လမ်းများကိုဖြတ်သန်းနေတာဟာ
ကျောင်းကိုသွားနေတာတဲ့၊
ဒီမျှော်လင့်ချက်ကို ဒီပညာရေးက ဖြည့်ပေးနိုင်မလား စိုးရိမ်တယ်။
ကျောင်းလွယ်အိတ်အလေးကြီးကို
အဝေးကြီးလွယ်သွားတဲ့
ကျောင်းသားလေးရဲ့ မျက်ဝန်းများ
တောက်ပနေသလောက်၊
သူ့ကျောင်းဝတ်စုံဟာ
ဟောင်းနွမ်းနေတယ်။
မိမိကိုယ်ကို
တတ်နိုင်သမျှ ကွေးကောက်ထားခြင်းဆိုတဲ့ အနွေးထည်ကလွဲရင်
ဘာမှမရှိတဲ့
ခွေးတစ်ကောင် အအေးလွန်ကဲ ဆောင်းရာသီကို ခုခံနေသလိုမျိုး
ခက်ခဲလွန်းတဲ့ ဘဝတွေဟာ
ဆင်းရဲခြင်းကို လက်ဗလာနဲ့ ခုခံနေတာ။
ပြည့်စုံခြင်းအထိလည်းမမျှော်လင့်ကြပါဘူး၊
အဆင်ပြေရုံ၊ ဝမ်းဝလို့ခါးလှရုံထက်မပိုကြပါဘူး၊
ဒီမျှော်လင့်ချက်သေးသေးလေးကို
ခြေဖဝါးသေးသေးလေးထဲမှာ ထိန်းသိမ်းပြီး၊
တစ်နေ့တစ်နေ့ ကျောင်းကို ရောက်အောင်သွားနေသေးတာ
မြင်ရရုံနဲ့ ကြေကွဲစရာ၊
ဒီမြင်ကွင်းလေးကို
ကျွန်တော်တို့က
နှလုံးသားနဲ့မကြားရတော့၊
လက်ကိုင်ဖုန်းလေးထုတ်ပြီး ဓာတ်ပုံရိုက်
#ခက်ခဲသောဘဝများ#ကျောင်းသားလေးတွေ#လေးလံသောလွယ်အိတ် ဆိုပြီး
social media တစ်ခုခုမှာ တင်ရုံထက်မပိုတဲ့ စာနာမှုနဲ့ ရက်စက်လိုက်ကြတာပေါ့။
ကျနော်တို့လာကြည့်ရတဲ့
သူတို့ရဲ့ အလှပဆုံး ရှုခင်းတွေကို သူတို့မခံစားနိုင်ကြပါဘူး။
ဘဝဟာခက်ခဲလွန်းတဲ့အခါ ရသခံစားမှုဟာ ချို့တဲ့သွားတယ်မဟုတ်လား။
ခေတ်ပြောင်းတော်လှန်ရေးတွေဟာ
လူချမ်းသာတွေ ပိုချမ်းသာသွားဖို့မဟုတ်ခဲ့ပါဘူး၊
ဆင်းရဲသားလူတန်းစားရဲ့ ဟောင်းလောင်းပွင့် အစာအိမ်ထဲ
အစာကြမ်းတစ်ချို့ရှိနေရေးအတွက်ပဲ ဖြစ်ခဲ့ပါတယ်။
ဖွံ့ဖြိုးမှုမညီမျှမှုရဲ့ အကြပ်အတည်းကို
ကျောင်းသားလေးတစ်ယောက် ဘယ်နှစ်မိုင်လျှောက်မှ
ကျောင်းကိုရောက်သလဲဆိုတာနဲ့ တိုင်းတာကြည့်ရင်
နီးစပ်တဲ့အဖြေရနိုင်မယ်ထင်ပါတယ်။
သူ့ရဲ့ ထမင်းဘူးထဲက နေ့လည်စာကိုဖွင့်မကြည့်မိခင်
ကျွန်တော်တို့ရဲ့ လက်ကိုင်ဖုံးများကို
အရင်ဆုံးပိတ်ထားလိုက်ဖို့လိုမယ်ထင်တယ်။ ။
Zephyr