Monday, April 5, 2010

ရင်ခုန်နေရတဲ့ မျက်တောင်လေးတစ်ခုအကြောင်း ….

ဒီတစ်ခါ ချစ်စရာကောင်းတဲ့ ကဗျာလေးတစ်ပုဒ် တင်လိုက်ပါတယ်။
ပျင်းနေတာနဲ့ ကဗျာကို အိပ်ချင်မူးတူးရွတ်ထားတဲ့ အသံနဲ့ပါ တင်လိုက်ပါတယ်။ နောက်ခံသီချင်းက Olivia ရဲ့ I honestly love you ဖြစ်ပါတယ်။


ရင်ခုန်နေရတဲ့ မျက်တောင်လေးတစ်ခုအကြောင်း ….


မလှမ်းမကမ်း အကွာအဝေး …
မျက်တောင်လေး မြင်နေရရုံနဲ့
လူ့ဘ၀ဟာ ဒုလ္လဘ …။
သက်တစ်ရာတမ်းလုံး ထိုင်ကြည့်နေချင်တဲ့ မျက်တောင်လေး…
ဖြောင့်ချက်ပေးထားတဲ့ နှလုံးသားရုံးချိန်းတွေဝင်နေရသလို ပ၊
စိတ်ထဲပွင့်ခွင့်ပြုလိုက်တဲ့စံပယ်စိုစွတ် ညနေဖျော့….
လွမ်းနေရတာက မျက်တောင်လေးတစ်ခုဆိုတော့ …
မြေက ရယ်မှာစိုးတယ်။

မျက်တောင်လေးရဲ့
အလင်းပြန်ဆုံမှတ်ဟာ နှလုံးသားတစ်ခုဆိုပါတော့ ..
အဲဒီနေရာလေးမှာ ကံ့ကော် တစ်ပင် စိုက်ခွင့်ရချင်တယ်။
သိပ်လှတဲ့ ကံ့ကော်ရွက်နုလေးတွေဟာ မျက်တောင်လေးတစ်ခုရဲ့ ကယုကယင် အမူအယာ …
သိပ်နူးညံ့လွန်းလို့ စိတ်နဲ့ပဲကြည့်နေလိုက်ရတယ်။

ဘဒ္ဒကမ္ဘာထဲမှာ မျက်တောင်လေးတစ်မျှင်ကို ချစ်ကြင်နေသူတွေဘယ်လောက်များခဲ့လဲ …………။ … မျက်တောင်ကလေး အဖူးရစေ …ဆိုတဲ့ ကျိန်စာတွေကိုကြောက်ရွံ့ခဲ့ …၊
မျက်တောင်လေးနဲ့ ပိုမို နီးကပ်မသွား .. ပိုမိုဝေးကွာမသွား …
လက်တစ်ကမ်းအကွာမှာ သံလမ်းတွေကျိန်စာသင့်ခဲ့သလိုမျိုးပါပဲ။

မျက်တောင်လေးဟာ
ကျွန်တော်အိပ်နေတုန်း ဘုရားသခင် ထုတ်ယူသွားတဲ့ မျက်တောင်လေးပဲဖြစ်တယ်။
မျက်တောင်လေးဟာ
မိုးစွေငှက်ကလေးရဲ့ ဖျတ်လတ်မှုတွေနဲ့
သဘာဝတရားထဲ စူးစမ်းရှာဖွေလေ့လာသူ၊
မျက်တောင်လေးဟာ ကျွန်တော့်နှလုံးခုန်သံတွေကို
နားကြပ်တပ်မထားဘဲကြားနေလိမ့်မလား …
ဇီဇ၀ါပန်းတွေပွင့်တဲ့လမ်းမှာ
ကျွန်တော်တွေးနေမိတယ်။

ကိုယ်ဆိုတဲ့သီချင်းကိုယ်ပြန်သာယာနေတဲ့ ငှက်ကလေးတစ်ကောင်လိုပါပဲ …
သတိရနေတဲ့စိတ်ဟာ သတိရနေခြင်းကို သာယာနေမိတယ်။
မျက်တောင်လေးငြိမ်းချမ်းပျော်ရွှင်နေကြောင်း …
မြက်ခင်းမှာနားနေတဲ့ သပိတ်လွယ်ငှက်ကလေးပြောပြတဲ့အခါ …
ကျွန်တော်နဲ့အတူ …. ကံကော်ရွက်နုလေးတွေလည်း နားကိုစွင့်လို့ပါပဲ …..။ ။

ခင်မင်စွာဖြင့်
Zephyr




11 comments:

Anonymous said...

မျက်တောင်လေးရေ မြေပြင်ပေါ်မှာ ကိုယ်နဲ့နေရစ်ခဲ့.. လို့ ခေါ်တဲ့အသံကို ကြားမိသလိုလို .. Olivia Newton John ရဲ့ ကော့ညွတ်ရှည်လျားတဲ့ မျက်တောင်လှလှတွေကိုလည်း ပြန်မြင်မိတယ် (ဘာမှလည်းမဆိုင်ဘူး..ကဗျာနဲ့ )း)
ကဗျာလေးက ချစ်စရာလေး..မျက်တောင်လေး အဖူးရစေသား ကွယ် ..း))
မေ

vowel said...

ဥယျာဉ်မှုးဆီက...
ဒီကဗျာမျိုးတွေ...ထွက်ကျလာဖို့..
ကံ့ကော်ရွက်နုလေးတွေနဲ့အတူ...
နားစွင့်နေခဲ့တာပါပဲ။

Zephyr said...

:)
စေတနာတွေပါလား အမေရယ် ...။

သွယ်လင်းဆက် said...

ကဗျာက ချစ်စရာကောင်းတယ်။ အိပ်ချင်မူးတူးက ဘယ်နားလေးမှာလဲ။

သီချင်းဖွင့်လို့မရဘူး။ ကိုယ့်ဟာကိုယ်ပဲနားထောင်လိုက်တယ်။

လင်းဒီပ said...

ဒီလူဆီက အချစ်ကဗျာလေးတစ်ပုဒ်ဖတ်ရဖို့ အတော်ကြာကြာစောင့်ရတယ်...။

မယ်ကိုး said...

ကဗျာကို ကောင်းလိုက်တာ လို့ မပြောချင်ပါဘူး ။အားလုံးကောင်းနေတာက တစ်ကြောင်း။ ကောင်းပါတယ် ကောင်းပါတယ် ဆိုတဲ့ ဟိုကဗျာကို ဖတ်ပြီး မမန့်ရဲတာလည်း တကြောင်းကြောင့်ပါ။

အခုရေးချင်တာက ကဗျာအသံက တော်တော်လေးတိုးသလိုပဲ။ ကျွန်မ စက်ပဲမကောင်းတာလား မသိ။
ဒီဆိုဒ်မှာမို့လား ဆိုပြီး ဒေါင်းနားထောင်လည်း ခပ်တိုးတိုးပဲ။

Zephyr said...

မယ်ကိုး ...

အသံကို အဆုံးအထိ တင်ပြီးနားထောင်ရင်တောင် နား ဒုက္ခမရောက်အောင် စေတနာနဲ့ပါ။ In ear earphone နဲ့ နားထောင်ကြည့်ပါ။ ဒါမှ မကြားရသေးဘူးဆိုရင် အကြောင်းကြားပါ။

အသံပိုကျယ်အောင် ကူးလို့ရမလား ကြည့်လိုက်ဦးမယ်။ Music Software တွေ ဘာမှမသုံးဖူးဘူး။ အခုမှ အပျော်တမ်းစမ်းသပ်နေတာ။

ညလင်းအိမ် said...

ချစ်စရာ ကဗျာလေး ...

MANORHARY said...

မယ်.. ကဗျာဆရာက ကိုယ်တိုင်လာရွတ်ပြနေဦးမယ်း)
ဒါပေမယ့် အလကားတော့ ရွတ်ပြမှာမဟုတ်လောက်ဘူးး)

Julian said...

ဘာသံမှမကြားရဘူး ဒါဘဲ ကဗျာကမျက်တောင်ကလေးဆိုတော့ အင်း မျက်တောင်ကလေးပေါ့လေ (တကယ်လည်းမသိပါဘူးနော် မေခက ဘာမှကိုပြောမပြဘူးနော် ဟိ)

မဂျူ

Zephyr said...

မဂျူ ... Download link ကို နှိပ်လေ။ Download လုပ်ပြီးနားထောင်တာမှ မကြားရသေးရင် နားဆေးခန်းသွားပါ။ ကုလားဆရာဝန် ချောချောလေးရှိတဲ့ဆေးခန်းသွားပါ။