သုံးလက်မပတ်လည်မြေလေးတစ်ကွက်ဝယ်နိုင်ရင် ခြေမနှစ်ချောင်းနဲ့ခြေဖျားထောက်ထားမယ်။
အကျယ်အဝန်းလား၊ အကျဉ်းအကျပ်လား
အလျား၊အနံတိုလွန်းတယ်၊
အမိုးမမြင့်ဘူး၊(၉ပေတဲ့)
လှေကားကျဉ်းတယ်။
အမြင့်ကြီးမှာ၊
ဘာပဲဖြစ်ဖြစ်၊
ငှားစားရင် တစ်သိန်းရသေးတယ်။
ကဗျာဆိုတာ အဇ္ဈတ္တကိုဖော်ပြရမယ်။
အတိုးဘယ်လောက်နှုန်းလဲ၊
အရင်းနဲ့ကိုက်သလား၊
လူဆင်းရဲတွေကို အမြတ်ထုတ်ဖို့လား၊
လူတန်းစားကွာဟမှုကို ဇစ်တပ်ပေးချင်တာလား၊
ငါလား၊ သူလိုကိုယ်လို ဘူဇွာ၊
အဲဒီလိုများလား၊
ငါ့အကွက် ငါအိမ်ဆောက်လိုက်ရင် လယ်လာစိုက်နေကြတစ်ယောက်
ငိုမှာလား၊
ဒီမြေတွေကို မင်းတို့မပိုင်ဘူး၊ ငါလည်း အငှား၊
မင်းတို့ငါတို့
တဏှာယောကျာ်းလက်သမားရဲ့
လွဲချော်ဆောက်ချက်တွေ။
မနက်ရှိုင်းဘူး၊
သို့သော်လည်း
သုံးမရတော့ဘူး။
ဒီဘဝ၊
ဟိုဘဝ၊
အဲဒီဘဝရဲ့ ခြေလှမ်းသုံးလှမ်းအကွာ၊
အဲဒီဘက်မှာရော
မြေဈေးဘယ်လောက်၊
ခြံမြေလား၊
အပင်စိုက်ရမှာလား၊
ငါးမွေးရမှာလား၊
လမ်းချဲ့ရင် ငါ့မြေမထိစေနဲ့လား၊
စီမံကိန်းမြေလား၊
မုဆိုးမဆီက မုန်ညင်းဆီလား၊ မုန်ညင်းစေ့လား၊
ပါပါရာဇီရဲ့ မှန်ပြောင်းရှည်ထဲက
ဝတ်လစ်စလစ် ဆယ်လီဘရစ်တီလား၊
ငါတို့ဘဝ
ငါတို့
ဝေခွဲမရသေးတာ မှားလား၊
ပါလာတာကို
ဖြတ်လိုက်ပြီးမှ
ပြန်လိုချင်လို့ အတုပြန်တပ်နေရမယ်တဲ့၊
အူအတတ်ထုတ်ထားတဲ့သူတွေပြောပါတယ်။
ကျနော့်အတွေးများချာချာလည်၊
ကြိုပွိုင့်အတွက်
ငိုဖို့
မျက်နှာသုတ်ပုဝါကြိုပြီး ပွိုင့်အောက် လုပ်ထားရမှာလား၊
အကယ်ဒမီတွေ ဘယ်နှစ်ထပ်ကွမ်းလဲ
ပွဲစားက လှလှလေး အမြဲပြုံးတယ်၊
ဟုတ်တယ် ဦးလေး၊
ဈေးတွေက
အရူး တရွတ်တိုက်ဆွဲသွားတဲ့ သစ်ကိုင်းထိပ်ဖျားမှာ ပါသွားတဲ့ သစ်ရွက်လေးလို
ဖြစ်ချင်ရာကို ဖြစ်နေတော့တာတဲ့၊
ကျွန်မတို့က ပွဲစားပါ
ကောက်ညှင်းပေါင်းရောင်းတယ်မမှတ်ပါနဲ့
ဘာလဲဟဲ့ ကောက်ညှင်းပေါင်း
နှမ်းဖြူးတယ်မထင်နဲ့လို့ပြောတာပါရှင့်
အော် ... အေး ...
အဆန်းတွေချည့်၊
ကိုင်ထားလိုက်တာမမှားပါဘူးရှင်ဆိုပဲ။
ဆွဲထားလိုက်မှ စိတ်ချရမယ်ဆိုတာလည်းရှိသေးတယ်။
တုံးခုထားပြီးကန်ထုတ်လိုက်ပေါ့တဲ့၊
လည်ပင်းကကြိုးကအစ
ငါ့ကို
အကြံပေးနေတယ်။ ။
Zephyr
Wednesday, December 18, 2013
Tuesday, December 10, 2013
ဒီဇင်ဘာ ၁၀ ရက်။
ဒီဇင်ဘာ ၁၀ ရက်။
ဘာလိုလိုနဲ့ဒီဇင်ဘာ သုံးပုံတစ်ပုံ ကျိုးသွားပြီ။
စန်တာကလော့စ် လာဖို့၊
ခြေအိတ်အနီလေးချိတ်ထားတယ်။
ဘာလက်ဆောင်မှမယူခဲ့ပါနဲ့၊
ကမ္ဘာမြေပေါ်က
ကလေးငယ်တွေရဲ့သောကတွေ၊
သယ်ဆောင်ပေးသွားဖို့ပဲ အားထုတ်ပါ စန်တာ။
ကလေးတစ်ချို့ jingle bell ဆိုနေချိန်မှာ
ကလေးတစ်ချို့ဟာ လမ်းမပေါ်မှာ တောင်းစားနေတယ်။
ကလေးတစ်ချို့ဟာ အိပ်ရာထဲလဲလို့ ငတ်ပြတ်နေတယ်။
ကလေးတစ်ချို့ဟာ ကုစရာဆေးဖိုးမရှိလို့ သံကုတင်မှာ အသက်ငင်နေတယ်။
ငြိမ်သက်ည၊ မြင့်မြတ်ညလို့ သီဆိုနေစဉ်မှာ ....
စိုးရိမ်သောက မကင်းတဲ့ မျက်လုံးတွေမှာ
မျက်ရည်တွေ ဝေသီနေတယ်။
လောကရဲ့အမှောင်ဖက်ခြမ်း၊
လောကရဲ့အလင်းဖက်ခြမ်း၊
ဇူဇယ်မရှိ၊မေရီမပါဘဲ
လမ်းမပေါ်
တွားတက်လာတဲ့ကလေးငိုသံတွေ၊
ကောင်းကင်တမန်တေးသံတွေကို
ဖုံးလွှမ်းသွားတယ်၊
နွားစားခွက်ထဲက ကောက်ရိုးတွေလောက်
နွေးထွေးမှုမရှိတဲ့
အထင်သေးမျက်လုံးတွေအောက်မှာ
ကလေးငယ်တွေ
လောင်ကျွမ်းသွားတယ်။
တစ်ချို့
ကလေးစစ်သားတွေဖြစ်သွား၊
တစ်ချို့
လူကုန်ကူးခံရ၊
Hark the herald angels sing
"Glory to the newborn King!
ဆိုနေတုန်း၊
တစ်ချို့ရပ်ကွက်တွေမှာ
နောက်ထပ်စားစရာ ပါးစပ်တစ်ပေါက်တိုး လာတယ်။
ဗလာတွေနဲ့ ဒီကလေးကို ဘယ်လိုဝလင်အောင်ကျွေးရမလဲ တဲ့၊
သိုးကျောင်းသားတွေ စုရုံးလာသလိုမျိုးပဲ
လက်နက်ကိုင်ရဲတွေဟာ အလစ်သုတ်သမား ကလေးငယ်ကို ဖမ်းသွားကြတယ်။
ကမ္ဘာကြီးရဲ့အမှောင်ဘက်ခြမ်းမှာ
ဒီလောက်မသာယာခဲ့ဘူး၊
ဟေရုဒ်ဟာ နှစ်ပေါင်း ၂၀၁၃ အကြာမှာ ဗီဇသစ်တွေနဲ့ ပွားများလာခဲ့ပြီ၊
နာဇရတ်မြို့သားတွေ
အနှိမ်ခံတွေ၊
နင်းပြားတွေ၊
တံထွေးခွက်ထဲက ပိုးမွှားတွေ၊
များသထက်များလာပြီ၊
ဂါဗြီအဲလ်ကဗျာဒိတ်လာပေးသလိုမျိုး၊
လမ်းပေါ်က ကလေးကို
လမ်းလူမိုက်ကြီးက အဖွဲ့ဝင်မလား လာမေးတယ်။
မိုးပွင့်လို ဖြူစင်သော နှလုံးသားတွေရဲ့
ကျဆုံးခန်းပေါ့ ...........၊
အဲဗစ်က in th ghetto ကိုဆိုဖို့
သူတို့က သူတို့ဘဝနဲ့ရေးဖွဲ့ပစ်လိုက်တာ။
ကြယ်တွေနောက်ကို လိုက်နေတဲ့
ပညာရှင်သုံးဦးတော့၊
ဒီဇင်ဘာမှာ
လမ်းပျောက်ရင်း
ကလေးအလောင်းတစ်ချို့
နင်းမိခဲ့ကြသေးတယ် ................................။ ။

Sunday, October 6, 2013
စူပါမန်း
ကျွန်တော် ကဗျာတိုလေးတွေကို ချစ်ပါတယ်။
အချိန်ရှားပါးလာတဲ့ ခပ်မြန်မြန်လောကကြီးအတွက် လိုရင်းရောက်စေတာမျိုးလို့ ကျွန်တော်မြင်မိတယ်။
ရှုပ်နေတဲ့လောကမှာ ရှင်းတာတွေမရှိတော့ပေမယ့်၊
ရှုပ်ပြီးသားအရှုပ်တွေကို စိတ်ရှင်းရှင်းမြင်နိုင်ရင်ကောင်းမယ်လို့ ကျွန်တော်တွေးမိတယ်။
ဟိုတစ်ပတ်ကပဲ စူပါမန်းအကြောင်း ကဗျာတိုလေး နည်းနည်းရေးဖြစ်တယ်။ ပေါ့ပေါ့ပါးပါး ကဗျာလေးတွေပါပဲ။
စူပါမန်းအကြောင်း ကျွန်တော်ပြောမယ်စိတ်ကူးတော့ သူ့ရဲ့ မျက်မှန်ကို ပထမဆုံးသတိရတယ်ဗျ။ ဒါနဲ့ပဲ ကျွန်တော်ချရေးလိုက်တယ်။
စူပါမန်းရဲ့မျက်မှန်။
စူပါမန်း မျက်မှန်တပ်တော့သာမန်လူ။
သာမန်လူ မျက်မှန်ချွတ်တော့ စူပါမန်း။
ခေတ်ကြီးကိုက ဆန်းလွန်းတယ်။ ။
Zephyr
နောက်တော့ သူ့ဟာ သူအရှိန်ရသွားတယ်။
စူပါမန်းရဲ့ သင်ယူမှု။
ခေတ်အဆက်ဆက်ဖြတ်လာပြီး
၂၀၁၃ ရောက်ခါမှ
အတွင်းခံဘောင်းဘီကို
အတွင်းမှာဝတ်တတ်သွားတယ်။
၂၀၁၅ မှာ တိုက်ပုံဝတ်မယ့် စူပါမန်း၊
သူက
ပြဿနာကို
အပေါ်မှာပဲရှင်းတယ်တဲ့။
လေထဲမှာပဲ
သူနဲ့သူ့ပြဿနာတွေ။ ။
Zephyr
စူပါမန်းအကြောင်းရေးရင်း ဘတ်မန်းကိုသတိရတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဘတ်မန်းကို ပိုသဘောကျတယ်။ သူက လူသားပိုဆန်တယ်။ သူတို့နှစ်ယောက်ကို ကျွန်တော်ယှဉ်ပြီးတွေးတယ်။ သူတို့ရဲ့ဘဝတွေ ကွာခြားတာသတိပြုမိတယ်။
စူပါမန်းနဲ့ ဘတ်မန်း
စူပါမန်းက စူပါ ပါဝါတွေနဲ့၊
လုပ်ရတော့ စာရေးစာချီ၊
ဘတ်မန်းက ဘီလျံနာ၊
ဘာအလုပ်မှ လုပ်စရာမလိုလှဘူး။
မိဘတွေကွာခြားတော့
စူပါမန်းလည်း
ရုံးတက်နေရသေးတာပဲ။
မိုးပေါ်ပျံတက်နိုင်ပေမယ့်၊
အထူးအကြားအာရုံ၊
အထူးအမြင်အစွမ်းတွေ
ပိုင်သပေမယ့်၊
စူပါမန်းဟာ စာရေးစာချီ။ ။
Zephyr
မကြာသေးခင်ကပဲ စူပါမန်းဇာတ်ကားတွေ revision ပြန်တဲ့သဘောနဲ့ပြန်ကြည့်ရင်း သူမီးငြှိမ်းတဲ့ ဇာတ်ကွက်လေးကို ကျွန်တော်သတိရတယ်။ အဲဒါနဲ့ဆက်တွေးကြည့်ရင်း နောက်ထပ် ကဗျာတိုလေးတစ်ခုရလာတယ်။
စူပါမန်း မီးသတ်သမား။
ဓာတုစက်ရုံကြီးမီးလောင်တော့
စူပါမန်းဟာ
ရေကန်ဆီပျံသွား၊
ရေတွေကို ခဲပစ်ပြီး
ကောင်းကင်က မ လာခဲ့တယ်။
မီးတောက်ပေါ်
ရေခဲတုံးဖျော်ချ၊
မီးတွေငြိမ်းကျသွားစေတယ်။
စူပါမန်းဟာ
တကယ်တော်တာပဲ၊
တကယ်တော်ရင်
ဒီကမ္ဘာမှာ မမွေးဘူး၊
စူပါမန်းဟာ တစ်ခြားကမ္ဘာက၊
တကယ်တော်တဲ့ တစ်ခြားကမ္ဘာက၊
အဲဒါတော့
အလွမ်းခန်းပဲ။
Zephyr
နောက်တော့ ကျွန်တော် သူ့ရဲ့အကြောက်တရားအကြောင်းကိုတွေးတယ်။ သူ့မှာလည်း ကြောက်ရတဲ့ အစိမ်းရောင်ကျောက်တုံးလေးရှိတယ်။ ကြောက်ရွံ့ခြင်းမကင်းရတဲ့ ကမ္ဘာသားတစ်ယောက်ကို ကျွန်တော်ရှာတွေ့သွားတယ်။
စူပါမန်းနဲ့ အစိမ်းရောင် ခရစ်ပ်တွန်နိုက် ကျောက်တုံး
စူပါမန်းဟာ
ဒီကျောက်တုံးနဲ့တွေ့တော့
ပျော့ခွေနုံးချိသွားတယ်။
ကမ္ဘာကြီးကို
ပြောင်းပြန်ပတ်စေတဲ့သူ၊
မျက်လုံးက ရောင်ခြည်ထွက်
အင်အားသန်မာလွန်းသူ၊
သူ့မှာလည်း
ကြောက်စရာတစ်ခုရှိတယ်။
ကမ္ဘာမှာနေရင်
တစ်ခုခုကို ကြောက်ရမယ် မဟုတ်လား။
Zephyr
အကြောက်တရားပြီးတော့ စူပါမန်းမစွမ်းတာ ဘာရှိသလဲကို ကျွန်တော်ဆက်တွေးတော့ သူဟာလည်း အချစ်ရေးမှာမအောင်မြင်ဘူး။ အဲဒီတော့ကမ္ဘာမှာ အခက်ဆုံးဟာ ကိုယ်ချစ်တဲ့သူ ကိုယ့်ကို ပြန်ချစ်ဖို့ပဲလို့ ကျွန်တော်ခံစားရတယ်။ စူပါမန်းလည်း ဒီအတိုင်းနေမှာပဲလို့ ကျွန်တော်ကိုယ်ချင်းစာမိတယ်။
စူပါမန်းနဲ့ အချစ်ရေး။
စူပါမန်း
အချစ်ရေးအဆင်မပြေဘူး၊
ကမ္ဘာဂြိုဟ်မှာ
ခက်တာတွေအားလုံးထက်
ဒီတစ်ခု ပိုခက်တယ်တဲ့။
Zephyr
အောက်တိုဘာ ၄ ရက်နေ့ ရုံးမှာ အလုပ်လုပ်နေရင်း စူပါမန်းစိတ်ထဲရောက်လာတာနဲ့ ကဗျာတိုလေးတစ်ချို့ရေးဖြစ်သွားတယ်။ ဖတ်လိုက်ရလို့ ပျော်ရွှင်သွားတယ်ဆိုရင် ဒီကဗျာဟာ ခင်ဗျားအတွက်လည်းဖြစ်လိမ့်မယ်။ ။

Monday, July 29, 2013
ပျော်တော်ဆက်နှင့်တဒင်္ဂ
ပျော်တော်ဆက်နှင့်တဒင်္ဂ
ပျော်တော်ဆက်က သူ့ပါးစပ်ထဲ
ဓားရှည်ထိုးသွင်းပြတော့
လူတွေပျော်ကြတယ်။
ပျော်တော်ဆက်က
ကုလားမခြေထောက်နဲ့
ကြိုးခုန်ပြတော့
လူတွေပျော်ကြတယ်။
ပျော်တော်ဆက်က
လေထဲ နောက်ဂျွမ်းပစ်ပြီး
လူသုံးယောက်ကို ခုန်ကျော်ပြတော့
လူတွေပျော်ကြတယ်။
ပျော်တော်ဆက်က
ကြိုးနဲ့ချည်ထားတဲ့
ကုတ်အင်္ကျီကို
ကြိုးမဖြုတ်ဘဲ ထုတ်ယူပြသွားတော့
လူတွေပျော်ကြတယ်။
မပျော်တဲ့လောကကြီးမှာ
မပျော်တဲ့ ပျော်တော်ဆက်က
မပျော်တဲ့သူတွေ ပျော်အောင်
လုပ်ပြကြတယ်။
ပျော်တော်ဆက်ရဲ့ ဦးထုပ်ထဲ
မပျော်တဲ့လူတွေ
ပျော်တဒင်္ဂကြေးပေးပြီး
မပျော်တဲ့ လောကထဲ
ငုံ့ဝင်သွားကြတယ်။
လောကဓံ
ချောင်းကြည့်ပေါက်ကနေ
ပျော်တော်ဆက်ပြန်လာမလား
တစ်ချက်တစ်ချက်ချောင်းကြည့်ပြီး
ပျော်ချင်ဟန်ဆောင်လိုက်ကြတယ်။
အကြောက်တရားကိုလည်းပျော်ကြရ၊
စိုးရိမ်ထိတ်လန့်မှုကိုလည်းပျော်ကြရ၊
မသေချာခြင်းတွေကိုလည်းပျော်ကြရ၊
ပျော်တော်ဆက်ပျောက်သွားတော့
ရှိတာနဲ့ပျော်ကြရတယ်။ ။
Zephyr
ပျော်တော်ဆက်က သူ့ပါးစပ်ထဲ
ဓားရှည်ထိုးသွင်းပြတော့
လူတွေပျော်ကြတယ်။
ပျော်တော်ဆက်က
ကုလားမခြေထောက်နဲ့
ကြိုးခုန်ပြတော့
လူတွေပျော်ကြတယ်။
ပျော်တော်ဆက်က
လေထဲ နောက်ဂျွမ်းပစ်ပြီး
လူသုံးယောက်ကို ခုန်ကျော်ပြတော့
လူတွေပျော်ကြတယ်။
ပျော်တော်ဆက်က
ကြိုးနဲ့ချည်ထားတဲ့
ကုတ်အင်္ကျီကို
ကြိုးမဖြုတ်ဘဲ ထုတ်ယူပြသွားတော့
လူတွေပျော်ကြတယ်။
မပျော်တဲ့လောကကြီးမှာ
မပျော်တဲ့ ပျော်တော်ဆက်က
မပျော်တဲ့သူတွေ ပျော်အောင်
လုပ်ပြကြတယ်။
ပျော်တော်ဆက်ရဲ့ ဦးထုပ်ထဲ
မပျော်တဲ့လူတွေ
ပျော်တဒင်္ဂကြေးပေးပြီး
မပျော်တဲ့ လောကထဲ
ငုံ့ဝင်သွားကြတယ်။
လောကဓံ
ချောင်းကြည့်ပေါက်ကနေ
ပျော်တော်ဆက်ပြန်လာမလား
တစ်ချက်တစ်ချက်ချောင်းကြည့်ပြီး
ပျော်ချင်ဟန်ဆောင်လိုက်ကြတယ်။
အကြောက်တရားကိုလည်းပျော်ကြရ၊
စိုးရိမ်ထိတ်လန့်မှုကိုလည်းပျော်ကြရ၊
မသေချာခြင်းတွေကိုလည်းပျော်ကြရ၊
ပျော်တော်ဆက်ပျောက်သွားတော့
ရှိတာနဲ့ပျော်ကြရတယ်။ ။
Zephyr
Wednesday, May 29, 2013
အတု၊ အစစ်။
အတု၊ အစစ်။
အစစ်ဟာ
အတုအကြောင်း
မပြောပြတတ်ဘဲ
သေဆုံးသွားရှာပေါ့ ..............။
သေဆုံးသွားတဲ့အစစ်ရဲ့တန်ဖိုးကို
ရှင်သန်သယောင် အတုမှာ
ရှာမတွေ့နိုင်ပြီ။
အရိပ်ကို
ဝတ်ဆင်တဲ့ ပီတာပန်၊
သံချိတ်ကောက်လက်နဲ့ ကက်ပတိန် ဟွခ်၊
နာရီမျိုမိချောင်း တစ်တောက်
အတောင်တဖျပ်ဖျပ်တင်ကာဘဲလ်
...
သူတို့နဲ့အတူ
အမှောင်ဟာအရိပ်ထဲတိုးဝင်နေတယ်။
၁၀၀ ရာခိုင်နှုန်းပြန်မရရင်
ချစ်ခြင်းမေတ္တာတောင်
တစ်စက်မှမလိုချင်ဘူး၊
Neverland နတ္ထိပြည်မှာ .....
အမှန်တရားဟာ
အောင်ပွဲခံသလို
သေချာခြင်းမျိုး
ပြန်မရှာတတ်တော့ပြီ။
ကားလိပ်နောက်ကွယ်မှာ
ငိုသံကို နားမစွင့်မိတော့ ...........
ကိုယ့်ခြေထောက်အောက်မှာတင်၊
ခရီးဟာရှည်လျားပျော့ပြောင်းစွာ
စီးဆင်းညင်သာ။
ချောက်ကမ်းပါးစွန်းမှာ
သူ့ကိုယ်သူ အနိုင်နိုင်ရပ်နေတဲ့
ပခုံးအတုကို
မီတွယ်မိတော့
ကာလတို ပျံသန်းခြင်းကိုသာ
အဆုံးစွန်ချစ်ခင်လိုက်ရတာပါပဲ ။ ။
Zephyr
အစစ်ဟာ
အတုအကြောင်း
မပြောပြတတ်ဘဲ
သေဆုံးသွားရှာပေါ့ ..............။
သေဆုံးသွားတဲ့အစစ်ရဲ့တန်ဖိုးကို
ရှင်သန်သယောင် အတုမှာ
ရှာမတွေ့နိုင်ပြီ။
အရိပ်ကို
ဝတ်ဆင်တဲ့ ပီတာပန်၊
သံချိတ်ကောက်လက်နဲ့ ကက်ပတိန် ဟွခ်၊
နာရီမျိုမိချောင်း တစ်တောက်
အတောင်တဖျပ်ဖျပ်တင်ကာဘဲလ်
...
သူတို့နဲ့အတူ
အမှောင်ဟာအရိပ်ထဲတိုးဝင်နေတယ်။
၁၀၀ ရာခိုင်နှုန်းပြန်မရရင်
ချစ်ခြင်းမေတ္တာတောင်
တစ်စက်မှမလိုချင်ဘူး၊
Neverland နတ္ထိပြည်မှာ .....
အမှန်တရားဟာ
အောင်ပွဲခံသလို
သေချာခြင်းမျိုး
ပြန်မရှာတတ်တော့ပြီ။
ကားလိပ်နောက်ကွယ်မှာ
ငိုသံကို နားမစွင့်မိတော့ ...........
ကိုယ့်ခြေထောက်အောက်မှာတင်၊
ခရီးဟာရှည်လျားပျော့ပြောင်းစွာ
စီးဆင်းညင်သာ။
ချောက်ကမ်းပါးစွန်းမှာ
သူ့ကိုယ်သူ အနိုင်နိုင်ရပ်နေတဲ့
ပခုံးအတုကို
မီတွယ်မိတော့
ကာလတို ပျံသန်းခြင်းကိုသာ
အဆုံးစွန်ချစ်ခင်လိုက်ရတာပါပဲ ။ ။
Zephyr
Friday, April 19, 2013
ဒေါ်လာ2000တန် ဟာသ
ဒေါ်လာ2000တန် ဟာသ
ဟာသဟာ
"မရယ်ရပါလား" ကိုလေချွန်ရင်း ....
လူအတုကို ဝင်တိုက်သွားတယ်၊
ဟာသရင့်မှည့်လာဖို့၊
နည်းနည်းလောက် ငိုပေးရလိမ့်မယ်။
Hercules: Meg, when I'm with you, I-I don't feel so alone.
Meg: Sometimes it's better to be alone.
Hercules: What do you mean?
Meg: Nobody can hurt you.
ဟာသဟာ ကာတွန်းကားတွေ လှိမ့်ကြည့်နေတယ်။
မနက်မနက် ဟာသတစ်ယောက် ထထပြေးတယ်၊ ခြေထောက်ဟာ သယ်ဆောင်နေသလိုလိုနဲ့ ကပ်ခိုလိုက်နေတာပဲ၊ My tears are real! You are not! Madgascar 3 က ဖျံကလေး Stefano ပြောတာပဲ။
Jonathan: Are these monsters gonna kill me?
Dracula: Not as long as they think you're a monster.
Jonathan: That's kinda racist.
(Hotel Transylvania)
Shrek 2 က Fairy Godmother ပြောတာတော့ Remember, happiness is just a teardrop away... ပျော်ရွှင်ခြင်းဟာ မျက်ရည်တစ်စက်အကွာမှာရှိသတဲ့။ အဲဒီလောက်ဝေးရသလားလို့ ဟာသကရေရွတ်တယ်။
Horton: I meant what I said, and I said what I meant.
Morton: [sighs] An elephant's faithful one hundred percent.
Horton: That's my code, my motto.
(Horton Hears a Who! (2008))
Horton တစ်ယောက်တည်းကြားရတဲ့အသံတွေအကြောင်းလို့ ဟာသက သူ့ကိုယ်သူပြောပြတယ်။ သူ့ကိုယ်သူအားပေးတယ်။ သူ့ကိုယ်သူနှစ်သိမ့်တယ်။
ဒီမနက်တော့ ဟာသကိုအကောင်းအတိုင်းတွေ့ရတယ်။
သူမရယ်ရတော့ဘူး။
သူမရယ်နိုင်တော့ဘူး။
တောင့်တင်းအေးစက်နေတဲ့
ဟာသဟာ ....
ဟာသမဆန်တော့ဘူး၊
ဟာသငြိမ်းသွားပြီပေါ့ ...
နောက်ထပ်ဟာသတစ်ယောက်က
ဟာသလုပ်နေတယ်။ ။
Zephyr
19th April 2013 :14:59

Wednesday, April 10, 2013
မွန်းကြပ်ခြင်း
မွန်းကြပ်ခြင်း
တိမ်တွေမှာ ရောင်ပြန်ဟပ်ရင်း ..........
ကောင်းကင်မှာပျံသန်းသွားတဲ့ငါး ................
အသက်ရှူမဝဘူးပြောနေတယ်။ ။
(Zephyr)
တိမ်တွေမှာ ရောင်ပြန်ဟပ်ရင်း ..........
ကောင်းကင်မှာပျံသန်းသွားတဲ့ငါး ................
အသက်ရှူမဝဘူးပြောနေတယ်။ ။
(Zephyr)
Monday, April 1, 2013
ကုမ်တွေထွက်သွားပြီဆိုရင် တကယ်ထွက်သွားပြီမှတ်ပါ။
ကုမ်တွေထွက်သွားပြီဆိုရင် တကယ်ထွက်သွားပြီမှတ်ပါ။
လမ်းတွေဟာ ခြေရာတွေကို သိမ်းထားနိုင်သလောက်သိမ်းထားဖို့ အသုံးဝင်ခဲ့ကောင်းပါရဲ့ .......
ဒီအတွေးဟာ မဆုံးလိုက်ဘူး။
ဆုံးသွားဖို့ မလိုသောအတွေးများပေါ့။
စုသိမ်းလိုက်တဲ့
စာအုပ်တွေဟာ အဖြေပဲ။
ပြန်ပေးလိုက်တဲ့ လက်စွပ်ဟာ အဖြေပဲ။
အသုံးမလိုတဲ့အချစ်ကို
ပြန်လိပ်လိုက်တာ
မှားတယ်ဆိုလည်း မှားတယ်မှတ်။
ငါ ဘယ်သူပါလိမ့် ...၊
boomerang မပစ်တတ်တဲ့ aborigine လား။
ဥပေက္ခာကို ခပ်ဝေးဝေးက ကြားနိုင်သူလား ...
မြားတွေချွန်ရင်း
စစ်ပွဲပြီးသွားတဲ့ လေးသမားလား
လေချွန်သံနဲ့ယဉ်ပါးတဲ့ သိမ်းငှက်တစ်ကောင်လား၊
လိုအပ်လို့ ခေါ်လိုက်တိုင်း
ထထပြေးသွားတတ်တဲ့ တယ်ရီယာတစ်မျိုးလား၊
မသိနိုင်ဘူး။
ဘာမှမရခဲ့တာကို
ဘယ်လိုပြန်ဆပ်ရမလဲ၊
တစ်ခါတစ်ခါ စဉ်းစားမရဘူး။
ရင်နာရတဲ့ဟာသဟာ ပဲ့တင်သံများလွန်းတယ်။
အစစအရာအရာအတွက် ကျေးဇူးပါပဲ။
ပြန်မလာတော့မယ့်သူဟာ
အမှတ်တရတစ်ခုမှမကျန်တဲ့စိတ်နဲ့
သူ့လမ်းသူ လျှောက်ရတာ ပျော်သတဲ့ ။
Happy Easter...................
ပြီးဆုံးသွားတဲ့တေးသံထဲမှာ ............
ဘာတစ်ခုမှ မကျန်ရစ်တော့တာဟာ ပျော်စရာ တကယ် ကောင်းခဲ့ပါတယ်။ ။
Zephyr
Thursday, March 21, 2013
ကမ္ဘာ့ကဗျာနေ့
2013 03 21
ကမ္ဘာ့ကဗျာနေ့။
မဖတ်ဖြစ်တော့တဲ့ ကဗျာစာအုပ်တွေအားလုံးကို
ဆာလာအိတ်ထဲထည့်ပြီးသွားပြီ။
ကဗျာစာအုပ် လက်ဆောင်ပေးခြင်း အထူးသည်းခံပါ။
Zephyr
ကမ္ဘာ့ကဗျာနေ့။
မဖတ်ဖြစ်တော့တဲ့ ကဗျာစာအုပ်တွေအားလုံးကို
ဆာလာအိတ်ထဲထည့်ပြီးသွားပြီ။
ကဗျာစာအုပ် လက်ဆောင်ပေးခြင်း အထူးသည်းခံပါ။
Zephyr
Thursday, March 14, 2013
ဟာသ
ဟာသ
ရယ်စရာဘဝကြီးထဲ
ရယ်နေ
မောနေ
မျက်ရည်စက်များ
တ
လိမ့်
လိမ့် ........................။ ။
Regards,
Z
https://www.youtube.com/watch?v=x1SgFl2v_PU
လောလောဆယ်တော့ ဒီဂျပန်ကီမိုနိုနဲ့တစ်ယောက် Canon တီးတာကို ခိုက်နေမိတယ်။
ရယ်စရာဘဝကြီးထဲ
ရယ်နေ
မောနေ
မျက်ရည်စက်များ
တ
လိမ့်
လိမ့် ........................။ ။
Regards,
Z
https://www.youtube.com/watch?v=x1SgFl2v_PU
လောလောဆယ်တော့ ဒီဂျပန်ကီမိုနိုနဲ့တစ်ယောက် Canon တီးတာကို ခိုက်နေမိတယ်။
ပိုက်ဆံ
ပိုက်ဆံ
ဖိုးကျော်ရဲ့ပိုက်ဆံ ...................။
ငွေအကြောင်းသိပ်မပြောပါနဲ့။
ဝမ်းနည်းဖို့ရာကောင်းတယ်။ ....
ငွေအကြောင်းပြောဖို့လိုနေသေးလား တွေးရုံနဲ့ ............။
လောလောဆယ် ဒီသီချင်းဟာလည်း ကဗျာတစ်ပုဒ်လိုလိုပဲ။
http://www.youtube.com/watch?v=KLgJqd00Ack

Wednesday, March 13, 2013
ကျနော်စောင့်ဖမ်းနေတဲ့ လရောင်ဟာ သန်းခေါင်ယံ အနောက်နားမှာ
ကျနော်စောင့်ဖမ်းနေတဲ့ လရောင်ဟာ သန်းခေါင်ယံ အနောက်နားမှာ
ဝပ်ပုန်းနေလိုက်တယ်၊ တရွှီးရွှီးဖြတ်သန်းသွားတဲ့ ကျည်ဆံတွေ၊ ခမောက်ပေါ်ကနေကျော်တက်၊ တစ်ချို့လည်းပွတ်ကာသီကာလေး၊ ဝပ်ကျင်းထဲမှာ အချိုရည်ကိုငှဲ့တယ်၊ ကျေးဇူးတော်ကို မချီးမွမ်းဘူး၊ သောက်ချပစ်လိုက်တယ်၊ အဲဒီလို နံနက်ခင်းထဲမှာ နေထိုင်တယ်။ ထွက်မပြေးဘူး၊ တစ်နေရာထဲမှာ ခုခံတယ်။ ရန်သူက ကိုယ့်စိတ်၊ နလံမထူနိုင်သော ဒဏ်ရာတွေနဲ့၊ ကိုယ့်ကိုယ်ကိုသနားဖို့ ဖဲတစ်ချပ်လိုသွားတာမျိုး။ မနက်ဖြန်အတွက်လည်း သိုးနေတဲ့ ပေါင်မုန့်တစ်လုံးတော့ အမှိုက်ပုံးထဲကနေ ရနိုင်သေးတယ်။ လူသားဂုဏ်သိက္ခာနဲ့ ထွန်းညှိထားတဲ့ ဆီမီးရောင်မှိန်မှိန်၊ ကြယ်ရောင်ဖျဖျ၊ အနန္တစကြဝဠာမှ မမှိုင်းမနိုင်သော တန်ခိုးရှင်ကြီးများ၊ တန်ခိုးရှင်လေးများ၊ တန်ခိုးအာနုဘော် လုံလောက်ဟန်မတူသေးသော ပုဂ္ဂိုလ်ထူးပေါက်စလေးများ၊ ရှိခိုးပူဇော်ခြင်းကို ခံယူတော်မူထသော ကျွန်ုပ်၏ အနာဂတ်အလင်းရောင်၊ ကျွန်ုပ်လဲကျလျှင် ဖေးမထားပေးမည်ဟု ယုံကြည်ယူဆထားသော လက်များ/လေဟာနယ်များ၊ မင်းကျရှုံးတိုင်း အတူရှိမယ်ဆိုခဲ့သော သူငယ်ချင်းများ/မြေနိမ့်ချိုင့်ဝှမ်းများ နေရောင်ခြည်ကအစ သိုးနေပြီ။ ကျွန်တော်တို့နေ့တွေမှာ သိုးနေတဲ့ပေါင်မုန့်ပေါ် သိုးနေတဲ့နေခြည်တန်းကျတာကို ကျေနပ်ထွေးပွေ့နိုင်တဲ့ အမှိုက်ပုံးကို ကြည့်ရင်းပျော်တတ်လာ။ ရှင်သန်နေထိုင်ခြင်း=သေဆုံးလဲကျခြင်း ဖြစ်မှန်းမသိဖြစ်လာ ချစ်သူခင်သူများ=လူစိမ်းများ ဖြစ်မှန်းမသိဖြစ်လာ ကိုယ့်အရိပ်ထဲ ကိုယ်ပြန်ခိုဝင်လောက်အောင် ပျော့ပြောင်းသူတော့မဖြစ်ခဲ့ဘူး။ ဘဝတိုတိုလေးမှာ သံယောဇဉ်တိုတိုလေးနဲ့ ပြဇာတ်တွေတိုတောင်းလာ။ ညနေခင်းကိုရောက်ဖို့ တစ်နေကုန်ဖြတ်သန်းရတာပဲ၊ စက္ကန့်တံတွေ အသံကျယ်ကျယ်ပြုလာတဲ့ ငြီးငွေ့ဖွယ် ဧည့်ခန်းထဲ တစ်ယောက်တည်းဖြတ်သန်းနေသလိုပေါ့၊ ခေါင်းပေါ်က ကျည်ဆံတွေဟာ ပျံနေတဲ့ပျားတွေလား ပျံနေတဲ့မြားတွေလား၊ အိမ်ပြန်သွားတဲ့စိတ်ကို ဘယ်လိုပြန်မျှားယူရမလဲ၊ သေခြင်းတရားနဲ့နီးလာတိုင်း စိတ်တွေဟာ ပိုလွင့်သွားတတ်တာမျိုးလား။ မရှိခြင်းတရားရဲ့ အဂ္ဂဘုံကို ဒီလိုပဲ လှိမ့်ဆင်းသွားလိုက်မှာလား၊ ပန်းပွင့်တွေ၊ တိမ်တိုက်တွေ၊ စစ်ပွဲတွေနဲ့၊ ရန်ငြှိုးတွေ၊ ဒါတွေကို ထားခဲ့ပြီး ဟိုဘက်ကို ကူးလိုက်ရမှာလား၊ အတုအယောင်ချစ်ခြင်းတွေ၊ ဗလာမျက်လုံးတွေ ဒါတွေနဲ့ဝေးရင်ကောင်းတာပဲ။ တေးသံတွေမရှည်စေနဲ့၊ ဓားသွားတွေမလိပ်စေနဲ့၊ ပေါက်ကွဲစေတတ်တာတွေ စနက်တံဖြုတ်ပြီးရင် ဝေးဝေးကိုပစ်၊ လက်ထဲဆုပ်ကိုင်မထားနဲ့၊ နှလုံးသားနဲ့ဆုပ်ကိုင်မထားနဲ့ တွဲကိုဖြုတ်ချလိုက်တော့၊ လှေကို ကြိုးဖြည်လိုက်၊ ရေအိုးကိုလည်းခွဲလိုက်၊ ကျည်ဆံတွေတဖြောဖြော၊ အလဟဿပျံသန်းနေတယ်။ ပစ်မှတ်ရဲ့စစ်မှန်မှုအတွက် သက်သေလား၊ ငြီးငွေ့ခြင်းရဲ့ သင်္ကေတလား မယ်မယ်ရရ မကွဲပြားဘဲ ဝပ်နေရာက ထရပ်လိုက်မိတော့ လရောင်ထဲ အနီရောင်ဆေးတွေ နည်းနည်းရောသွားတယ်၊ မချိုလွင်တဲ့ပုံပြင်တွေဟာ ဘုတ်ခနဲပြန်ပြုတ်ကျသွားတဲ့နောက်မှာ ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ရှာမရတော့ပြန်ဘူး။ ။
Regards,
Zephyr
၁၃ ရက် ၃ လ ၂၀၁၃

Monday, March 11, 2013
ရောင်စဉ်ကန်းငှက်
ရောင်စဉ်ကန်းငှက်
တစ်ချိန်ချိန်မှာ
တစ်ယောက်ယောက်ဟာ
ဒါကို ကြုံရတာပဲ။
ကိုယ့်ဒုက္ခသေးသေးလေးကို
ပိုးမွေးသလိုမွေးထား၊
မိုးသစ်တောထဲ ကြီးပြင်းတဲ့
အတောင်မဲ့ငှက်များ ပျံမရသလို၊
ဦးခေါင်းတယမ်းယမ်းနဲ့
ငှက်ကုလားအုတ်တစ်ကောင်ရဲ့
သိပ်လှတဲ့ မျက်လုံးနဲ့မျက်တောင်
ပျံတက်မသွားနိုင်ဘူး၊
အပြေးဘယ်လောက်မြန်မြန်။
ပင်ဂွင်းတွေပျောက်ဆုံးသွားတဲ့နိဗ္ဗာန်၊
ရတုန်းကလည်း
သိလိုက်ပုံမရဘူး။
အခုတော့
ငါးတောင်းသလို
တောင်ပံလေးတကားကား၊
ချစ်စရာလိုလို၊
သနားစရာလိုလို၊
ရေခဲငွေ့ပေးထားတဲ့ လေထုလေးတစ်ခုကလွဲရင်
အခန်းကျဉ်းလေးတစ်ခု၊
ရေကူးကန်ပါတဲ့
ငရဲဘုံအသေးစားလေးတစ်ခု ရခဲ့ရုံပဲ
အန္တာတိကရဲ့ ရနံ့ချိုလွင်
တစ်စမှမရတာတော့ အသေအချာ။
တစ်နေရာကို
ပျံထွက်သွားဖို့
တစ်ကောင်ကောင်ကို
နှုတ်သီးနဲ့ဆိတ်ဖို့၊
ပိုက်ကွန်မပါတဲ့ကောင်းကင်မှာ
တစုံတရာကိုရှာဖွေချင်တယ်။
ပျားစားငှက်လေးဟာ
အတုပ်မခံရအောင်
ဖမ်းမိတဲ့ ပျားကို
တစ်ခုခုနဲ့အရင် ရိုက်သတ်လိုက်တယ်။
ကျွမ်းကျင်ရာလိမ္မာ၊
ခံစားချက်များ မလိမ္မာ၊
တိတ်ဆိတ်တဲ့စိတ်ထဲ
အမှိုက်ဖွသူများကို
၁။သတိပြု၊
၂။သတိကြီးစွာပြု၊
၃။ အလွန်သတိကြီးစွာ သတိပြု၊
၎။လွမ်းဆွတ်၊
၅။မကြံစည်တတ်တော့ပါ။
အဖြေမှန် နံပါတ် ၅(ဟုထင်)။
မိုးသည်းထန်စွာရွာပြီး
စိုကျန်ခဲ့တဲ့ဖယောင်းတောင်ပံ
တဖျပ်ဖျပ်ခါလိုက်ရုံနဲ့
ခြောက်သွေ့သွားတဲ့
အပြာရောင် ကြက်တူရွေးလေးတစ်ကောင်ကို
ငေးကြည့်၊
စိုစွတ်နေသော မိုးရေစက်များ၊
စိုစွတ်နေသော မျက်ရည်များ
စိုစွတ်နေသော စိတ်ခံစားချက်များ
...
...
...
ဒီဘဝရဲ့
ရေစိုတောင်ပံတစ်စုံ
ပြန်ခြောက်နိုင်ဖို့
တစ်ကောင်တည်းကျန်တဲ့အောက်ချင်းငှက်
အမြင့်ဆုံးအထိပျံတက်သွားတယ်။ ။
Zephyr
(Current Track: Love is a losing game-Amy Winehouse)
Notes: မိုးရွာတုန်း စင်ကာပူ ငှက်ဥယျာဉ်ထဲ tram နဲ့ပတ်စီးလိုက်ရင် ဒါမျိုးလေး ရလာတာပဲ။

Friday, March 8, 2013
ပြန်မလာတော့သောတိမ်တိုက်များ
ပြန်မလာတော့သောတိမ်တိုက်များ
လေနှင်ရာ
တသုန်သုန်မျောလွင့်ရင်း
အလန့်တကြား
ကြေကွဲလိုက်ဖို့
အသင့်မဖြစ်မီ
ပြိုပျက်သွားသော
တိမ်တိုက်တွေကို ငေးလွင့်နေသည့်အကြည့်များကိုကောက်သိမ်း သပ်ရပ်ချိတ်ဆွဲဒဏ်ရာများကိုပွတ်သပ်၊ပိုလျှံ သောကများကို စနစ်တကျစွန့်ပစ်၊ထားရာနေစေရာသွားလေ့မရှိသော လွမ်းဆွတ်မှုအမည်နာမများဖြင့် အိပ်မွေ့ချခံလိုက်ရသော သူရူးတစ်ယောက်၏ ပျောက်ဆုံးလမ်းသွယ်များကိုရေတွက်ရင်း ပျော်ရွှင်မှုအကြောင်း အနည်းငယ်ပါဝင်သော ဂီတကို သွေးပြန်ကြောအတွင်းသို့ထိုးသွင်းခြင်းဖြစ်စဉ်ကို ကြိမ်ဖန်များစွာပြုလုပ်။ ကြိုးများစွာတို့၏ ရှုပ်ခြင်းတဒင်္ဂ။
ဟန်ဆောင်မျက်နှာဖုံးများ၏ အရောင်အသွေး လှပဆန်းကြယ်မှုကို လေးနှစ်တိုင်အံ့သြမင်သက်၊ ကျေးကျွန်များကျွန်ဘဝမှလွတ်မြောက်သွားသည့်ရသကိုစာနာနားလည်၊ ကျယ်ပြောသည့်လောကအတွင်း ခိုင်းဖတ်ရှာသူနှင့် ထိုသူကို ချစ်မိသူတစ်ယောက်အကြောင်းဟာသတစ်ပုဒ်ကို ဖတ်ရှုနာကျင်၊ အထီးကျန်ချိန်ပျော်တော်ဆက်တစ်ယောက်၏ နိဂုံးသည် ထင်သလောက်ရယ်စရာမကောင်းခဲ့ပါ။
စိမ့်ဝင်ပျော်ကျသွားသော ခါးသက်သက်စကားလုံးများ၊ "ကိုယ်ချစ်တဲ့ လူတစ်ယောက်ရင်ဘတ်ထဲမှာ ကိုယ်ဘာကောင်ဖြစ်နေမလဲဆိုတာ သူထုတ်ပြောမှ သိလိုက်ရမှာ"ဆိုသည့် ဒဿနတရား၏ စစ်မှန်ရိုးရှင်းမှန်ကန်အကြွင်းမဲ့မှုကို သံဝေဂကြီးစွာနာယူ၊ အိမ်မက်များသည် စေးပျစ်ကြပ်ခဲနေသောကြောင့် အိပ်စက်ခြင်းများဖြတ်သန်းစီးဆင်းခွင့်မရ၊ နေမကောင်းသောစိတ်များ၊ နေမကောင်းသောစိတ်များ၊ နေမကောင်းသောစိတ်များ၊ ကျစ်ကျစ်လျစ်လျစ်ဖြစ်လာသော နေမကောင်းသောစိတ်များ၊ မာခြင်းအဆင့်နှင့်အတူ စုစည်းဝန်းဖွဲ့လာသော နေမကောင်းသောစိတ်များ။ အလင်းပြန်နေတတ်သော မှန်များကျကွဲသွားပြီးနောက် ပုံရိပ်ယောင်ကင်းမဲ့ခြင်း၏ အထီးကျန်သွေ့ခြောက်မှုကို ကျကျနနလက်ခံလိုက်သည့်တစပ်တဆက်ဖြစ်စဉ်ကိုပင် ကောင်းချီးမင်္ဂလာတော်မြတ်ဟုထင်နေ။
သိပ်ပျော်စရာကောင်းခဲ့ပါသည်ခင်ဗျား။ ။
Regards,
Zephyr
Thursday, February 14, 2013
ဖေဖော်ဝါရီ ၁၄။
ဖေဖော်ဝါရီ ၁၄။
တစ်ဖက်တည်းတီးတဲ့လက်ခုပ်၊
တစ်ခြမ်းပဲရေးတဲ့စာ
တစ်ယောက်ပဲသိတဲ့ မျက်ရည်၊
တစ်ရောင်ပဲရှိတဲ့ ကင်းဗတ်စ်
တစ်ကြောင်းတည်းဆွဲတဲ့မျဉ်း၊
တစ်ရက်ပဲခံတဲ့ ပန်းပွင့်များ .................။ ။
(Zephyr)
တစ်ဖက်တည်းတီးတဲ့လက်ခုပ်၊
တစ်ခြမ်းပဲရေးတဲ့စာ
တစ်ယောက်ပဲသိတဲ့ မျက်ရည်၊
တစ်ရောင်ပဲရှိတဲ့ ကင်းဗတ်စ်
တစ်ကြောင်းတည်းဆွဲတဲ့မျဉ်း၊
တစ်ရက်ပဲခံတဲ့ ပန်းပွင့်များ .................။ ။
(Zephyr)
Wednesday, February 13, 2013
February
February
လွမ်းဆွတ်သူများ
လွမ်းသူ့ပန်းစည်းများဖြင့်
ချစ်ခင်သူများ …
ဆိပ်ဖလူး အနမ်းများဖြင့် …
သံသရာ တစ်အိမ်တက်တစ်အိမ်ဆင်း ……..
ချစ်ခြင်း၏ ချောကလက်ရောင်စဉ်များထွန်းညှိရင်း ….
သွားကြလာကြ ……………။
ဘ၀တဏှာ
မဟုတ်ဘူး အဲဒါ ဒိုင်ဗင်ဘုတ်ပါ
ခုန်ဆင်းလိုက် …
လေထဲမှာဂျွမ်းထိုးကြည့် …
ရေရှိမရှိ …
ကန်ထဲရောက်ရင်သိမယ် ………..။
ဖေဖော်ဝါရီ …၊
အိမ်မက်မှန်းသေချာလို့
နည်းနည်းလောက်စွန့်စားကြည့်တဲ့
ကစားကွင်းလေး။
ရင်ခုန်သံကိုဖြစ်ဖြစ်၊
ကြေကွဲမှုကိုဖြစ်ဖြစ်၊
နှလုံးသားစိုးရိမ်ရေမှတ်ထိ
စွန့်စားဝယ်ယူရတဲ့ဈေးတန်းလေး။
အကြွေးမရောင်းပါတဲ့ …
သံယောဇဉ်မျက်စောင်းတွေရောင်းတဲ့ဆိုင်လေး …
ယဉ်ယဉ်လေးငေးနေရတယ်။ ။
Zephyr
တစ်ချိန်တုန်းက ကဗျာ။ အခုအချိန်မှာ ပျော်ရွှင်တယ်ဆိုတာကို နားလည်မိလာပြီ။ တန်ဖိုးထားရမယ့် အချစ်ဆိုတာကိုလည်း နားလည်လာခဲ့ပြီ။ လူစိမ်းတွေရဲ့ ဥပေက္ခာတရားကို အပြုံးလေးတစ်ခုနဲ့ မေ့ထားနိုင်ခဲ့ပြီ။ စိတ်ချမ်းသာမှုနဲ့ ဆန့်ကျင်ဘက်တရားတွေနဲ့ ဝေးဝေးမှာထိုင်နေတတ်ခဲ့ပြီ။ ကိုယ်ချစ်တဲ့ လက်တစ်ဆုပ်စာလူနည်းစုထဲက မလိုတဲ့သူတွေ ထုတ်ပစ်လိုက်တာကိုလည်း ပေါ့ပါးပျော်ရွှင်တတ်ခဲ့ပြီ။ ကိုယ့်ဘဝကို ကိုယ် အပြည့်အဝရှင်သန်နေထိုင်တယ်။ ဖြစ်တည်ရုံသက်သက်မဟုတ်ဘူး။ အခုမှ ကြားဖူးတဲ့ စကားပုံလေးတစ်ခုကို ခဏခဏရွတ်နေတဲ့သူတွေကိုလည်း နားလည်ဖို့မခက်ဘူး။ ကိုယ့်လမ်းကိုယ်ရွေးသွားပြီး တစ်ချိန်ချိန်မှာ နောင်တရတဲ့လူအမျိုးအစားထဲမှာလည်း မပါတာကြာပြီ။ အသက် ၃၁ လူသားတစ်ယောက် ခြေလှမ်းမှန်မှန်နဲ့သူ့ဘဝသူ လျှောက်သွားတယ်။ သူ ဘယ်သူ့ အကူအညီမှ မယူဘူး။ ဘုရားသခင်တွေ၊ ကံတရားတွေကိုတောင် စကားထဲထည့်မပြောတာကြာပြီ။ (ကျွန်တော့်ဘဝအတွက်တော့ သူတို့ဟာ တော်တော်လေး အရေးမပါဘူး။ မိဘတွေ စိတ်ချမ်းသာဖို့လောက်ပဲ အသုံးကျတယ်။)
ဘဝဆိုတာလည်း အဲဒါပဲထင်ပါတယ်။ ကိုယ်ယုံကြည်တာမှာ ရဲရင့်လိုက်ဖို့ပဲ။
အမှားနည်းနည်းတော့ရှိတယ်။ လူစိမ်းတွေကို ခင်မင်ခဲ့မိတာနဲ့ ယုံကြည်မိခဲ့တာ နည်းနည်းပေါ့။ သက်ပြင်းကိုမှုတ်ထုတ်လိုက်ပြီးရင် စိတ်ပြန်ချမ်းသာသွားတာပဲ။ ကိုယ့်လမ်းကိုယ်သွားတာမှာ မြေပုံတွေ၊ပြဇာတ်တွေမလိုဘူး။ ခြေလှမ်းတွေကိုပဲပြင်ဆင်လို့ရတယ်။ ခရီးကိုတော့ ပြင်လို့မရဘူး။ ထွက်သွားပြီး အဝေးကြီးရောက်သွားတဲ့အခါ အားလုံးဟာဝေဝါးသွားတာပါပဲ။
Friday, February 8, 2013
စုံလုံကန်းအဝါ။
အလွမ်းလူထွက်တွေနဲ့
အသည်းကွဲ လူပြက်တွေ၊
ရယ်နေလား၊ ငိုနေလား၊
မျက်ရည်ဟာသတခွဲသားတွေနဲ့၊
တွေ့ နေ ရ သေး တယ် ။ ။
Zephyr
(facebook မှာ ရေးထားခဲ့ဖူးတဲ့ စတေးတပ်စ်၊ တိုနှံ့နှံ့ကဗျာ)
Monday, February 4, 2013
အဆင်ပြေသလိုနေထိုင်ခြင်း
အဆင်ပြေသလိုနေထိုင်ခြင်း
အဆင်ပြေသလိုနေပါ။
အဆင်ပြေသလိုနေပါ။
တယ်လီဖုန်းရဲ့
တစ်ဖက်တစ်ချက်က
ဆုံးမစကားလိုလို
အကြံပေးသွန်သင်မှုလိုလို
ကြားတယ်။ ကြားတယ်။ ကြားတယ်။
နားနဲ့လည်းမဆံ့ဘူး။
ကြားတယ်၊ကြားတယ်၊ကြားတယ်။
လေနဲ့ခြစ်မိပြီး
မီးလောင်ပြာကျသွားတဲ့ ဥက္ကာခဲလေးကို
လှလို့ကြည့်နေမိတယ်။
အဆင်ပြေသလိုလေး၊ အဆင်ပြေသလိုလေးပါပဲ။
အဆင်ပြေပါတယ်။
လောကနဲ့လည်းအဆင်ပြေ၊
ကိုယ့်စိတ်နဲ့လည်းအဆင်ပြေ၊
တောင်ထိပ်ကငုံ့ကြည့်တော့
ကောက်ကွေ့မြစ်လေးဟာလည်း အဆင်ပြေ၊
တောင်ထိပ်ကမော့ကြည့်တော့
ပျံလွှားငှက်လေးဟာလည်း အဆင်ပြေ၊
အဆင်ပြေသလိုနေပါ
အဆင်ပြေသလိုနေပါလို့
ရွတ်ရင်း
ပုတီးပဲစိပ်ရမလိုလို၊
ခိုစာပဲရောင်းရမလိုလို
ဖြစ်ရတယ်။
ကြယ်လေးတွေကြည့်နေတယ်။
ကောင်းကင်မှာ
အဆင်ပြေသလို
ဘယ်သူချိတ်ထားပါလိမ့်၊
အဆင်ပြေကြမှာပါ။
အဆင်မပြေတဲ့နေ့
ကြွေကျသွားတော့လည်း
အဆင်ပြေတာပါပဲ။
(ရိုးသက်ကဗျာကိုဖတ်ရင်း
အဆင်ပြေနေခဲ့တယ်။
လေလွင့်သူပြန်ဖတ်ရင်း
ဂျုံခင်းထဲမှာ ကလေးတွေပြေးနေတာတွေ့တယ်။
အဆင်ပြေတာပါပဲ၊
ညောင်ဦးမှာ ဧရာဝတီမြစ်ကြီး
ပက်လက်လန်နေတာတွေ့တော့လည်း
အဆင်ပြေတာပါပဲ၊
တုရင်တောင်ကို ဂျစ်ကားနဲ့တက်တော့လည်း
အဆင်ပြေတယ်။)
ခင်ဗျားတို့ရော အဆင်ပြေရဲ့လားလို့
မမေးတော့ဘူး၊
အဆင်မပြေတဲ့နေ့
သေကြရမှာပဲမဟုတ်လား။
မသေခင်
အဆင်ပြေအောင်နေပေါ့၊
ကိုယ့်စိတ်နဲ့ပဲဖြစ်ဖြစ်၊
ငုပ်နေတဲ့ ခြေစွယ်လေးနဲ့ပဲဖြစ်ဖြစ်၊
အဆင်ပြေအောင်နေမှပေါ့။
ဘဏ်ငွေစာရင်းမှာ
သုညတွေများလာတာ
အဆင်ပြေတာပေါ့၊
စိတ်ထဲမှာ
ကွက်လပ်တွေများလာတာ
အဆင်ပြေတာပေါ့၊
သတိတရ၊အလွမ်းတွေအစား၊
သီချင်းတွေရောက်နေရင်
အိုကေတယ်။
ကိုယ့်ဂိုး ကိုယ်ပြန်သွင်းတာမှာ
သိပ်သွေးကြောင်နေစရာမရှိဘူး။(ကိုအက်စကိုဘာ)
(သစ်ပင်တွေချစ်ရာကနေ၊
ဝယ်လိုအားမျဉ်းကွေးတွေချစ်သွားတဲ့သူဟာ
အဆင်ပြေတာပေါ့၊
ကဗျာတွေဖတ်နေရာက
စာရင်းအင်းပညာနိသျည်းကို ကောက်ကိုင်နေတာ
အဆင်ပြေတာပေါ့၊
နေဝင်ချိန်တွေထိုင်ကြည့်နေရာက
စတော့ခ်ရှယ်ရာ ကိန်းဂဏန်းတွေ ကြည့်နေမိတာ
အဆင်ပြေတာပေါ့၊
ကိုယ့်ထွက်သက်ထက်
အနာဂတ်စီးပွားရေး အလားအလာကို မျက်စပိုပစ်မိတာ
အဆင်ပြေတာပေါ့။
လက်သီးကို လေထဲ ဝှစ်၊ဝှစ်ဆိုပြီး ထိုးကြည့်တော့၊
ဗိုက်လေးနေတာ သတိထားမိတယ်။
အဆင်ပြေသလိုလေး နေရင်း
အဆင်ပြေသလိုလေး ဝလာပုံရတယ်။
ဒါပေမယ့် အဆင်ပြေတယ်။)
ဆုံးသွားတဲ့ အဘွားနဲ့အမေကိုလည်း
မေတ္တာပို့၊အမျှဝေရင်း
အဆင်ပြေအောင်နေကြလို့ ပြောရတယ်။
မလေးရှားကအဖေ့ကိုလည်း
အဆင်ပြေအောင်နေလို့ ပြောရတယ်။
"အဆင်ပြေအောင်နေ"ကို
Hi,Hello ထက်ပိုသုံးမိတယ်။
အဆင်ပြေသလိုနေကြပါ။
အဆင်ပြေသလို နေရစ်ပါ။
အဆင်ပြေသလို ....
ဒီသုံးလေးကြောင်းကို round chord လေးထည့်ပြီး
သီချင်းလုပ်ဆိုကြည့်ဖို့ကောင်းတယ်။
ခင်ဗျားမပျင်းတတ်ရင်ပေါ့လေ။
(အားလပ်ရင်
AKG အကူးစတစ် နားကြပ်ကြီးတတ်ပြီး၊
ကြောင်စတီဗင်ရဲ့ သီချင်း ရိုင်းကြမ်းတဲ့ကမ္ဘာ(wild world) ဖြစ်ဖြစ် နားထောင်နေမိတယ်။
အဆင်ပြေတယ်။
ပထမအရှဟာ အနက်ဆုံး(the first cut is the deepest) ဆိုရင်လည်း အဓိပ္ပာယ်သိပ်ရှိတယ်။
အဆင်ပြေတယ်။ သိပ်ကို အဆင်ပြေတယ်။)
အပ္ပမာဒေန၊ သမ္ပာဒေထ အဆင်ပြေသလို နေရစ်ကြလို့
ဘာသာပြန်လို့ရလောက်မယ်ထင်တယ်။
သို့သော်လည်း
အဆင်ပြေနေရင်ပြီးတာပဲ မဟုတ်လား။
ကိုယ့်အဆင်နဲ့ကိုယ်ပြေကြပါစေလို့
ပြောင်းပြီးမေတ္တာပို့ရမလိုဖြစ်နေပါပြီ။
အဆင်ပြေခြင်းကိုပဲ
တခုတ်တရရေးဖို့မကောင်းဘူး။
ဒါဟာ
ဘာမှရေးလောက်တဲ့အကြောင်းမဟုတ်ဘူး။
စိတ်ထဲ အဆင်ပြေနေရင်တော်ပြီပေါ့၊
မဟုတ်လား။
အဆင်ပြေပြေလှိမ့်ဆင်းလာတဲ့ ကျောက်တုံးလေး၊
တလိမ့်လိမ့်၊
ကျနော့်ရင်ဘတ်ထဲမှာ ခရီးသွားနေတယ်။
ခင်ဗျားလည်း အဆင်ပြေအောင်နေဦးနော်။
ကျနော်ကမှာတယ်။
ကျနော့်ကိုယ်ကျနော်။ ။

Subscribe to:
Posts (Atom)