ခါးသက်စိတ်လက်မှုအမျှင်မပြတ်
တလိမ့်လိမ့် လိမ့်ကျသွား
ခန္ဒာတစ်ခု လှေကားတစ်လျှောက်၊
ဇာတ်ဝင်ခန်းရဲ့ အခင်းအကျင်းမျိုး
ဘာထူးလဲ သံသရာ၊
မမြင်ရသော လှေကား၊
မမြင်ရသော တလိမ့်လိမ့် ... မမြင်ရသောစိတ် ..
သိရုံမျှလေး ခံစားနာကျင်၊ သေလုမျောပါး၊
ဒဏ်ရာကို လက်နဲ့အုပ်စရာ၊ ဒဏ်ရာနဲ့လက်မရှိ၊
နာကျင်ခြင်းသက်သက်၊
စိတ်ရဲ့ ပွိုင့်လေးတစ်ခုမှာ နာနေတာ။ .
.. နာခြင်းသဘောထင်ရှားနေတာ၊
ဘယ်သူမှမရှိရင် ငါတို့ဟာ ဘယ်သူတွေလဲ ..................။
မေးခွန်းကဝေးသထက်ဝေးသွားတယ်။
နီးလာတာ သေခြင်း ...
တရွေ့ရွေ့လာရမယ့်အစား ဘာလို့ပြေးလာတာလဲ၊
ဒီအခန်းကိုပြန်ရိုက်ကြမယ် ....။
ဖလင်ရှိသလောက်လေး အကောင်းဆုံ:.....။
အလုံပိတ်အခန်းထဲ အော်သံတစ်ခုပိတ်မိနေသလို၊
အောက်ဆီဂျင်ကလွဲရင် ဘာမဆိုရှိနေတဲ့အရန်ခုံမှာ
အသက်ကြီးသွားတဲ့အားကစားသမားလို
သော့ခတ်လိုက်တဲ့အသံလို ... ချောက်ခနဲ
စိတ်ပိတ်သွားတယ်။
ကောင်းကင်မှာ ကြွေကျပြီးသားကြယ်လေးကို တစ်သက်လုံးကြည့်နေမိသလို
ကျောပြင်လေးတစ်ခုက နှလုံးသားကို ကျောရရုံကြံသွားတဲ့ လမ်းခွဲကို ငေးကြည့်နေမိသလို ....
သွေးပူလေ့ကျင့်ခန်းဆင်းပြီး ......... အရန်ခုံမှာထိုင်ဖို့ အသင့်မဖြစ်ချင်သလိုမျိုးပါ။
ဒဏ်ရာအစစ်တွေ
ကြာတော့မနာတော့ဘူး၊
ထုံလာတယ် ကိုယ့်လူ၊
ဆေးလိပ်မီးညှိရင်း ... တိုးတိုးလေး ကြေကွဲပါတယ်။
ဘာကိုသစ္စာဆက်ရှိရမှန်းမသိတော့တဲ့ သုံ့ပန်းလိုပေါ့
ရန်သူကို မချိန်ချင်ရင် ကိုယ့်နားထင်ကိုယ်ချိန်လိုက်ရုံပဲလေ။
နောက်ဆုံး အားအနည်းငယ်ကျန်ရစ်တဲ့ လက်ညှိုးလေးထဲမှာ ချစ်ခြင်းတရား ........
လှိုင်းတိုမီတာ သုံးဆယ်မှာ လွှင့်နေတဲ့ အစီအစဉ် အဖြင့် မကြာမီ .. ကွေးညွတ်ခြင်းယဉ်ကျေးမှုကို တင်ဆက်မှာဖြစ်ပါတယ် .. ရှင် …..။
ဒီဇာတ်လမ်းဟာ ဒီလောက်ပါပဲ။
ကျန်တာတွေတော့ ကျည်ဆံလေး သယ်သွားပြီ။ ။
No comments:
Post a Comment