Sunday, February 8, 2015

ဘူတာရုံ ၃၃

လမ်းကျဉ်းလေးထဲကထွက်ပြီး၊
လမ်းမကျယ်ကြီးမတွေ့ခဲ့။

တောင်ထိပ်ပေါ်တက်ပြီး၊
တိမ်တိုက်တွေ မတွေ့ခဲ့၊

ဟိုဟိုဒီဒီ ငေး၊
ဟိုဟိုဒီဒီ သွားရင်း၊
ဟိုဟိုဒီဒီ လွဲချော်နေမြဲ။

ဗျပ်စောင်းလေး လမ်းမှာချပြီး၊
ကြိုးညှိပြန်တော့
သုံးရာသီတေးတွေ၊
ခေါ်သံတွေ၊
ဆာလောင်မှုတွေ၊
လှမ်းခေါ်လို့ မကြားမယ့်အရပ်က
မြူခိုးတွေ၊
ရေမရှိဘဲ
ရေတိမ်နစ်နေတဲ့ ဂီတနဲ့၊
ထမင်းမဝတဲ့ အကြည့်တွေ။

ပြဿနာတွေ မရှိတော့တာမဟုတ်ဘဲ၊
ပြဿနာတွေ ရှိနေတာ သိတဲ့စိတ် မရှိတော့သလိုမျိုးပေါ့။

အရာရာကို
ကြယ်လိုငေးနေရုံနဲ့
ပြည့်စုံသွားစေခဲ့တယ်။

မိသားစု ထမင်းပွဲကလေးကနေ
မိသားစု ထွက်ခွာသွားတဲ့နောက်
ထမင်းပွဲချည်းသက်သက် ကျန်ခဲ့သလို
နေသားကျမှုမျိုးပါပဲ။

ပြည့်စုံမှုဆိုတာ
မလိုအပ်တဲ့အခါ
ခါးသီးစရာ လွဲချော်မှုတစ်ခု။

သိပ်အေးတဲ့ တောင်တန်းပေါ်က
ဖွင့်ဖို့မလိုတော့တဲ့
လေအေးပေးစက်လေးတစ်ခုလို
ချစ်ခြင်းဟာ
အကောင်းအတိုင်း
စက်သေနေခဲ့တာပေါ့။

ကော်ဖီခွက်ဟာ
ကော်ဖီမပါလည်း
ကော်ဖီခွက်တော့ ကော်ဖီခွက်ပေါ့။
သောက်လို့မရတာကလွဲရင်
ဘဝဟာ
ကော်ဖီခွက်ပေါ့။    ။

ဦးဇက်ဖှာ။
ခေတ္တ ၃၃

No comments: