Thursday, December 30, 2010
Love
မိဘမေတ္တာ ...နှင့်စပ်လျဉ်း၍
မိဘဖြစ်ဖို့ ရက်တိုသင်တန်းမရှိဘူး။ မိဘတွေက ကောင်းမယ်ထင်တာတွေလုပ်ရင်းလွဲလွဲသွားတဲ့ သနားစရာလူရွှင်တော်တွေလည်းဖြစ်တယ်လို့ နသန်နီယလ်ဟောသွန်းလား၊ သူတို့အိမ်ကိုနွားနို့ပို့တဲ့သူလား ပြောသွားဖူးတယ်။ မိဘအလုပ်ကမလွယ်ဘူး ဆိုတာလောက်ကိုသဘောပေါက်ရင် သားသမီးတွေရဲ့စိတ်ပိုင်းဆိုင်ရာအခက်အခဲကို အာဂန္တုဖျားလို သဘောထားပြီး ဆေးမြီးတိုတွေနဲ့ကုတာနည်းလာနိုင်တယ်။ မကြိုက်တာမစားနဲ့ ကြိုက်တာပဲစားဆိုရင် ကျွန်တော်တို့တွေထဲက အများစုဟာ သကြားလုံးနဲ့ချောကလက်ကိုပဲ မနက်စာ၊နေ့လည်စာ၊ညစာ အဖြစ်စားခဲ့ကြမှာပဲ။ အစားအသောက်ကျွေးရတာလည်းမလွယ်ဘူး။ အကောင်သေးသေးလေးတွေရဲ့ခေါင်းထဲမှာ ဘာတွေ ပေါက်ပေါက်ရှာရှာတွေးပြီး၊ ဘာတွေ ကြံကြံဖန်ဖန် တောင်းဆိုမလဲဆိုတာကိုလည်း ကြိုမသိနိုင်ဘူး။
မိဘတွေထဲက ၈၀ရာခိုင်နှုန်းကျော်ဟာ ကလေးတွေရမှပဲ ကိုယ့်မှာ မိဘရှိမှန်းသတိရတော့တယ်လို့ နစ်ရှေးလား နစ်ရှေးတို့လမ်းထဲမှာ ဆိုက်ကားနင်းတဲ့သူလား ...တစ်ယောက်ယောက်ပြောခဲ့ဖူးလိမ့်မယ်။ လူတွေက အတော်လေးရယ်ဖို့ကောင်းတယ်။ မိဘကျေးဇူးကိုမဆပ်ဘဲ သားသမီးကျေးဇူးကိုဆပ်နေတာဆိုတဲ့တရားကိုလည်း နာဖူးတယ်။ သားသမီးရတာကိုကလှလှပပ ၀ဋ်လည်တာလည်းဖြစ်နိုင်တယ်။ ကာလ၀ိပါက်နောက်ပိုးတက်ပြီး ရှေ့ပိုးက ပြန်မဆင်းတာမျိုးလည်းဖြစ်ကောင်းဖြစ်မယ်။
တစ်ချို့တွေကလည်း ကလေးမွေးတာကိုပဲ စားသောက်ဆိုင်မှာ အစာမှာသလို Preference ကြီးနဲ့။ ယောကျာ်းလေးပဲလိုချင်တယ်။ မိန်းကလေးမွေးရင် သူတို့အဖေကိုပဲပိုချစ်နေရင် မွေးထားရကျိုးမနပ်ဘူး ...စသဖြင့်။ တကယ်တော့ ကလေးမွေးတယ်ဆိုတာ စစ်တပ်ထဲမှာ အ၀တ်အစားတွေ ပစ္စည်းတွေထုတ်ပေးသလိုပဲ။ ပေးတာပဲယူရတယ်။ မကျေနပ်လို့ပြန်လဲလို့မရဘူး။ ငုပ်ဗီဇတွေ၊ဘောလောပေါ်ဗီဇတွေ ဆိုတာကရှိသေးတယ်။ ကိုယ့်လို ကိုးလိုးကန့်လန့်တွေဖြစ်လာနိုင်တယ်။ ဘာမှ မသေချာဘူး။ ဆရာဝန်နှစ်ယောက်ရဲ့သား စာမေးပွဲမှာတဖုံးဖုံးကျနေတာဟာ ဥာဏ်ရည်ဟာ မိဘကနေ သားသမီးဆီ တိုက်ရိုက်ကြီးရောက်သွားမယ်လို့ အာမမခံဘူးဆိုတာကို ပြနေပါတယ်။ မိဘတွေက တော်လေလေ သားသမီးမှာဖိအားများလေလေပါပဲ။ ပတ်ဝန်းကျင်ကလူတွေက သာမန်လူတွေထက်ပိုမျှော်လင့်ထားတယ်။ အမှားကို သိပ်ခွင့်မပြုတော့ဘူး။ သားသမီးဖြစ်ရတာလွယ်တယ်မှတ်လို့။
မိဘမေတ္တာဆိုတာ တစ်ချို့က ဘတ်စ်ကားတွေမှာ ရေးထားတယ်ဆိုတာလောက်ပဲသိပါတယ်။ မွေးရင်းဖွားရင်း ဆုံးပါးသွားနိုင်တယ်။ သချိ င်္ုင်းကို မျက်စိစွေတဲ့သူ မျက်စောင်းထိုးထားသလို တော်တော်ကြီး မျက်စောင်းထိုးထားခဲ့ရတယ်ဆိုတာတွေကို ကျွန်တော်တို့ စာစီစာကုံးမှာ အများကြီးရေးဖူးပါတယ်။ ကျွန်တော့်ကို အမေမွေးတုန်းက ဘေးနားက ဗိုက်ခွဲမွေးသူတွေက ဟောတစ်ယောက်ဟောတစ်ယောက် အကင်းမဟုတ်ဘဲ တဖြုတ်ဖြုတ်ကြွေပါတယ်။ အရင်တုန်းက ဆေးပညာဟာ အခုဆေးပညာလိုပဲ အာမခံချက်မရှိပါဘူး။ အခုလည်း ဆေးပညာက အာမခံတာမဟုတ်ဘဲ ဆေးပညာ+Cash ကသာ အာမခံတာဖြစ်ပါတယ်။ မယုံရင် ပိုက်ဆံမပါဘဲ ဆေးရုံကြီးမှာ ဗိုက်ခွဲမွေးကြည့်စေချင်ပါတယ်။ သူငယ်ချင်းရဲ့ အသိ ဗိုက်ခွဲမွေးဖို့ ပိုက်ဆံပြန်ယူနေတာကို ထိုင်စောင့်နေပေးတဲ့ ဆရာဝန်ရှိမှန်း သိခဲ့ပါတယ်။ စိတ်ရှည်တာအံ့ရောလို့တောင်ပြောချင်စရာပဲ။ မတော်တဆ တိမ်းပါးသွားရင် ဘယ်လိုခေါင်းစဉ်တပ်မလဲဆိုတာကိုလည်း စိတ်ဝင်စားမိပါတယ်။ ပိုက်ဆံရမှခွဲမယ်ဆိုတာက ငွေမြင်ရင် လင်လုပ်ပါမည်ဆိုတဲ့ ရေသည်ပြဇာတ်ထဲက ရေသည်မိန်းမပြောတဲ့စကားလို ကြည်နူးစရာမရှိဘူး။ ဆရာဝန်တွေဟာ Hippocratic oath ကို အုတ်၊သဲကျောက်ဆိုင်မှာ ရောင်းလိုက်ပါပြီ။ တစ်ခါတည်းမဆိုပဲ မနက်တိုင်း မောနင်း Prayer လိုဆိုရင် မိဘမေတ္တာပြသခွင့်ရတဲ့ မိဘတွေရှိလာနိုင်ပါတယ်။
အကောင်းအတိုင်းမွေးလာရင်ကို မိဘတွေကို ကျေးဇူးတင်။ အဲဒီစကားကိုပြောတာ ဒေါက်တာနော်မန်ဗက်သွန်းဆိုတဲ့သူအကြောင်းမဖတ်ဖူးတဲ့ သုဝဏ္ဏ က ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ ကလေးတစ်ယောက်မှာ Down syndrome (DS), ဖြစ်နိုင်ခြေ၊ ကိုယ်လက် အင်္ဂါမပြည့်မစုံဖြစ်နိုင်ခြေဘယ်လောက်များလဲသိနေတဲ့သူတစ်ယောက်ရဲ့စကားမို့အတော်လေး တွေးဖြစ်တယ်။ ကံကောင်းလို အားလုံးပါလာတာ။..... ဗိုက်ထဲကရှောရှောရှူရှူ (ခွဲတာနဲ့ထွက်လာတဲ့အတွက်) ထွက်လာတဲ့အတွက် သားသမီးကိုလည်း မိဘတွေက ကျေးဇူးတင်ပုံရပါတယ်။ အပြန်အလှန် အကျိုးရှိတာ။ ဗိုက်ထဲမှာ ကိုးလလောက်နေပေးလိုက်တာကိုက နည်းတဲ့ ကျေးဇူးမဟုတ်ဘူး။ ဟိုတယ်က အခန်းတွေလို ကျယ်ကျယ်ပြန့်ပြန့်လည်းမဟုတ်၊ ဟိုတစ်ခေါက် အဲဒါကိုပြောတော့ ကျောင်းလှူတဲ့သူတွေက ၀မ်းဗိုက်ထဲမှာကို ဟိုတယ်နှစ်ခန်းစာလောက် အကျယ်ကြီးနေရမယ်ဆိုတာကို အသိဘုန်းကြီးကပြောပါတယ်။ အဲဒီတော့ ဗိုက်ထဲမှာ နေရတာကျဉ်းတယ်လို့ခံစားမိတဲ့သူတွေ ကျောင်းလှူပါ။ ကျောင်းတကာကြီးတွေရဲ့အမေဗိုက်ကတော့ ဟိုတယ်နှစ်ခန်းစာပိုပူနေပါလိမ့်မယ်။ ( စိတ်မကောင်းပါဘူးအမေ ....။ :P)
ထူးအိမ်သင်ရဲ့သီချင်းရှိပါတယ်။ အမေ့ရဲ့ဒုက္ခအိုးလေး။ ကြီးလာတော့ ဒုက္ခအိုးကြီးဖြစ်လာနိုင်ပါတယ်။ သားသမီးမွေးရတာကိုက တွက်ခြေမကိုက်ပါဘူး တွက်ခြေကိုက်ချင်ရင်လည်း သားသမီးမမွေးဘဲ အသားစားကြက်မွေးဖို့အကြံပေးချင်ပါတယ်။ လေးဆယ့်ငါးရက်နဲ့ အကျိုးအမြတ်ရပါတယ်။ သားသမီးကတော့ ၂၈ နှစ်လောက်ကြာတော့ မိဘကျေးဇူးအကြောင်းမဟုတ်တာကနေ စစဉ်းစားပါလိမ့်မယ်။ မိဘမေတ္တာဆိုတာ မျက်စိမမြင်တဲ့သူရဲ့ အလင်းရောင်ကို ရှိရင်းစွဲတန်ဖိုးထက် ပိုမြှင့်ပြီးမျှော်လင့်တာမျိုးလည်းဖြစ်နိုင်ပါတယ်။
တစ်ချို့လူတွေကလည်း သားသမီးကို အတော်လေးမျှော်လင့်တယ်။ သားထောက်သမီးခံမရှိရင် ခက်မယ်လို့ပြောကြတယ်။ ထောက်ထားတဲ့သားသမီးဆိုရင်တော့တော်သေးတာပေါ့။ ကိုယ်လဲလဲရော ရှောင်ပေးလိုက်တဲ့သားသမီးနဲ့တွေ့ရင် ပိုနာနေမယ်။ ကိုယ့်ဘာသာ ဖြည်းဖြည်းချင်းလဲတာကတောင် သက်သာဦးမယ်။ သားသမီးရှိမယ်ထင်ပြီးလဲလိုက်မှ ဆန္ဒန်ဆင်မင်း အစွယ်ပြုတ်ကျသံလို ဗုန်းဗုန်း မြေသို့ကျတွေဘာတွေဖြစ်မယ်။ မိဘတွေက သားသမီးရလာမယ်ဆိုတာ သိပေမယ့် သားသမီးတွေကတော့ မိဘရလာမယ်ဆိုတာ သိပ်သိတာမဟုတ်ဘူး။ အဲဒါကြောင့်လည်း တစ်ချို့ဇာတ်လမ်းတွေမှာ မိဘတွေက သေချင်ယောင်ဆောင်ကြ၊ နှလုံးရောဂါကို ပုံကြီးချဲ့ကြ။ သားသမီးသည် မိဘအုပ်ချုပ်ခွင့်ရ ကိုယ်ပိုင်နယ်မြေဖြစ်သည်တွေဘာတွေဖြစ်ကုန်ရော။ သားသမီးတွေက မိဘကျေးဇူးကို သိတတ်တယ်ဆိုရင်လည်း သူ့သဘောနဲ့သူသိတာက ကောင်းပါတယ်။
ကိုယ့်ဘာသာကိုယ်တောင် မိဘမေတ္တာအကြောင်းစဉ်းစားရတာ လုံလုံလောက်လောက် ရှုပ်ထွေးနေပြီးသားကို မနေနိုင်မထိုင်နိုင် Xanthos နဲ့ပြောမိတယ်။ သူကလည်း သူ့ပြဿနာကိုတင်ပြတယ်။ တကယ်လို့ သောတပန်မိဘနှစ်ပါးမှာ အနာဂါမ် သားကြီးမွေးတယ်ဆိုပါတော့ .. သူတို့သားကြီးကို သူတို့က ရိုက်မိတယ်ဆိုပါတော့ ... နည်းတဲ့အကုသိုလ်မဟုတ်ဘူးနော် ..... လို့ပြောပြီး တဟားဟားရယ်နေပါတယ်။( တကယ်တော့ ဒီလိုမမွေးပါဘူး။ သူက အခက်အခဲဖြစ်စေတဲ့အနေထားကိုပဲတွေးကြည့်တာပါ။)
သံသရာအမြင်အရ သူစိမ်းတွေတောင် တစ်ချိန်ကတော့ အမျိုးအရင်းတွေဖြစ်မယ်။ (ကျွန်တော်တို့မုန်းပါတယ်ဆိုတဲ့လူကြီးကလည်း အရင်က ကျွန်တော်တို့ရဲ ဆွေနီးမျိုးစပ်ကြီးဆိုတာကို လက်သင့်ခံဖို့တောင် အတော်အားယူရတယ်။ )အကုသိုလ်များလွန်းလို့ အတူတူ ကျွတ်တန်းမ၀င်သေးဘဲ ကျန်ခဲ့တဲ့သူအချင်းချင်း မာနကြီးနေကြတာလည်းရယ်စရာကောင်းပါတယ်။ ကံသာ အမိ ကံသာအဖ ဆိုရင်လည်း ကံကိုလည်း ကျေးဇူးဆပ်ဖို့လိုကောင်းလိုနေပါလိမ့်မယ်။ လူုအဖြစ်ရဲ့ ရွေးချယ်ခွင့်နည်းပါးမှုတွေထဲမှာ မိဘကိုရွေးချယ်ခွင့်မရတာလည်းပါကောင်းပါမယ်။ သား၊သမီးကို ရွေးချယ်ခွင့်မရတာလည်းပါကောင်းပါနိုင်ပါတယ်။ မိဘမေတ္တာကို မြင်းမိုရ်တောင်နဲ့ယှဉ်ရင် မြင်းမိုရ်တောင်ဟာ နွားချိုပေါက်စလောက်ပဲရှိမယ်၊ မိဘမေတ္တာကို သမုဒ္ဒရာနဲ့ယှဉ်ရင် မဟာသမုဒ္ဒရာတောင် ယုန်ခြေတစ်ထောက်စာလောက်ပဲဖြစ်သွားမယ်ဆိုတဲ့ အတိဿယတွေကို ကျွန်တော်တို့ မကြာမကြာ စာထဲထည့်ရေးပါတယ်။ သားသမီးမရှိတဲ့ အပျိုကြီး ဆရာ၊ဆရာမကြီးတွေတောင် ဒါမှ မိဘမေတ္တာကွ ဆိုပြီး အမှတ်အများကြီးပေးရအောင်ရေးကြပါတယ်။ ... တကယ်တော့ ကျွန်တော်တို့ဟာ For Granted ရတဲ့မေတ္တာတရားတွေကို နားလည်ဖို့ အတော်ကြီး ကွာဝေးနေပါသေးတယ်။ မိဘကလည်း သားသမီးမေတ္တာကို နားလည်ဖို့ကြိုးစားဖို့လိုသလို၊ သားသမီးကလည်း မိဘမေတ္တာကိုနားလည်ဖို့လိုပါတယ်။ တစ်လမ်းမောင်းမေတ္တာဆိုရင် ကွှန်တော်တို့ရဲ့ အပြုံးတွေဟာ အလင်းပြန်နိုင်ကြမှာမဟုတ်ပါဘူး။ ..........
စာအုပ်အသစ်တစ်အုပ်ရခဲ့တဲ့နေ့
ဒီစာအုပ်ထဲ ဘာရေးရင်ကောင်းမလဲ ........
ရပ်ပစ်ရှစ်ပါး အခန်းဖွဲ့ထားတဲ့စိတ် ... တရိပ်ရိပ် မြန်မြန် တွေးတယ်၊တွေးတယ် ...တွေးတယ်ခင်ဗျ ... တွေးတယ်ခင်ဗျ .............။
ဘာကိုမှ အယုံအကြည်မရှိတဲ့စိတ်ဟာ အားနည်းသတဲ့ ....။ ယုံရမှာပျင်းသူများ အသင်းဖွဲ့ရင်တောင် ပါရမှာပျင်းသူတွေ ... သက်သာသလို နေပါစေလား .....။ စိတ်ချမ်းသာသလိုနေ ... အမှန်တရားကိုချစ် ... ဘ၀ကို ဓာတ်ခွဲခန်းရလဒ်တွေမပါ၊ သချာင်္သက်သေပြချက်မပါ .....၊ တွေးခေါ်မြော်မြင်သူတို့ရဲ့စကားတစ်ခွန်းမပါဘဲနေသွားပါစေလား။ .... ပျော်ရွှင်စွာမဟုတ်ရင်တောင် ..စိတ်မညစ်စွာ။ `
.... အမှားတွေများလာရင် ယဉ်ကျေးမှုဖြစ်သွားသလိုမျိုးကြီး...အသားမကျချင်ဘူး .........။
(သွား)ကိုက်ဖန်များလာရင် ကိုယ့်သွားတောင်နှုတ်ရသေးတယ်မဟုတ်လား။.....
ယုံကြည်တာကိုမှ မရဲရင့်ရင် ဘာမှ ရဲရင့်စရာမရှိဘူး .....။
ခြေဖျားထောက်ဝင်လာပြီးမှ အိမ်ရှင်မရှိမှန်းသိသွားတဲ့သူခိုးလို .....ဘ၀မှာ မလိုအပ်ဘဲ သတိတွေထားကြ ....စိတ်တွေဖြေလျှော့ကြ ........။ ဟုတ်လှပြီထင်ကြ၊ မဟုတ်သေးဘူးထင်ကြ .....မဟုတ်နိုင်တော့ဘူး နားလည်ကြနဲ့ .....။ ခြောက်ခြားဖွယ်ရာကြီး။
ဟုတ်တယ် ..
ဘ၀မှာ အသက်ရှူဖို့တောင် သတ္တိလိုတယ် .......။
မျက်ရည်တွေအပိုမပါလာတဲ့အတွက် မငိုဖြစ်လိုက်တာကလွဲရင် ....
စာအုပ်အသစ်ဟာ ကြေကွဲစရာအတိပါပဲ ..........။
Not a poem, but a brief notes.
Zephyr
Notes:
ငယ်ကတည်းက notes တွေအများကြီးရေးထားတယ်။ ကိုယ်စဉ်းစားထားတာတစ်ခုမှ အမေ့မခံနိုင်ဘူး။ အချိန်ရရင် notes တွေပြန်ဖတ်တယ်။ နောက်တစ်ခါစဉ်းစားတယ်။ ကျွန်တော်တို့ဟာ ဘ၀ကြီးကို လုံခြုံအောင် သေချာကာရံရင်း အကာအရံတွေကြားမှာ ပြန်ပြီး ပိတ်မိသွားတဲ့သူတွေနဲ့တူတယ်။ .. တစ်ခုချင်းစီကတော့ အမှန်တရားပဲ။ အားလုံးပေါင်းလိုက်မှ မှားသွားတယ်။
သဘာဝ
(သိပ်ကိုမျှော်လင့်ထားတာတွေဟာ အသေးအဖွဲလို၊ ပေါ့တန်တဲ့ကိစ္စလိုဖြစ်သွားရင် လူတွေက ဒဏ်ရာရသွားတယ်။ စိတ်ထဲမှာ ဒဏ်ရာရသွားတယ်။ တစ်ယောက်အတွက် အရေးကြီးတာဟာ တစ်ယောက်အတွက် အပေါ်ယံကိစ္စဖြစ်နေတတ်တယ် .......သိပ်အများကြီးမျှော်လင့်ထားတဲ့သူပဲ ကြေကွဲရတာပါပဲ ....။ စိတ်ထဲမှာ ဒဏ်ရာတွေရှိတယ်။ ဒါပေမယ့် အဲဒီဒဏ်ရာတွေကို ပိုင်ဆိုင်သူနေရာမှာ ကိုယ့်ကိုယ်ကိုမသတ်မှတ်သရွေ့ .....ဒဏ်ရာတွေဟာ မနာကျင်ပါဘူး။ .........မျှော်လင့်ခဲ့ကြတယ်။ ကျွန်တော်တို့ဟာ စိတ်ထဲမှာ ဒဏ်ရာတွေကို နှစ်ပေါင်းများစွာ သယ်ဆောင်သွားလေ့ရှိတဲ့ ..........ခပ်ညံ့ညံ့ကုလားအုတ်တွေပဲ ...........။ ဒီကဗျာကို စိတ်ထဲမှာ ရေးထားတာ လေးနှစ်ရှိပြီ။ အဲဒီတုန်းက သာကေတက မိုးကုတ်ဓမ္မရိပ်သာတစ်ခုမှာ .........။ အဲဒီမှာ ကိုယ့်စိတ်ထဲက ဒဏ်ရာတွေကို ပြန်ရေတွက်တယ်။ လွှတ်ချထားနိုင်တာ လွှတ်ချပြီး မလွှတ်ချနိုင်သေးတာတွေ ဆက်သယ်လာခဲ့တယ်။ တကယ့်ကို အမှတ်တရပါပဲ ........။ ကျွန်တော်တို့ဟာ မကျေညက်တဲ့ သင်ခန်းစာကို ထပ်ခါတလဲလဲ ကြုံရမယ်ဆိုတာကို မေ့နေခဲ့ကြတာပါ။ အခုလည်း သေလာက်တဲ့ ဒဏ်ရာတွေကို အရိပ်တကြည့်ကြည့်မွေးမြူထားတဲ့ ခပ်ညံ့ညံ့ ကုလားအုတ်တစ်ကောင်ဖြစ်နေုတုန်းပါပဲ ..........။ ဆဟားရား (ဆာဟာရ) ကို ချစ်မိကြတဲ့ ကုလားအုတ်တွေရဲ့ တူညီသော ဒဏ်ရာဆိုပါတော့ .............။)
သေသူ၏ မှတ်ချက်များ
ပရိုင်းမိတ်ဂုဏ်သတ္တိ
ကဗျာအကျဉ်း
လမ်းခွဲလဲ့ပြာ
လမ်းခွဲလဲ့ပြာ
ပုလင်းကွဲစများ ... အပြုံးများဖြင့် ကန့်လန့်ဖြတ်အမာရွတ်ဖြစ်သွားသောမျက်နှာ ... ထိထိရှရှဖြစ်စေဖို့မရည်ရွယ်သော လျှာဖျားမှနှလုံးသားဆီသို့ ... အလုံအလောက်သံဆူးကြိုးများ ...။ ထေရီ ... မျက်လွှာချထားသော သူငယ်မသည် ......တိတ်ဆိတ်ငြိမ်သက်လျက်။
သံဆူးပါသော ခုံတစ်ခုံ ...ဖြတ်ခနဲပေါ်လာသောမြင်ကွင်းများ ...ငိုမဲ့မဲ့သူငယ်မလေး ... ငိုမဲ့မဲ့စိတ်ကိုဝတ်ဆင်လျက် ... နောက်ဆုံးပေါက်ကွဲထွက်ရမယ့် အလုံအလောက် မြုပ်နှံထားပြီးသား ... အသေခံဗုံးခွဲသမားရဲ့ အပြုံးတစ်စဟာ လျော့လျော့ကလေး ချိုနေတယ်။ ထေရီ .... မျက်လွှာချထားရာမှ အသက်ကို ရှူထုတ်လိုက်ဟန် .... တည်ငြိမ်သော အကြည့်ကို ရုတ်သိမ်းဟန် .....။ ဖြတ်လတ်ခြင်းကို စွန့်ပယ်ထားသော၊ ကိလေသာနှောင်ကြိုးကို ပယ်ဖြတ်သော၊ ဒဏ်ရာကို အမှတ်ဖြင့်ခွာထားသော အကြည့် .... ။
ဖြတ်ခနဲ လက်နေတဲ့ လရောင် မြစ်ရေ ...။ ခုန်ပျံနေတဲ့ငါးတစ်ကောင်ရဲ့ လက်လက်မွတ်မွတ် အလင်းပြန်မျက်နှာပြင် ........။လရောင်ထဲ ခုန်ဝင်မိတဲ့အခိုက်အတန့် ....ချစ်ခြင်းဖြင့် နေကြတ်ခြင်း၊ လကြတ်ခြင်းများ၊........ တီးတိုးသံေ၀၀ါးချိန် ........... အပြုံးများရှထားသောစိတ်တစ်ခု ဒဏ်ရာမရှိတဲ့ဒဏ်ရာ၊ အလွမ်းမဟုတ်တဲ့အလွမ်း .... ခံစားချက်အစစ်မရှိနိုင်တော့တဲ့ အိပ်ကပ်အလွတ်တစ်လုံး ...ဝေးရမှာကို ကြိုတင်သိနေတတ်တဲ့ အကင်းပါးကျိန်စာ ......။ တချွင်ချွင်မြည်နေတဲ့လက်ကောက်.... လက်ကောက်တွေဟာ တစ်ကွင်းတည်း အသံမြည်လို့မရဘူး .... ရုပ်ကြီးသက်သက်နဲ့ စိတ်ကိုထမ်းပြန်ခဲ့ရခြင်း တစ်စစ်စစ် ......။
ထေရီ .... စိတ်၏ဖြစ်ခြင်းပျက်ခြင်းမှ အပ .....။ ခံစားသူသတ္တ၀ါမရှိသော လောက၊ အရည်ခွံပါးပါး ... အတင်အမြင် ဇာပုဝါကင်းပသောလ၀န်းသို့ ..ရှင်းငြိမ်အေးသက်သော ကိုယ်အမူအယာ .... သင်ငါနှင့် အဝေးသို့ မည်မျှအထိ ............ဆို့နစ်သွားသော စိတ်တွင်းစကားလုံးများ၊ ဆွံ့အသွားသော တစ်ပတ်နွမ်းခံစားချက်များ .... တဖျပ်ဖျပ်ခုန်ကူးနေသော အမျှင်အတန်းတစ်ချို့သည် တိခနဲ ...........။သင်၏လုံလောက်မှုများသည်သာ ကြေကွဲခြင်းတေးတို့၏မြုပ်နှံရဖြစ်ပါရစေ ထေရီ။
ဥပေက္ခာဖန့်ဖန့် လင်းချင်းတောက်ပရုံမျှ ...ပန်းပွင့်များ အသက်ရှုအောင့်ထားကြသလား။ ရနံ့များခြေဖျားထောက်ရပ်နေရာမှ ဖ၀ါးစုံကို ကျကျနနချလိုက်သံ၊ သင့်စိတ်နှင့်ငါသည်၊ သို့တည်းမဟုတ်၊ ငါမဲ့သောသူ၏ ဗလာအကြည့်များသည် ...သင်နှင့်ငါကြားစုရပ်အဖြစ်သတ်မှတ်ထားသောနားလည်မှုသည် ...၊ ငါ၏ ထင်မြင်မှားမိုက်မှုသည်၊ ........ထေရီ၊ ထွက်လေတွင်ပါသွားသော ၀င်လေ၏သက်တမ်းနှင့်ရှင်သန်မှုသည် .... ငါ၏ဘ၀သည်၊ .... အကြည့်အေးအေးများအောက်တွင် .... အလံချသွားသော မျှော်လင့်ခြင်းသည်၊ နောက်ထပ်တစ်ဖန် ထပ်မံသေဆုံးခွင့်ဖြင့် လွတ်ငြိမ်းချမ်းသာသွားသော ၀ိညာဉ်များသည်၊ တောင်ပံမဲ့သော ငှက်များ၏ အိပ်တန်းအပျက်များသည်၊ .... နက္ခတ်များဖြင့်ငြိထွေးပျက်ကျခဲ့သော ယဉ်ယဉ်ကျေးကျေး မတော်တဆမှုများသည် ............ သံသရာကြွေးမြီဟောင်းသည် ၀ဋ်ကောင်အသစ်ဆီသို့တရွေ့ရွေ့ ......................။
ထေရီ ... နိုဝင်ဘာသစ်ရွက်အကြွေလေးတစ်ရွက်ကြွေကျချိန် ......... ........... ............. ...................ဖယောင်းတိုက်ထားတဲ့ညောင်ရွက်လေးထဲက ပြာမှုန်တေးသွား ..........။ အကြင်တရားတို့သည် အကြောင်းကြောင့်ပင်ဖြစ်ကြကုန်၏ .....ကျကုန်ကြ မျက်ရည်။ ... တရားသော အကြင်နာမဲ့မေတ္တာ ...။ ဖြစ်ကြကုန်၏ ထေရီ။ ။
ဒီလိုပါပဲ .. နေရောင်ခြည်အတုဟာ လုံလောက်တယ်။
ဒီလိုပါပဲ .. နေရောင်ခြည်အတုဟာ လုံလောက်တယ်။
ဟ လူမည်းဟာ သမ္မတဖြစ်လာတာ ဘာထူးဆန်းလို့လဲ ငတုံးရ။
အခက်အခဲကာလမှာ ဘယ်လူဖြူကမှ သမ္မတမလုပ်ချင်ဘူးကွ။
မင်းတို့နားမလည်သေးတဲ့ကိစ္စတွေ များပါ့ ….။
ဒီလိုပဲ … ၂၀၁၀ မှာ ဘယ်သူမှအသည်းမကွဲကြတော့ဘူးလို့ စစ်တမ်းတွေထွက်လာ၊
အကြွေးနဲ့ လိင်ကိစ္စအသားပေး ဘ၀နေထိုင်မှုတွေခေတ်စားလာ။
ဘုရားသခင်ဟာ .. သေသလိုလို .. ရှင်သလိုလိုနဲ့ … တစ်ချက်တစ်ချက်ပေါ်ပြူလာ ဖြစ်လာသလိုလို၊
အသားတိုးမွေးမြူထားတဲ့ နောင်တတွေ ဖွံ့ဖြိုးလာခဲ့တယ်။
ရုန်းရင်းဆန်ခတ်ရင့်ကျင့်လာ …။
ဥပေက္ခာအတုတွေနဲ့ မျက်နှာပေါင်းတင်ပြီး …
သံသယတွေနဲ့ နာနာတိုက်ချွတ်ထားတဲ့သွားဖွေးေ
သီလကလွဲရင် ကျန်တာတွေလုံတယ်ဆိုတဲ့ အင်္ကျီဟပြဲကိုဝတ်လို့ …
ဟစ်ပ်ဟော့ပ်ဂီတကို နဲ့ ဘိဘောက်စ်စင်း လုပ်လို့ …
ခေတ်ကြပ်ကြီးထဲ တိုးဝှေ့နေကြ ….
ဒါပေမယ့်နွေးတယ်။
ဟေ့ကောင်တွေ .. မူးရင်အိပ် …။
အန်စရာရှိတာအန် …
ပြီးရင် …
ဘ၀ကြီးသာယာတဲ့အကြောင်း ….
သီချင်းဆိုကြရအောင်။
Zephyr
Monday, December 27, 2010
သတိတရ ရေခဲရိုက်ထားသော သတိသံဝေဂတရားတို့သည် .... ကြေကွဲကြကုန်၏
Monday, December 13, 2010
ရာဇ၀င်တွေဖြတ်ကျော်သွားလိုက်၊ပြန်လိုက်လုပ်နေခြင်းဟာလည်း(သောက်) ဒုလ္လဘ
အမေ့မွေးနေ့မှာ အမှတ်တရတွေ တော်တော်များများစဉ်းစားပါတယ်။ ပျော်ရွှင်ဖွယ်သားအမိတွေထဲမှာ ကျွန်တော်တို့လည်းပါပါတယ်။ များသောအားဖြင့် ထုံးစံအတိုင်း အမေတွေ စိတ်ရှည်တာကိုသိနိုင်ဖို့ဟာ သားသမီးတွေ သိပ်မလိမ္မာဖို့လိုပါတယ်။ ကျွန်တော်ကလည်း အတော်လေးဆိုးပါတယ်။ လူများတွေနဲ့မဆိုးသမျှ အမေ့ကိုဆို ဆိုးပါတယ်။ ပြောစကားလည်း နားထောင်ဖို့အတော်ခက်တဲ့အမျိုးအစားထဲမှာပါပါတယ်။ အငယ်ကောင်လေးကလည်း ပါရမီမနည်းပါဘူး။ ဆိုးတဲ့နေရာမှာ နှစ်ယောက်စလုံး သူမသာ၊ကိုယ်မသာရှိပါတယ်။ ဒီလိုသားမျိုးတွေနဲ့ အသက်ရှည်ရှည်နေဖို့ဆိုတာ အမေ့အတွက် အတော်လေးတွေးကြောက်စရာ အခက်အခဲလည်းဖြစ်ကောင်းဖြစ်နေနိုင်တယ်။ အမေကတော့ အမေပီပီ သားသမီးတွေကို မကောင်းလည်းမမြင်ပါဘူး။ ဆိုးလည်းဆိုးတဲ့အတိုင်း ချစ်ခင်တာပါပဲ။
အခုလည်း အမေ့မွေးနေ့မှာ ကဗျာတစ်ပုဒ်ရေးပါတယ်။
ကဗျာလည်းမရေးဖြစ်တာ အတော်လေးကြာပါပြီ။ ကဗျာမှာလည်း (သောက်)ဆိုတာတွေ ခဏခဏပါပါတယ်။ ကြီးလာမှ ပိုပြီး ရိုင်းလာတယ်ထင်ပါတယ်။ စိတ်အခြေခံကိုက ဒေါသများရတဲ့အထဲ ... အခုတလောလည်း နေမကောင်းဖြစ်နေတာနဲ့ စိတ်က သိပ်မရှည်လို့ပိုများဒေါသထွက်လာသလားထင်ရပါတယ်။ အမေဖတ်ဖို့ ရေးလိုက်တဲ့ကဗျာဖြစ်တဲ့အတွက် အမေကတော့ နားလည်ပါလိမ့်မယ်။ အမေ့မွေးနေ့ဖြစ်တဲ့အတွက် ပျော်ပျော်ရွှင်ရွှင်နဲ့ ဘ၀ကို ဖရီးကစ်ကန်သလို အဝေးကနေ ကွေ့ဝိုက်ကန်သွင်းကြည့်တာမျိုးပါ။
အခုလောလောဆယ် အိုရှိုရဲ့ Courage ဆိုတဲ့စာအုပ်လေးကိုဖတ်ရင်း ဘ၀ကိုတစ်ခေါက်ထပ်သုံးသပ်ပါတယ်။ အသက်နှစ်ဆယ့်ကိုးပြည့်ခါနီး ဘ၀ကြီးဟာ အရောင်ပြောင်းလာတယ်လို့ခံစားရပါတယ်။ သတ္တိအကြောင်းကိုလည်းပိုစဉ်းစားဖြစ်တယ်။ ဘ၀ကြီးကို ဖြတ်သန်းနေကြတဲ့သူတိုင်းဟာ သတ္တိအတော်ကောင်းတာပဲလို့တွေးမိတယ်။
အမေ့မွေးနေ့မှာ အမေ အေးချမ်းပျော်ရွှင်ပါစေ။
မပျော်ရွှင်ရင်တောင် စိတ်ချမ်းသာပါစေ။
သားတွေနဲ့အတူ ဘ၀ကြီးကို ငြိမ်းချမ်းစွာဖြတ်ကျော်သွားနိုင်ပါစေ။
Mom, peace B upon U ..dear.
ရာဇ၀င်တွေဖြတ်ကျော်သွားလိုက်၊ပြန်လိုက်လုပ်နေခြင်းဟာလည်း(သောက်) ဒုလ္လဘ
မနက်မိုးလင်းလာတာ၊
မဟုတ်ဘူး၊ အရုဏ်အလင်းဟာ အစာရှာထွက်နေတာ။
တစ်နေ့တာအတွက် မင်္ဂလာပါ ...၊
လှူပါတန်းပါ၊
ရေစက်ချ အမျှဝေပါ ......
ကြေကွဲခြင်းတေးသံတွေကို ခဏလေးမေ့ကြစို့....
ယဉ်ယဉ်ကျေးကျေး မေတ္တာပို့ဖို့ပါ ....
လောကကြီးကို ခဏပိတ် ...
စိတ်တွေကို စိတ်နဲ့ချိတ်ပိတ်ထားလိုက်ပါ။
ဟိုဘက်ကမ္ဘာတခြမ်းက ယမ်းနံ့ဟာ
ဒီဘက်ကမ္ဘာမှာ အသက်ရှူမ၀ဘူး ..................။
အဖြူရောင်ကို ဘာနဲ့ပဲရောရော၊ အဖြူအတိုင်းပြန်မရတော့ဘူး။
အရောင်ကန်းလောကကြီးထဲ ပစ်ချခံထားရတဲ့ ...
ဖြူဖြူစင်စင်စိတ်ကလေး ...
အဲဒီစိတ်ကလေး နာကျင်အော်မြည်နေတာ ...
သင် ကြားရရဲ့လား။
ထွက်ပေါက်တစ်ခုပါမလာတာကလွဲရင်၊
လောကကြီးဟာ နေပျော်ပါတယ်။
သေပျော်ပါတယ်။
ဘာမဆိုပျော်ပါတယ်။
သေချာခြင်းနဲ့လွပ်လပ်ခြင်းကို တစ်ခုပဲရမယ်လို့ *အိုရှိုကပြောတယ်။
ဘာကိုရွေးချယ်ကြမှာလဲ ရဲဘော်တို့ ....။
မသေမချာဘ၀ကြီးမှာ ...
လွတ်လပ်စွာ ...
ဒုက္ခတွေကို ရင်ဆိုင်ခွင့်ကြီး ........
အဲဒီ ဒုလ္လဘကြီးကို .............။
နေ့လည်ရောက်ပြီ။
ဇာတိ၊ဇရာ၊မရဏ
ရထားဟာ ထင်သလောက် ဝေးဝေးမသွားတော့ဘူး။
အခုလိုခေတ်ကြီးမှာ ...
နိယာမတရားတွေကွေးကောက်၊
မွန်းတည့်ချိန်ဟာ ကြာတယ်။
လက်ပံပွင့်ချိန်ကြီး လာမွေးခံကြရတဲ့ငါတို့ ...
ကံပေါ့ကွယ်။
မွန်းတည့်တုန်းဘာလုပ်ကြမလဲ။
တရေးအိပ်မလား။
စပါးလှမ်းမလား။
*မဆာ:ခ်ျ သွားမလား
ခေတ်ကြီးက ရွေးစရာများပါတယ်။
ငါတို့ရဲ့သိမှုဟာ မောဟ။
ကျန်တာတွေမပြောနဲ့ဦး .....
"ရေခမ်းနေတာတောင် ရေလိုက်လွဲနေတဲ့ငါးဟာ ဘယ်လိုခြေကုန်လက်ပမ်းကြနေမှန်းကို မဖော်ပြတတ်လောက်အောင်ပဲ။"
အထက်ပါဝါကျအတွက်ရော မောဟဘယ်လောက်လိုမလဲ။
သံသရာဟာလည်တယ်။
ကမ္ဘာဟာလည်တယ်။
ဝဋ်ဟာ လည်တယ်။
အဲဒီလို လည်နေတဲ့လောကကြီးမှာ .........
မလည်သူတွေ သေသွားတာ ဆန်းသလား။
ဒိုင်နိုဆောတွေ မျိုးတုံးသွားသလို၊
လင်းပိုင်ရဲ့ လက်တွေတိုဝင်သွားသလို၊
လူရဲ့ခြေထောက်တွေခိုင်မတ်လာသလို၊
သောက်ရူးလောကကြီးမှာ
အနူမြူလက်နက်တွေ သူ့အလိုလိုပျောက်မသွားနိုင်ဘူး။
ညရောက်ပြီ .........
ကြယ်ကလေးတွေ၊
ဆောင်းရာသီ သစ်ရွက်ဖျားမှာ တွဲလွဲခိုနေတဲ့ ရေစက်ကလေးထဲကို အလည်လာတဲ့ကြယ်လေးတွေ ....
Sweet December ...
Bitter Memories ...
ညီမျှခြင်းရဲ့တစ်ဖက်တစ်ချက်မှာ နေထိုင်ခွင့်ရသူတွေ၊
..........
ငါပိုင်ဆိုင်တဲ့ညတွေမို့
မအိပ်စက်ပစ်လိုက်နိုင်ဘူး ..................။
Notes: