Friday, June 25, 2010

စစ်တုရင် ကစားခြင်း

စစ်တုရင် ကစားခြင်း

ကိုယ့်ကိုယ်ကို ဖွင့်တော့ ..
ကိုယ့်ဧရိယာ ၆၄ ထဲ ရန်သူက တစ်ဝက်တိတိ …
အိပ်မက်နဲ့ စိတ်နဲ့ အကွာအဝေးလို ..
အဖြူနဲ့အဖြူ အနက်ခြားနေလေရဲ့ ..။

ကံကြမ္မာ သားတစ် တစ်စ အတွက် …
စီးချင်းထိုးကြည့်ရင်ကောင်းမလား …
အဖြူယူပြီး ရှေ့ကဦးဆောင်
အနက်ယူပြီး ကျစ်လျစ်စုစည်း …
မာန နဲ့ မာနကြားမှာ အနက်ကွက်တွေခြားနေဆဲပဲ …။

ငါရဲ့ ဗဟိုကွက်တွေထဲမှာ
ငါ့သက်တမ်း သုံးပုံတစ်ပုံနစ်နေတာလေးနဲ့
ငါ့ကို မစတေးခဲ့ပါနဲ့ …
ငါ့မှာ လွတ်ကျွတ်ပွန်း တကောင်
ချစ်ခြင်းတရားဆီသို့ ဦးတည်ရင်း ကျန်နေခဲ့နိုင်သေးတယ်လို့
ဘာလို့ လျှော့မတွက်ခဲ့တာလဲ ….။
အချစ်နဲ့ အချစ်ကြားမှာ အနက်ရောင် ထောင့်ဖြတ်လိုင်းတစ်လိုင်းခြားနေတယ်။

ငါက အကန့်အသတ်နဲ့လှုပ်ရှားရတဲ့ဘုရင်တပါးပါ …
ဘုရင်မလေးလို မင်းက အဝေးအထိထွက်ပြေးတဲ့အခါ …
ငါ တရွေ့ရွေ့လိုက်မမီခဲ့ဘူး …
ဘ၀အာမခံချက်ဆိုတဲ့ ငါ့မြင်းသည်တော်ဟာ …
မင်းရဲ့သံသယတွေနဲ့ လဲလိုက်ရတာ နည်းနည်းတော့ နှမြောတယ် …။
ငါ့ရဲ့ ရဲတိုက်တွေဟာ … ကံကြမ္မာ နဲ့ပိတ်နေတတ်လို့ပါ …
ငါဟာ သရေခံကစားနေတဲ့ သွေးကြောင်တဲ့ ဘုရင်တပါးပါ …

စစ်သည်တော်တွေလဲကျရှုံးနိမ့်သွားသလို
ငါ့ ယုံကြည်မျှော်လင့်ခြင်းတွေ
လဲကျသေဆုံးသွားတယ် …
ဟင်းလင်းပြင်ထဲမှာ လမ်းပျောက်သွားတဲ့ တိမ်တစလို ..
ငါ လည်း တကိုယ်တည်းကျန်ခဲ့တယ် …
ငါ့ကိုယ်ထဲမှာစီးနေတဲ့သွေးကို
ဆူညံလွန်းလို့ …
တိုးခိုင်းခဲ့ရတယ် …
ရန်သူ့တပ်သားတွေဝိုင်းရံခံနေရသလို …
လွမ်းဆွတ်ခြင်းဟာ နောက်ကျောကို အတိအကျ ထောက်ထားလေရဲ့ …

…ကောင်မလေးရေ ..
မင်းနဲ့ငါကြားမှာ မဖြစ်နိုင်ခြင်းအနက်ကွက်တွေ ခြားနေတာ…
သိလိုက်ရတော့ ..
ငါ့ ဘုရင်လေး လဲကျသွားတော့တယ် …
ငါ့ စိတ်လေး လဲပြိုသွားတော့တယ် …
ငါ့ အိပ်မက်လေး လဲအက်သွားတော့တယ်ကွယ် …….။

Zephyr
Idea Maganize, July 2010

Notes:
ငယ်တုန်းက ကျောင်းမှာ စစ်တုရင် ချန်ပီယံကို ချန်ပီယံမှန်းမသိဘဲစိမ်ခေါ်မိပြီး ပွဲတိုင်းရှုံးသွားလို့ စစ်တုရင်ထိုးခြင်းကလည်း အနားယူခဲ့ပါတယ်။ ကဗျာလေးကတော့ ချစ်တဲ့သူတစ်ယောက်က ချစ်တဲ့သူတစ်ယောက်ကို ပြောပြတဲ့ စကားလုံးတစ်ချို့ပါ။ စစ်တုရင်စကားတွေဖြစ်နေလို့ နည်းနည်းလေးသည်းခံပြီးဖတ်ကြည့်ပါ။ ဥပမာ စတေးကစားတယ်ဆိုရင် စစ်တုရင်မှာ အနိုင်ရဖို့ ကစားရုပ်တွေ အဆုံးခံလိုက်တာပါ။ အကွက်ဆင်ဖို့ နဲ့ အနိုင်အရှုံးပြတ်သားဖို့အသုံးပြုပါတယ်။ လွတ်ကျွတ်ပွန်းဆိုတာကတော့ ပန်းဝင်တဲ့အထိ တောက်လျှောက်သွားဖို့ လွတ်သွားတဲ့ ဘာမဆိုဖြစ်နိုင်တဲ့ ပွန်းတစ်ကောင်ပါ။ အနောက်တိုင်းစစ်တုရင်မှာ ဘုရင်က တစ်ကွက်ချင်းပဲသွားလို့ရပြီး ဘုရင်မရုပ်ကတော့ အဝေးဆုံးကို လျှင်လျှင်မြန်မြန်သွားနိုင်ပါတယ်။ ဗဟိုကွက်တွေဆိုတာတော့ အချက်အချာကျတဲ့နေရာတွေပါ။ ... ဘ၀ရဲ့ ငယ်ရွယ်ပြီးထက်မြက်တဲ့အရွယ်မှာ အလုပ်မရှိ အကိုင်မရှိနေခဲ့ရတဲ့နေ့တွေအတွက် ဘ၀ရဲ့ သက်တမ်း သုံးပုံတစ်ပုံနစ်နေတဲ့ ဗဟိုကွက်တွေလို ရေးထားတာပါ။ အရင်က အကြိုက်ဆုံးကဗျာတစ်ပုဒ်ပါ။

4 comments:

emayarKhin said...

ပြောရရင်..စုတုရင်ကစားတဲ့
သူတွေကိုအားကျတယ်..။။။
ကိုယ်တိုင်တော့စစ်တုရင်
အကြောင်းကိုနားမလည်။။။

MANORHARY said...

တစ်ခါတစ်ခါကျတော့လည်း
ဘဝက အဖြူတစ်ကွက် အနက်တစ်ကွက် မဟုတ်ပြန်ဘူး
ထိုးကျွေးလိုက်တိုင်းလည်း အနိုင်မရတတ်ပြန်ဘူး
လွတ်လွတ်ကျွတ်ကျွတ်မသွားနိုင်တဲ့ ပွန်းကလေးတွေကို
မြင်နေရပြန်တော့ ...............
ထုံးစံအတိုင်း စိတ်တွေကပြိုလဲ အိပ်မက်တွေကပြိုလဲ
အဖြူတွေအနက်တွေထဲမှာ..

tin min htet said...

ကိုလင်းဒီပ က ရှိုးရိုက်တယ်။ ဇက်က စစ်တုရင် ထိုးတယ်ပေါ့။

ကာဆယ်ချိန်းပြီး ချောင်ထဲမှာပဲ ပုန်းနေတော့မှာလား ဘုရင်လေး။ ပွဲသိမ်းရွှေ့ကွက်တွေမှာ ဘုရင် နဲ့လည်း တက်တိုက်ရတယ်လေ။

MANORHARY said...

သင်လိုက်ပါဦး ဝါတော်ရဆရာကြီး တင်မင်းထက်ရေး))