ကြယ်များသည် သင်နှင့်အတူ
ထိုတိတ်ဆိတ်မှုတီးတိုးသံများ သင့်ထံသို့ဝင်ရောက်လာစဉ်ခဏ သင် အသင့်ရှိပါရဲ့လား။ လောကဓံ ကယ်ဒီကောင်းလျှင် ကောင်းသလောက် ၁၈ ကျင်းအပြည့်ကစားကြရအောင်။ စိမ်ခေါ်ထားသော ရဲရင့်ပြတ်သားမှုသည် အရည်ပျော်နေသော ရေခဲတုံ:တစ်ခုပမာ ……..။
ပင်လယ်ရဲ့တစ်ဖက်ကမ်းမှာ မျှော်ငေးနေသူတစ်ယောက်။ အဲဒါဟာ ကျွန်တော်ပါ။ လွမ်းဆွတ်နေရတဲ့ နေရောင်ခြည်တစ်ခြမ်းကို အလင်းပြန်ကြည့်နေတာပါ။ ကျွန်တော်ပါ။ သွေးခဲမတတ် အေးနေတဲ့ဆောင်းရာသီခြုံထားတဲ့ ထင်းရှူးပင်ကြီးကိုကုတ်ခြစ်ပစ်လိုက်တဲ့ဝက်ဝံပါ။ အဲဒါဟာ ကျွန်တော်ပါ။ ဘယ်ဘက်ပါးရော၊ ညာဘက်ပါးပါ ထိုးပေးလာတဲ့ အတွက် ရန်သူမလေးကို နမ်းရှိုက်မိခဲ့ပါတယ်။ အဲဒါဟာ ကျွန်တော်ပါ။
ကျွန်းပြန်များသီချင်းဆိုသလို၊ အရူးများဟစ်အော်ငိုကြွေးသလို၊ ဘုန်းကြီးများ ရှေ့သုံးတောင်မှာ မျက်လွှာချထားသလို သက်ရှိတို့ရဲ့ အပြုအမူတစ်ခုကို ပြုမူပါတယ်။ အဲဒါဟာ ကဗျာရေးတာဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း စီရင်ချက်မပါတဲ့ အမိန့်စာဖတ်ခြင်းတစ်မျိုးပါ။ ဒီဝါကျအဆုံးမှာ ဘာရှိမလဲဆိုတာကို ခင်ဗျားမသိနိုင်ဘူး။ နောက်တစ်နေ့မှာ ရှူမယ့်လေမှာ အောက်ဆီဂျင်ကျန်ဦးမလားမသိနိုင်သလိုပေါ့။ ဗာဟီရတွေကို အရေးကြီးကြောင်းပြနိုင်ဖို့ ကျွန်တော်တို့ အကိုးအကားဆိုတဲ့စကားလုံးကိုတီထွင်ကြတယ်။ အပျင်းပြေ ဆေးလိပ်ဖွာသလို၊ ကွမ်းတံထွေးထွေးသလို၊ အုတ်ရောရော ကျောက်ရောရော အိပ်တန်းပြန်သလို …. ဒီကဗျာကိုမဖတ်စေချင်ဘူး။
သရဏဂုံပျက်လောက်အောင် လွမ်းဆွတ်နေတဲ့ကောင်၊ … လရောင်ကို အလျားလိုက် ထိုးဟောင်နေတဲ့ခွေးပေါ့။ ခွေးဟောင်သံတစ်လျှောက်လုံး လိုက်သွားရတဲ့စိတ် ………. အိမ်မပြန်နိုင်တော့ဘူး …………..။ ဒါကို ခင်ဗျားလည်းသိပါတယ်။ …….. ကျွန်တော်တို့ လူအဖြစ် မြင့်မားတိုးတက်ခဲ့ပြီဆိုတာကို သက်သေပြဖို့ …. သမိုင်းဝင်ကျောက်တုံးများနဲ့မှတ်သားဖို့ … ကဗျာကို ပန်းချီကားလို ထုပ်ရောင်းဖို့၊ …. နောက်ဆုံးအဆင်မပြေလွန်းတဲ့အခါ ……. ကဗျာကို ကိုင်ထားပြီး လက်နက်ချလိုက်ဖို့အထိ ရှည်ရှည်ဝေးဝေး။ ။
Notes:
No comments:
Post a Comment