Sunday, November 13, 2011

ကစားပွဲ

ကဗျာကလည်း ရောက်မလာတာကြာပေါ့။ ဒါနဲ့ တစ်နေ့ အလုပ်များနေပြီး ခေါင်းကိုက်နေတုန်း၊ ကဗျာတစ်ပုဒ်ရောက်လာတယ်။ ငါ့ကို ဦးစားပေးပါဆိုပြီး ရင်ဘတ်ထဲ ခေါင်းနဲ့တိုးပြီးဝင်ရောက်လာတယ်။ အဲဒါနဲ့ အလုပ်တွေ ခဏရပ်ပြီး ကဗျာကိုအရင်ရေးလိုက်တယ်။ အကြမ်းထည်ဆန်တယ်။ ရောက်လာတဲ့အတိုင်းပြန်ထုတ်လိုက်လို့။ ဘာပဲဖြစ်ဖြစ်၊ ရိုးရိုးသားသား ရောက်လာတဲ့ ကဗျာတစ်ပုဒ်ကို ကျွန်တော်ချစ်တယ်။ Special Effect မပါတဲ့ ကဗျာရိုးရိုးလေးတွေနဲ့ပဲ ကျွန်တော်နေထိုင်တယ်။ ကဗျာကိုချစ်တဲ့ မိတ်ဆွေတွေအားလုံးအတွက် အမှတ်တရ လက်ဆောင်ပါ။ ပြုံးစရာ ကော်မန့်လေးကိုပါ ကူးလာခဲ့တယ်။ ကျွန်တော့်ရဲ့ကစားပွဲဟာ ခင်ဗျားရဲ့ ကစားပွဲရောဖြစ်နေမလား တိုက်ဆိုင်ကြည့်ပါဦး။

ကစားပွဲ

ကိုယ့်ကိုယ်ကို တူးဖော်တော့
ပေါက်ချွန်းတွေပြန်ထွက်လာတယ်။
ကိုယ့်ကိုယ်ကို စွန့်ပစ်တုန်းက
ကြွပ်ကြွပ်အိတ်အသစ်စက်စက်နဲ့ သေသေ
သပ်သပ်ထုတ်ပိုးရင်းပေါ့။
မကြာပါဘူး၊
ဒဏ်ငွေဆောင်လိုက်ရတာပဲ
အဖတ်တင်တယ်၊
ဒီဘ၀တော့ စွန့်ပစ်လို့
မရဘူး
တဲ့။
အမှိုက်ကို ရေချိုးချိုးပေးရတယ်။
စိတ်ကို စင်စင်ကြယ်ကြယ်
တိုက်ချွတ်ရတယ်။
ဘယ်လို ဘ၀ကြီးလဲ။

ငိုတဲ့မျက်ရည်တွေ
မျက်လုံးထဲ ပြန်တိုးဝင်တယ်။
လူစားမလဲဘဲ
စတန့်လုပ်ချင်တော့
အသည်းကွဲရတာပဲအဖတ်တင်တယ်။
ကျကျနန
နာနာကျည်းကျည်း
ညည်းမိတဲ့သီချင်းဟာ
ကျေကျေနပ်နပ်။

မနက်ဖြန်မှာ
အနေတတ်ရင်
အသေမြတ်တော့မလို၊
ရှယ်ရာတွေကျတယ်၊
သွားရည်တွေကျတယ်၊
စိတ်ဓာတ်တွေကျတယ်၊
ရာဟုဂြိုဟ်ကလွတ်တော့မှာပါ
မကြာမီပေါ့၊
မကြာမီပေါ့၊
အချိန်မီလေးပေါ့၊
လက်မတင်လေးပေါ့၊
ဦးခေါင်းကို လိုတာထက်မော့ထားလိုက်တယ်။
တင်ပါးလေးနေသယောင်
ရင်ကိုကော့ထားမိသေးတယ်။
ကိုယ့်ရဲ့ iinferiority complex တံဆိပ်လေးကိုတသသနဲ့
စိတ်ထဲမှာ ခပ်တည်တည်တပ်ထားလိုက်သေးတယ်။

မကြာမတင်လေးကပဲ
အက်ရှင်မင်းသားရဲ့
ကျည်မကုန်တဲ့သေနတ်တစ်လက် လိုချင်ခဲ့သေးတယ်။
နောက်တော့လည်းမထူးမှန်းသိတယ်၊
ကိုယ့်ကိုယ်ကိုပစ်မရမယ့်အတူတူ
သေနတ်ဟာ ဘာလုပ်မလဲ၊
ဘာလုပ်မလဲ၊
ဘာလုပ်မလဲ၊
ဘာလုပ်မလဲ၊
အဲဒီလိုတွေးနေခဲ့တာ
၂၉ နှစ်၊
ကဲအခု မင်းဘာလုပ်မလဲ။

ရှင်သန်မှုလား
ရှင်သန်နေရမှုလား၊
ပြုံးနေကြတာလား၊
ပြုံးနေရတာလား
ဘ၀က မြွေနဲ့ လှေကားကစားနည်းလား၊
လှေကားရောပါရဲ့လား
မြွေကတော့ အလှည့်တိုင်းမျိုတယ်။

အမြင့်ကိုတက်ကြတာဟာ
အကျနာဖို့ပဲလို့
နာနာကြီး ဆင်ခြင်မိတယ်။

မကြာခင်မှာ ၃၀၊
သက်တမ်းကို တစ်ဝက်တိတိ
လက်ဝါးစောင်းနဲ့
ပခုံးစောင်းနဲ့
စောင်းနေတာတစ်ခုခုနဲ့
ရိုက်ချိုးဖြတ်တောက်ပြီးပြီ
တစ်ဝက်ပြည့်ပြည့်
တစ်ဝက်လျော့လျော့
အဆိပ်ခွက်ကို
သူ့အတိုင်းထားတာကောင်းတယ်။

သံသရာမှာ
ထွက်စို့လွယ်လွယ်ခေါ်လို့မရဘူး၊
အက်ရှင်
အက်ရှင်
ဆိုမှ
ငိုငိုပြနေကြတယ်။
အက်ရှင်
အက်ရှင်ဆိုမှ
ချစ်သူကို
ပွေ့ဖက်တယ်။
အက်ရှင်အက်ရှင်
အော်နေတဲ့စိတ်၊
သူ
ဘယ်တော့မှ
မတိတ်ဘူး။

ကစားပွဲကို
ကစားပွဲမှန်းသိရင်
ထွက်လို့ရတယ်။

ကစားပွဲကို
ကစားပွဲမှန်းမသိရင်
အသက်လည်းအသက်
လျှာလည်းလျှာ
အသေ(သို့)အရှင်
တစ်ခုခုထွက်နေရမယ်။ ။

Zephyr
(ခေါင်းကိုက်နေချိန် ညနေ ၄ နာရီ ၈ မိနစ်)
· · · Share · Delete
  • Manor Hary, May Nyane and 2 others like this.
    • Manor Hary ခေါင်းကိုက်လည်းပျောက်ရော တစ်ခုခုထွက်ချင်စိတ်လည်း ပျောက်ရော မဟုတ်လားး))
      November 9 at 12:20am · · 1

No comments: