Monday, October 26, 2009

ရေထဲမှာ လမ်းလျှောက်နေရတာ ငါးရဲ့အရသာ...။
လေထဲမှာ ပိတ်မိနေတာ ငါ့ရဲ့ အရသာ ...။
အရသာအတွက် အာရုံခံမိတယ် ...
ငါးရဲ့ ငါနဲ့
ငါ့ရဲ့ ငါ ...
သစ်ရွက်ချင်းအတူတူ ..
ငါ့ရဲ့ငါက ခေါက်ချိုးမညီခဲ့ဘူး။

လေထဲမှာ လမ်းလျှောက်နေတာ ငှက်ရဲ့ အရသာ...။
ပျက်နေတဲ့စိတ်ထဲ လာလာဖြစ်နေတာ ငါ့ရဲ့ အရသာ...။
လမ်းသွားရင်း ကျပျောက် သွားတဲ့
ငှက်ရဲ့ ငါနဲ့
ငါ့ရဲ့ငါ ...
သံလိုက်အိမ်မြှောင်ချင်းအတူတူ ..
ငါ့ရဲ့ငါက ... ချစ်သူကို ညွှန်တယ် ။

သွေးထဲမှာလမ်းလျှောက်နေတာ သွေးနီဥရဲ့အရသာ ....။
အယောနိသောမနသီကာရထဲ ချော်လဲနေတာ ငါ့ရဲ့ အရသာ .။
သွေးနီဥရဲ့ငါနဲ့
ငါ့ရဲ့ငါ ...
ပုံပြင်တွေကြိုက်တာချင်းအတူတူ ...
ငါ့ရဲ့ငါက ရင့်ကျက်မလာခဲ့ဘူး။

(လမ်းတွေအားလုံးကို ခပ်တည်တည်နှုတ်ဆက်နေတာ အ၀ိုင်းပတ်ရဲ့ အရသာ ...။
လမ်းခွဲတစ်ခုထဲနဲ့လုံလောက်ခါးသက်သွားတာ ငါ့ရဲ့ အရသာ ..။
အ၀ိုင်းပတ်ရဲ့ ငါနဲ့
ငါ့ရဲ့ငါ ..
အစဉ်အတိုင်းပြိုလဲခွင့်ရတာတောင် ...
ငါ့ရဲ့ငါက အလျင်စလိုနိုင်တယ်။)

စကားလုံးတွေရဲ့ အပြင်ဘက်ကို လမ်းလျှောက်ထွက်တာ ၀ိမုတ္တိရဲ့ အရသာ ...။
စကားလုံးတွေနဲ့ တည်ဆောက်ဖြိုဖျက်နေချင်တာ ငါ့ရဲ့ အရသာ ...။
ဝိမုတ္တိရဲ့ ငါနဲ့
ငါ့ရဲ့ငါ ...
ဖြစ်တန်စွမ်းချင်း အတူတူ ...
ငါ့ရဲ့ငါက ကံဆိုးပါတယ်။

စိတ်ထဲမှာလမ်းလျှောက်ထွက်တာ စိတ္တာနုပဿနာရဲ့ အရသာ ...။
ထမင်းစားပြီး ပျင်းရိလဲလှောင်းနေချင်တာ ငါ့ရဲ့အရသာ ...။
စိတ္တာနုပဿနာရဲ့ငါနဲ့
ငါ့ရဲ့ငါ ...
ဒိုင်ပွဲရပ်တာချင်းအတူတူ ...
ငါ့ရဲ့ငါက ပိုဖူးယောင်ခဲ့တယ်။

မတော်တဆတစ်ခုရဲ့ငါနဲ့
ငါ့ရဲ့ငါ ...
ကဗျာရေးခွင့်ရတာချင်းအတူတူ ...
ငါ့ရဲ့ကဗျာက ခေါင်းစဉ်မပါခဲ့ဘူး ....။ ။

Zephyr


Saturday, October 17, 2009

သမိုင်းဦးဝေါဟာရ


သမိုင်းဦးဝေါဟာရ
တစ်ခုခုပြောချင်ခဲ့တာတဲ့ ...
သွားလေသူတိမ်တိုက်တစ်ခုက..
ပြောခဲ့ဖူးတယ် ...။

မဆွဲဖြစ်ခဲ့တဲ့ ငါ့စိတ်ရဲ့ကွန်တိုမျဉ်းတွေ ...
တောင်တန်းဒေသလား
ပင်လယ်ချောက်တစ်ခုလား
တစ်နေရာရာမှာ သူမကို ကျပျောက်သွားတယ်....။

စိတ်တစ်ခုယုတ်ကိုးဆယ် ...တဲ့
ယုတ်တစ်ခုကရောဘယ်လောက်လဲ ...
(ဆုတ်)ယုတ်နေတဲ့တစ်ခုဟာ သစ်ရွက်ခြောက်တစ်ခုရဲ့ ပဲ့ကျသွားတဲ့ အနားစလေးလား ..
ဒါမှမဟုတ် .. သူမနဲ့အတူကျပျောက်ခဲ့တဲ့ ...
နှလုံးသားမှတ်ပုံတင်မူရင်းပဲလား ..။

တစ်နေ့နေ့မှာတော့
ရုပ်ကြွင်းဖြစ်နေတဲ့ ငါ့စိတ်ထဲမှာ ...
သူမနဲ့အတူ ငါ့မှတ်ပုံတင်မူရင်းကို
ရှေးဟောင်းကဗျာတူးဖော်သူတွေ ...
တွေ့ချင်လည်းတွေ့ကြလိမ့်မယ်။ ။
Zephyr

Friday, October 2, 2009

ခရမ်းရောင်မိုးစက်များနှင့် မိတ်ဖြစ်ဆွေဖြစ်


တစ်နေ့တာအသေတွေကိုသွန်ချဖို့
အရာရာ လုံလောက်စွာညစ်ညမ်းနေ...
မနေ့ကရုပ်နဲ့ ပဲ ဒီနေ့ပွင့်တဲ့ပန်းဟာ ဟောင်းနွမ်း ..
မနေ့က စိတ်တွေနဲ့လူတစ်ချို့
ပုပ်နေပြန်တယ် ....။

ရရစားစားပါပဲ ..
အဲဒါဟာ ဘီလ်ဂိတ်ရဲ့လက်သုံးစကားဖြစ်နိုင်ကောင်းရဲ့ ...
တောရမ်းမယ်ဖွဲ့ရတာ ၁၁ ယောက်စီပဲလား ..
နေရာယူထားပြီး အဆင်သင့်ဖြစ်ခါမှ
နောက်ဆုံးညစာက ရောက်မလာပြန်ဘူး ...။

ဒါမျိုးကဖြစ်တတ်ပါတယ်တဲ့လား ...
ဟမ္ဘူရာဘီတောထွက်သွားတဲ့အကြောင်းနဲ့
တောက ဟမ္ဘူရာဘီဆီထွက်သွားတဲ့အကြောင်း
လက်တို့ပြောနေတာကြာခဲ့ပြီ ..
ကြာခဲ့လုပါပြီ ...။

ရှက်တတ်ရင် မျက်နှာကို ဓားနဲ့လှီးဖို့ကောင်းတယ်ဆိုတာနဲ့
မျက်နှာတစ်ခုလိုက်ရှာရတယ် ..
အဲဒီတော့မှ မျက်နှာမရှိတာ သတိရတယ်
အဲဒီကမှတစ်ဆင့် ခေါင်းမရှိမှန်း သိသွားမိတယ် ....
ဒီလိုပါပဲလေ ... ဘယ်သူက သူ့အကြောင်းသူသိခဲ့လို့လဲ ...။

မိုးကြိုးလွှဲလိုပဲ ...
နေရာတကာ အပေါ်ဆုံးမှာရပ်တယ် ..
တကယ် မိုးကြိုးပစ်တော့
မြေကြီးကို လွှဲပေးလိုက်တယ် ..
စေတနာပါ .. စေတနာပါ ... စေတနာပါ ...
ရွှန်းရွှန်းဝေနေပုံကိုက ရိရွဲလွန်းပါတယ် ...။

မသိလို့လိုချင် အစရှိသဖြင့်
ရသမျှဟာဒုက္ခ .
ဒီလိုနဲ့ပဲ နေ၀င်မိုးချုပ် ..
ဘ၀ကို ကြိုးလိုတုပ်ခဲ့တာ ..
တစ်ပတ်ပြီးတစ်ပတ် ...
ခိုင်မြဲမယ်ထင်လို့နှောင်ထုံးဖွဲ့ခဲ့တာ
တစ်ရက်ပြီးတစ်ရက် ...
ဖန်ခွက်အကွဲတွေနဲ့ ..
ချစ်သူခင်သူအချင်းချင်း မို့...
လက်သင့်ခံလိုက်တာ ...
ချီးယားစ်ပါကွယ် ... ငါ့ခွက်ထဲ ငှဲ့လိုက်စမ်းပါ့ ၃၁ ဘုံ (လက်ကျန်လေးကို.....)။

အလျော်အစားများသလောက်
ကြေးမကြီးလှတဲ့ဘ၀တစ်ခုပါ ...
အ၀ိဇ္ဖာမြင့်တုံ မြက်မြင့်တုံနဲ့ ...
စိမ်းစိုထူထပ်ခဲ့ပါတယ် ...
စိမ်းစိုထူထပ်ခဲ့မိပါတယ်.....
စိမ်းစိုထူထပ်မိခဲ့ပါတယ်.....
စိမ်းစိုထူထပ်ခဲ့တယ် ...
။ ။

ခင်မင်စွာဖြင့်

Zephyr ...
(အနည်းငယ်အပြောကြီးသော သား)

Notes:

(ကဗျာမရေးလိုက်ရတဲ့ရက်ဟာ ဘုရားသခင်သေဆုံးတော်မူတဲ့နေ့လိုပဲ ကြေကွဲစရာကောင်းလွန်းတယ် ...။)
(ကဗျာရေးလိုက်ရတဲ့ရက်ဟာ မေမေ ပြုံးနေသလိုပဲ သိပ်ကျေနပ်ဖို့ကောင်းတယ်)

ဒီကဗျာက ရုံးမှာရေးခဲ့တာလို့ မှတ်မိပါတယ်။ ..... ကဗျာ အသစ်မရေးဖြစ်တာကြာနေလို့ ရုံးမှာ ရေးချင်စိတ်ပေါ်တုန်း ရေးထားတာပါ။ လွန်ခဲ့တဲ့ နှစ်လ(August 11 )ကရေးထားတဲ့ ကဗျာပါ။

စိတ်ချင်းတူသူတွေ တစ်ခုခု ထိတွေ့လိုက်ရမယ်လို့မျှော်လင့်ပါတယ်။