Monday, May 24, 2010

နှလုံးသားသို့ တိုက်ရိုက်ခေါ်ဆိုမှု

အကြင်တရားတို့သည် အကြောင်းကြောင့်ပင်ဖြစ်ကြကုန်၏။
စွဲလန်းမိသော အချင်းအရာသည် ငါ့စိတ်၌ ထင်ရှားဖြစ်ပေါ်၍လာသည်။

တစ်ဆစ်ခြင်းပွင့်နေသော ပန်းတစ်ပွင့်သည် အချစ်အကြောင်းကိုမသိ။
တစ်ဆစ်ခြင်းလွမ်းဆွတ်ချင့်စဖွယ် ညနေရီသည်လည်း အချစ်အကြောင်းကို မသိ။
တစ်ဆစ်ခြင်း ရူးသွပ်စပြုလာသော နှလုံးသားငယ်သည်လည်း အချစ်အကြောင်းကို မသိ။

ချောက်ကမ်းပါးထိပ်၌ ရေတံခွန်ကို ချစ်သော ရေများ အရှိန်အဟုန်ပြင်းစွာ ...
ပြတ်ရှဒဏ်ရာ တစ်ခုမှ သွေးများ အရှိန်အဟုန်ပြင်းစွာ ....
ထိုနည်းတူ သူမ နှုတ်ခမ်းများသည်လည်း အရှိန်အဟုန်ပြင်းစွာ ...။

ချစ်နေရခြင်းတွင် ကုံလုံပြည့်ဝနေသော ရောင့်ရဲမှုတို့ကိုသာ အမျှဝေပါမည်။
နောက်ထပ် ထပ်မံမလိုအပ်ခြင်းများကို စံပယ်တစ်ကုံး ဖန်ဆင်း၍ သူမအား လက်ဆောင်ပေးလိုပါသည်။
ဖြစ်နိုင်လျှင် .... သူမကိုယ်သင်းနံ့ဖြင့်သာ စိတ်ကို ထုံမွှမ်းထားလိုပါသည်။
္က္စ
...
...............
တစ်ခုသော စက်တင်ဘာတွင် ကျွန်တော်တို့ နှလုံးခုန်သံများကို အချိန်တိုက်ထားလိုက်မိပါသည်။
ထိုအချိန်မှစ၍ နှလုံးခုန်သံ တစ်ချက်တိုင်း တစ်ယောက်ကို တစ်ယောက် သတိရနေမိပါသည်။
မကြာခဏအေးစက်နေတတ်သော သူမခြေဖျားမှ အေးစက်မှုကို ကျွန်တော့်နှလုံးသားမှ သိနေပါသည်။
သူမနေမကောင်းဖြစ်သောအခါများ၌ ကျွန်တော်အိပ်မပျော်တတ်ပါ။
သူမပြုံးနေသော အခါ ကျွန်တော်ပြုံးမိပါသည်။
မြောက်ဝန်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းကို သံလိုက်များဆက်လက်မညွှန်ပြသည့် အချိန်မျိုးတွင်ပင်
ကျွန်တော့်နှလုံးသားသည် သူမအားညွှန်ပြနိုင်ပါလိမ့်မည်။

စိတ်ကို ဖြတ်သန်းသွားသမျှသည် စိတ်ကို ပင်ပန်းစေသည်ဟု ကျွန်တော်သိပါသည်။
ဘယ်ဘက်ရင်အုံမှ သူမအပြုံးများသည် ကျွန်တော်လှိမ့်တင်ထားသော ကျောက်တုံးများဖြစ်ပါသည်။
ထိုအချင်းအရာကိုထောက်ဆလျှင် သူမသည် ချစ်ဦးသူဖြစ်ကြောင်း သင်ရိပ်မိပါလိမ့်မည်။
ထိုအရာသည် မှန်ကန်ခဲ့သည်ဟု ကျွန်တော်ထင်ပါသည်။
ချစ်သူကို နမ်းရှိုက်ခဲ့သောအနမ်းအရေအတွက်သည် သင့်တစ်သက်တာ နေ့ရက်များထက် ပိုခဲ့သည်ရှိသော် သင်လည်း ကံကောင်းသည်ဟု ကျွန်ုပ်က ဆိုချင်ပါသည်။


စွဲလန်းမိသော အချင်းအရာသည် ငါ့စိတ်၌ ထင်ရှားဖြစ်ပေါ်၍လာသည်။
ထိုကြောင့် ... ပယ်အပ်သော သမုဒယကို ကဗျာအဖြစ် ကျွန်ုပ် စွန့်ပယ်ခဲ့ပါသည်။ ။

Zephyr
ရတီမဂ္ဂဇင်း၊ ၂၀၁၀ ဇွန်လ


ဒီကဗျာလေးကို တော်တော်လေးသဘောကျပါတယ် ....။ ရတီမှာပါလာလို့လည်းပျော်ပါတယ်။ နောက်အချိန်ရတဲ့အခါကြရင် ရွတ်ပြီးတင်ထားမယ်လို့စိတ်ကူးပါတယ်။ ကဗျာပို့ပေးတဲ့ အမေ့ကိုကျေးဇူးတင်ပါတယ် ....။ ကဗျာရေးလို့ ရတဲ့ပိုက်ဆံကို ရေအတွက် လှူလိုက်ပါတယ်။ ...

9 comments:

MANORHARY said...

ပယ်အပ်သော သမုဒယကို ကဗျာအဖြစ် ကျွန်ုပ် စွန့်ပယ်ခဲ့ပါသည် .. တဲ့လား .........
စွန့်ပယ်ခံရသော ကဗျာများ အားကောင်းကြပါစေ ....း)
မေ

emayarKhin said...

ဒါလဲကြိုက်တယ်...

Anonymous said...

စိတ်ကို ဖြတ်သန်းသွားသမျှသည် စိတ်ကို ပင်ပန်းစေသည်

Unknown said...

ကျေးဇူးပြုပြီး ဥယျာဉ်မှာ ကံစမ်းမဲပေးဖို့ အစီစဉ်ကို extend လုပ်ပေးပါ....
ပုံ/
ဖြိုးဖြိုး

သဒ္ဓါလှိုင်း said...

ကိုယ်တိုင်ရေးတဲ့ကဗျာလေးနဲ့ရလာတဲ့တန်ဖိုးရှိတဲ့
ပိုက်ဆံနဲ့ရေလှူတာကိုသာဓုခေါ်သွားပါတယ်..
မြင့်မြတ်လှတဲ့အလှူတခုပါ...

သဒ္ဓါ

johnmoeeain said...

ကုသိုလ်လေးအတွက်ကတော့ သာဓုပါရှင်....။

စကားမစပ်ပေါ့....။

စိတ်ကိုဖြတ်သန်းသွားသမျှ စိတ်ကို ပင်ပန်းစေသည်ဆိုတာ သိပေမယ့် စကားလုံးများအဖြစ် စွန့်ပယ်ခံခဲ့ရတဲ့ သမုဒယကို အသံအဖြစ် နားဆင်လိုပါသည် .... :P

အိန္ဒြာ said...

ရွတ်ပြီးတင်တာကို နားထောင်ရပြီးလားးးးးးးးလာထပ်ချောင်းတာ

Anonymous said...

ဒီကဗျာလေးကို တော်တော်လေးသဘောကျပါတယ်

...............
တစ်ခုသော စက်တင်ဘာတွင် ကျွန်တော်တို့ နှလုံးခုန်သံများကို အချိန်တိုက်ထားလိုက်မိပါသည်။
ထိုအချိန်မှစ၍ နှလုံးခုန်သံ တစ်ချက်တိုင်း တစ်ယောက်ကို တစ်ယောက် သတိရနေမိပါသည်။
မကြာခဏအေးစက်နေတတ်သော သူမခြေဖျားမှ အေးစက်မှုကို ကျွန်တော့်နှလုံးသားမှ သိနေပါသည်။
သူမနေမကောင်းဖြစ်သောအခါများ၌ ကျွန်တော်အိပ်မပျော်တတ်ပါ။
သူမပြုံးနေသော အခါ ကျွန်တော်ပြုံးမိပါသည်။
မြောက်ဝန်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းကို သံလိုက်များဆက်လက်မညွှန်ပြသည့် အချိန်မျိုးတွင်ပင်
ကျွန်တော့်နှလုံးသားသည် သူမအားညွှန်ပြနိုင်ပါလိမ့်မည်။
..............

င်္ရတ်ပြီးတင်တဲ့ အသံကိုလဲ စောင့်နေပါတယ်
WW

နန်းလေပြေနု said...

ချစ်နေရခြင်းတွင် ကုံလုံပြည့်ဝနေသော ရောင့်ရဲမှုတို့ကိုသာ အမျှဝေပါမည်။

နှစ်သက်မိတဲ့ အရေးလေးပါ။
http://www.z-thegardener.com/ ကို လင့်ချိတ်ထားပါတယ်။ ကြိုခွင့်မတောင်းမိတဲ့အတွက် တောင်းပန်ပါတယ်။