Friday, February 18, 2011

ကမ္ဘာကြီးနေမကောင်းပါ

ကမ္ဘာကြီးနေမကောင်းပါ


အပေါစားဖျော်ဖြေရေးထဲ ကိုယ့်အမည်နာမထည့်ပေးလိုက်ရမှာပျင်းတယ်။
ကိုကာကိုလာထဲက သကြားတွေလို
အေးခဲချိန်ကုန်သွားမှ
အရသာမဲ့ချိုမြိန်မှုကြီးနဲ့ လက်ကျန်ကြီးမြတ်ရမှာ ရွံတယ်။

လူတွေကိုကြည့်တော့
တန်ဖိုးလှော်တက်ကိုယ်စီနဲ့
ဘ၀ကိုလှော်ခတ်လို့၊
တစ်ချို့ကလည်း လူမှုရေးကို ရွက်လွှင့်လို့၊
ဘာသာတရားကို စကားလုံးတွေနဲ့ပစ်ပေါက်လို့၊
ဒါနဲ့ ….ဘုရားသခင်သေပြီဆိုတာယုံခဲ့ကြပြီး
ကဗျာသေပြီဆိုမှ (ကဗျာ)ထရေးနေတာ မနုံလွန်းဘူးလား။

ကမ္ဘာပေါ်မှာ လူတွေသိတာ နည်းနည်းလေး၊
လူ့ဦးနှောက်ကသေးသေးလေး
ရတဲ့အချိန်က တိုတိုလေး ….
တကယ်တော့ …
Homo sapiens ကနေ Human ဖြစ်လာတယ်။
(ကိုယ့်ကိုယ်ကို သိသူကြီးတွေလို့ သတ်မှတ်ခဲ့ကြတယ်။)
လူတွေဟာ diurnal ဖြစ်လို့ အိပ်စက်ကြရတယ်။
ကိုယ့်ဘ၀ကို တစ်ဝက်သာသာ နေထိုင်သွားကြတယ်။
ဘ၀မှာ တန်ဖိုးရှိတာတစ်ခုခု မလုပ်နိုင်တဲ့အခါ
လူတွေ ကဗျာစရေးလာကြတယ်။

ကမ္ဘာမှာ မဖြစ်ချင်တာတွေ
မရပ်တန့်နိုင်ဘူး။
သေခြင်းတရားကိုပြေးနေတဲ့
ဇရာ ရထားကို မရပ်တန့်နိုင်ဘူး၊
ချစ်သူရဲ့အပြုံးကိုတောင်
ဘီယာဖန်ခွက်တွေလို အမြဲခဲစိမ့်အေးမြမြလေး
သိုလှောင်မထားနိုင်ဘူး။
အဲဒီလောကမှာ …
ဘာတွေ သိပ်အများကြီးမျှော်လင့်နေတာလဲ။

လူအဖြစ်မှာ
လူမဖြစ်သေးသူတွေကို
ဗုဒ္ဓနည်းနဲ့ဖြစ်ဖြစ်၊
အိုက်ခမန်းနည်းနဲ့ဖြစ်ဖြစ်
လျော့သွားအောင်
ဘယ်သူတွေလုပ်ကြမှာလဲ။

ဒီဘ၀ကို သေဆုံးဖို့နေသွားသူတွေ၊
နောက်ဘ၀အခက်အခဲကြောက်လို့ လှူဒါန်းနေသူတွေ၊
လူသားရဲ့မြင့်မြတ်မှုကို
ရှာတွေ့မသွားသူတွေ…
သူတို့တွေအားလုံး ဒီသင်္ဘောထဲမှာပါတယ်။
သင်္ဘောမှောက်ခါနီးမှာမှ လာဆုံရသလိုဖြစ်နေတော့
ချစ်တဲ့သူဖြစ်ဖြစ်
မချစ်တဲ့သူဖြစ်ဖြစ်
ခဏတော့ပြုံးပြလိုက်မိတယ်။(စိတ်ပါလက်ပါ)

နေ့တွေညတွေက
မောဟနဲ့နာနေတဲ့တရားလို
ဘာမှကိုမကြားလိုက်ရဘူး
ဘ၀ဟာ
အမှောင်ထဲမှာ
အမှောင်ကိုမြင်နေရတယ် ဆိုတဲ့ လူရဲ့
ညည်းတွားသံပါပဲ။
လက်နက်ချသံပါပဲ။

အခုရှူလက်စ ၀င်သက်လေးဆုံးသွားတဲ့အထိတောင်
စိတ်ချမ်းသာဖို့
အာမခံချက်မရထားတဲ့အတွက်
ဒီဒုလ္လဘကို
ကျွန်တော်ပြန်အမ်းပါတယ်။

ဒီလိုနဲ့ …
ဆုံးရှုံးသွားမှ
ပကတိတန်ဖိုးကို သိကြရသူတွေထဲမှာ
ကျွန်တော်နဲ့ခင်ဗျား
သွေးရိုးသားရိုးပါဝင်ခဲ့ကြတယ်။ ။

Zephyr

No comments: