Friday, February 18, 2011

ကမ္ဘာကြီးနေမကောင်းပါ

ကမ္ဘာကြီးနေမကောင်းပါ


အပေါစားဖျော်ဖြေရေးထဲ ကိုယ့်အမည်နာမထည့်ပေးလိုက်ရမှာပျင်းတယ်။
ကိုကာကိုလာထဲက သကြားတွေလို
အေးခဲချိန်ကုန်သွားမှ
အရသာမဲ့ချိုမြိန်မှုကြီးနဲ့ လက်ကျန်ကြီးမြတ်ရမှာ ရွံတယ်။

လူတွေကိုကြည့်တော့
တန်ဖိုးလှော်တက်ကိုယ်စီနဲ့
ဘ၀ကိုလှော်ခတ်လို့၊
တစ်ချို့ကလည်း လူမှုရေးကို ရွက်လွှင့်လို့၊
ဘာသာတရားကို စကားလုံးတွေနဲ့ပစ်ပေါက်လို့၊
ဒါနဲ့ ….ဘုရားသခင်သေပြီဆိုတာယုံခဲ့ကြပြီး
ကဗျာသေပြီဆိုမှ (ကဗျာ)ထရေးနေတာ မနုံလွန်းဘူးလား။

ကမ္ဘာပေါ်မှာ လူတွေသိတာ နည်းနည်းလေး၊
လူ့ဦးနှောက်ကသေးသေးလေး
ရတဲ့အချိန်က တိုတိုလေး ….
တကယ်တော့ …
Homo sapiens ကနေ Human ဖြစ်လာတယ်။
(ကိုယ့်ကိုယ်ကို သိသူကြီးတွေလို့ သတ်မှတ်ခဲ့ကြတယ်။)
လူတွေဟာ diurnal ဖြစ်လို့ အိပ်စက်ကြရတယ်။
ကိုယ့်ဘ၀ကို တစ်ဝက်သာသာ နေထိုင်သွားကြတယ်။
ဘ၀မှာ တန်ဖိုးရှိတာတစ်ခုခု မလုပ်နိုင်တဲ့အခါ
လူတွေ ကဗျာစရေးလာကြတယ်။

ကမ္ဘာမှာ မဖြစ်ချင်တာတွေ
မရပ်တန့်နိုင်ဘူး။
သေခြင်းတရားကိုပြေးနေတဲ့
ဇရာ ရထားကို မရပ်တန့်နိုင်ဘူး၊
ချစ်သူရဲ့အပြုံးကိုတောင်
ဘီယာဖန်ခွက်တွေလို အမြဲခဲစိမ့်အေးမြမြလေး
သိုလှောင်မထားနိုင်ဘူး။
အဲဒီလောကမှာ …
ဘာတွေ သိပ်အများကြီးမျှော်လင့်နေတာလဲ။

လူအဖြစ်မှာ
လူမဖြစ်သေးသူတွေကို
ဗုဒ္ဓနည်းနဲ့ဖြစ်ဖြစ်၊
အိုက်ခမန်းနည်းနဲ့ဖြစ်ဖြစ်
လျော့သွားအောင်
ဘယ်သူတွေလုပ်ကြမှာလဲ။

ဒီဘ၀ကို သေဆုံးဖို့နေသွားသူတွေ၊
နောက်ဘ၀အခက်အခဲကြောက်လို့ လှူဒါန်းနေသူတွေ၊
လူသားရဲ့မြင့်မြတ်မှုကို
ရှာတွေ့မသွားသူတွေ…
သူတို့တွေအားလုံး ဒီသင်္ဘောထဲမှာပါတယ်။
သင်္ဘောမှောက်ခါနီးမှာမှ လာဆုံရသလိုဖြစ်နေတော့
ချစ်တဲ့သူဖြစ်ဖြစ်
မချစ်တဲ့သူဖြစ်ဖြစ်
ခဏတော့ပြုံးပြလိုက်မိတယ်။(စိတ်ပါလက်ပါ)

နေ့တွေညတွေက
မောဟနဲ့နာနေတဲ့တရားလို
ဘာမှကိုမကြားလိုက်ရဘူး
ဘ၀ဟာ
အမှောင်ထဲမှာ
အမှောင်ကိုမြင်နေရတယ် ဆိုတဲ့ လူရဲ့
ညည်းတွားသံပါပဲ။
လက်နက်ချသံပါပဲ။

အခုရှူလက်စ ၀င်သက်လေးဆုံးသွားတဲ့အထိတောင်
စိတ်ချမ်းသာဖို့
အာမခံချက်မရထားတဲ့အတွက်
ဒီဒုလ္လဘကို
ကျွန်တော်ပြန်အမ်းပါတယ်။

ဒီလိုနဲ့ …
ဆုံးရှုံးသွားမှ
ပကတိတန်ဖိုးကို သိကြရသူတွေထဲမှာ
ကျွန်တော်နဲ့ခင်ဗျား
သွေးရိုးသားရိုးပါဝင်ခဲ့ကြတယ်။ ။

Zephyr

Tuesday, February 15, 2011

For The Moment


ကျွန်တော်သိပ်ကြိုက်တဲ့ကဗျာဆရာတစ်ယောက်ရှိပါတယ်။
အခုလည်း စိတ်ထဲမှာ မိုးတွေအုံ့နေတာနဲ့ ကဗျာဖတ်နေပါတယ်။ သူ့ကို ကျူဗစ် ကဗျာဆရာလို့လည်းတစ်ချို့ကသတ်မှတ်ပါတယ်။ သူ့ကဗျာမှာ ကျူဗစ်ဇင် အငွေ့အသက်တွေထွက်လွန်းလို့ဖြစ်နိုင်ပါတယ်။ ရိုးရိုးလေးတွေပါပဲ။ ကဗျာရေးနေတဲ့သူတွေဟာ ကမ္ဘာ့အတော်ဆုံးဦးခေါင်းတွေကို ပိုင်ဆိုင်သူတွေမဟုတ်ပါဘူး။ ကမ္ဘာ့အသိမ်မွေ့ဆုံး သဘာဝကို တည်တည်ငြိမ်ငြိမ်ခွဲစိတ်ထုတ်လိုက်နိုင်တဲ့ ကျွမ်းကျင်တဲ့ဓားကိုင်လက်တစ်ချောင်းပဲဖြစ်တယ်။ ကဗျာမှာ တစ်ခုခုပါမှလို့ယူဆတယ်ဆိုရင် ဘာမှမပါတာတစ်ခုခုဖတ်ချင်တဲ့အခါ ကျွန်တော် reverdy ဖတ်ပါတယ်။ သူရေးထားတဲ့ quotes လိုပေါ့။

“I need so much time for doing nothing that I have no time for work.”

ဘာမှမလုပ်ဘဲနေဖို့ အချိန်အများကြီးလိုတဲ့အတွက် ကျွန်တော့်မှာ အလုပ်လုပ်ချိန်မရှိဘူး.....................။


For The Moment

Life is simple and gay
The bright sun rings with a quiet sound
The sound of the bells has quieted
down
This morning the light hits it all
The footlights of my head are lit again
And the room I live in is finally bright

Just one beam is enough
Just one burst of laughter
My joy that shakes the house
Restrains those wanting to die
By the notes of its song

I sing off-key
Ah it's funny
My mouth open to every breeze
Spews mad notes everywhere
That emerge I don't know how
To fly toward other ears

Listen I'm not crazy
I laugh at the bottom of the stairs
Before the wide-open door
In the sunlight scattered
On the wall among green vines
And my arms are held out toward you

It's today I love you

Pierre Reverdy

Saturday, February 12, 2011

သေခြင်းနှင့်ကျွန်တော်တို့ကို ဆက်သွယ်ထားသောတံတား

ပြီးခဲ့တဲ့ December 14 ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အမေ့မွေးနေ့အတွက် ပေးဖြစ်ခဲ့တဲ့လက်ဆောင်လေးတွေထဲက တစ်ခုပါ။ Feb, Idea မှာပါတဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ပါပဲ။ Magazine မှာ စာရိုက်တဲ့သူက စေတနာဗလပွနဲ့ ရေးထားတာကိုပြင်ပေးလိုက်တဲ့အခါမှာ Satan (စာတန်) ကို စာတန်းတွေ စာတမ်းတွေ ဖြစ်ကုန်ပါတယ်။ မြန်မာပြည်မှာ စာစီ/စာရိုက် လုပ်စားနေပြီး စာပေ ဗဟုသုတနည်းတာကိုမကြာမကြာတွေ့ပါတယ်။ စာမဖတ်ချင်ဘဲ စာပေအသိုင်းအ၀ိုင်းထဲမှာလုပ်နေကြရတာသူတို့အတွက်တော့ ချုံ့ထားတဲ့ငရဲဘုံတစ်ခုပါပဲ။ ပိတောက်ပွင့်သစ်မှာ နေထိုင်ကြတယ်ကို ထိုင်နေကြတယ်လို့ ရိုက်လိုက်လို့ ကဗျာတစ်ပုဒ် ရစရာမရှိအောင်ပျက်စီးသွားတာလည်းတွေ့ဖူးတယ်။ မြန်မာပြည်မှာ အပျော်တမ်း ပရိုတွေ သိပ်များနေတယ်။ ကိုယ့်ကို ထမင်းကျွေးတဲ့အလုပ်ကို ဒီလောက်လေးမှ ဂရုတစိုက်မလုပ်နိုင်ဘူးဆိုရင် ဒီလူတွေ Professional ဆိုတာ ဘာလဲဆိုတာကို သိဖို့ အဝေးကြီးလိုပါသေးတယ်။

သေခြင်းနှင့်ကျွန်တော်တို့ကို ဆက်သွယ်ထားသောတံတား

အရူးတစ်ယောက်နေထိုင်သောအခန်းကလေးတစ်ခုအတွင်းသို့ ကျွန်တော်တို့လေ့လာရေးခရီးထွက်ခဲ့ကြသည်။ ခရီးရက်ရှည်ထွက်သွားသော အရူးတစ်ယောက်၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကိုမထိခိုက်စေဘဲလေ့လာကြရမည်။ မည်သည့်အထားအသိုမျှမှားခွင့်မရှိ။ အရူးတစ်ယောက်၏ လွတ်လပ်စွာရူးသွပ်ခွင့်ဆိုင်ရာ စာတမ်းအတွက် လွတ်လပ်စွာလေ့လာခွင့်ပေးခဲ့သော အရူးကိုပင်ကျေးဇူးတင်ရမည်။ သူသည် ကျွန်တော်တို့ စာတမ်းနာမည်ကိုမဖတ်မိ၍ ခွင့်ပြုလိုက်ခြင်းဖြစ်ဟန်တူသည်။ သို့မဟုတ် သူနှင့်အလားတူငနဲများကို စာနာပုံပေါက်ခြင်းလည်းဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေ ... ကျွန်တော်တို့ အရူးတစ်ယောက်၏ အခန်းထဲသို့ရောက်ခဲ့ကြပြီ။

အရူးသည် ကိုယ့်အခန်းလို သဘောထားပါလို့ တွင်တွင်မှာသွားသည်။
ဝင်ကစွပ်ဟာခရုခွံကို ချစ်သလို ကျွန်တော့်အခန်းကို ခင်ဗျားတို့ ချစ်ပါ ... ဆိုလားပြောသွားသည်။

လေ့လာရေးအဖွဲ့ဝင်တစ်ယောက်က ဓာတ်ပုံတဖျပ်ဖျပ်ရိုက်သည်။ အရူးဆွဲထားသော အဖြူရောင် ပိတ်ကားပေါ်မှ အဖြူရောင်ချိုးငှက်။ သံလွင်ခက်သည် မည်းမှောင်စိုလက်နေသည်။ ကားနာမည်ကို လွဲချော်မှုဟု အရူးကပေးထားသည်။ ဗင်းဆင့်သည် အရူးဖြစ်သော်လည်း ပန်ချီဆရာတိုင်းရူးနေရန်မလိုအပ်ပါ။ ထိုကိစ္စကို ကျွန်တော်တို့စာတမ်းတွင် အသေးစိတ် ဆွေးနွေးထားပြီးဖြစ်သည်။

အရူးသည် အနုပညာ အားကောင်းသော အရုးဟု အရူးလောကကသတ်မှတ်ထားသည်။ ခေတ်ပြိုင် ဝေဖန်ရေးသမားများသည် အရူးသည် ပါရမီရှင် အရူးစစ်စစ်ဟု မှတ်ချက်ပြုကြသည်။ ထင်ရှားသော စာပေသမားကြီးက အရူးမို့ သူ့မှာ တမူးသာခွင့်ရှိတယ်... ဟူ၍ပြောခဲ့သည်မှာလည်း ဂျာနယ်များရောင်းကောင်းသွားသော သတင်းတစ်ခုဖြစ်ခဲ့သည်။ အရူးသည် အောင်မြင်ကျော်ကြားသော ၊ ခမ်းနားတည်ကြည်သော အာဂ အရူးဘ၀ကိုပိုင်ဆိုင်ထားသည်။

အရူးသည် ဂီတကို မွေ့လျော်ပုံရသည်။ Kitaro ၏ စီဒီများအမြောက်အများတွေ့ရသည်။ အရူးသည် အိပ်ယာအသုံးပြုသူမဟုတ်ကြောင်းအံသြဖွယ်တွေ့ရှိရသည်။ "ကျွန်တော်ပိုင်ဆိုင်တဲ့ညတွေကို ဘာလို့အိပ်ပစ်ရမှာလဲ"ဟု အင်တာဗျူးတစ်ခုတွင်သူပြောခဲ့သေးသည်။ ထိုအချက်ကို အထောက်အထား မခိုင်လုံသေး၍ စာတမ်းတွင် အသေးစိတ်လေ့လာရန်ဟူ၍ ကျွန်တော်တို့မှတ်သားခဲ့သည်။ ဂီတ၀ါသနာပါသော လေ့လာရေးအဖွဲ့ဝင်တစ်ယောက်က အရူးရေးသားခဲ့သည့် ပိုးလမ်းမကြီးတစ်လျှောက် စိတ်နဲ့လျှောက်နေရရင်ဘ၀ကိုကျေနပ်ပါပြီ ဆိုတဲ့အချက်နဲ့ Kitaro ၏ silk road ဆက်နွယ်မှုရှိနိုင်ကြောင်းသုံးသပ်တင်ပြသည်။

အားလုံးမထင်မှတ်ထားသော ကိရိယာတစ်ခုကို အခန်း၏ ပြတင်းပေါက်နားတွင်တွေ့လိုက်ကြရသည်။အာကာသကြည့်မှန်ပြောင်းအကောင်းစား တစ်လက်ဖြစ်သည်။ ASTRO-PHYSICS 140mm f7.5 Starfire EDF – 5.5" aperture: အမျိုးအစားဖြစ်သည်။ အရူးသည် ကြယ်ကြည့်သူတစ်ယောက်ဖြစ်ကြောင်း မည်သူမှထင်မှတ်မထား။ သူကိုယ်တိုင် ထုတ်ဖော်ပြောကြားခြင်းမျိုးလည်းမရှိခဲ့ကြောင်း ကျွန်တော်တို့အဖွဲ့ဝင်များ ပြန်လည်အတည်ပြုကြသည်။ ... အရူးသည် အမှန်တကယ်ရူးနေရဲ့လားဆိုသည့်မေးခွန်းသည် ကျွန်တော်တို့စိတ်ထဲတွင်စတင်အော်မြည်လာသည်။

အရူး၏ ငယ်ဘ၀မှ အမှတ်တရပစ္စည်းများကို ဆက်လက်လေ့လာကြသည်။ ဖယောင်းတိုက်ထားသော သစ်ရွက်များ၊ သစ်ရွက်များပေါ်တွင် နေ့စွဲများ၊ ကဗျာအတိုအစများ၊ ငှက်လှောင်အိမ်အတွင်း သော့ခလောက်လေးတစ်ခုကို ထည့်ထားသော performance အပါအ၀င် အရူးရှစ်တန်းကျောင်းသားဘ၀က ပြုလုပ်ခဲ့သော performance art လက်ရာများ။ အရူးရရှိခဲ့သော အားကစားထူးချွန်ဆုများ။ အရူးအောင်မြင်ခဲ့သော မှတ်တိုင်များ။ အရူးရေးသားခဲ့သော အသည်းကွဲsymphonyသီချင်းစားသားကို ရွှေပြားတွင် ထွင်းထားသည်ကိုလည်းတွေ့ရသည်။

ကျွန်တော့်ဘ၀ကို လာရောက်နေထိုင်သွားသူ ဆိုတဲ့ ဒဿနလောကမှာ ကိုးကားစရာဖြစ်ခဲ့တဲ့ အရူးရဲ့ကျမ်းကိုလည်းတွေ့ရသည်။ အရူးတစ်ယောက်ရဲ့ ရူးသွပ်ခွင့်၊ထက်မြက်ခွင့်၊ လင်းပွင့်ခွင့်တွေကို ကွှန်တော်တို့ ခေါင်းချင်းရိုက်ဆွေးနွေးကြသည်။ အမှတ်အသားပြုလုပ်ကြသည်။ မှတ်တမ်းတွေနဲ့တိုက်ဆိုင်စစ်ဆေးကြသည်။ ဒီလို အရူးတစ်ယောက်ကို လေ့လာခွင့်ရလိုက်တာ ကျွန်တော်တို့စာတမ်းကို အများကြီးအထောက်အကူပြုခဲ့ပြီလို့ ကျွန်တော်တို့ပြောဖြစ်ကြသည်။

အရူးဖတ်သောစာအုပ်များကိုဆက်လက်လေ့လာသည်။၊ ဒဿနစာအုပ်များ။ ပညာရှင်အလိုက် မျိုးတူစုခွဲ၍လေ့လာပုံရသည်။ ရှေးခေတ်တွေးခေါ်ရှင်များ၊ အလယ်ခေတ်တွေးခေါ်ရှင်များ၊ မော်ဒန်ခေတ်တွေးခေါ်ရှင်များနှင့် ခေတ်ပြိုင် တွေးခေါ်ရှုင်များဆိုပြီး အကန့်လေးတွေခွဲထားပုံကလည်းစနစ်ကျသည်။
  • Metaphysics
  • Epistemology
  • Ethics
  • Political philosophy.
  • Aesthetics
  • Logic
  • Philosophy of mind
  • Philosophy of language
  • Philosophy of religion စသဖြင့် စနစ်တကျ ခေါင်းစဉ်ရေးထိုးထားသည်။ ကြီးမြတ်သော အရူးတစ်ယောက်၏ စာကြည့်ခန်းတွင် ကျွန်တော်တို့သေးသိမ်သလိုခံစားလိုက်ရသည်။ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ..... သက်ပြင်းကိုယ်စီချမိကြသည်။ အရူးတွင် စနစ်ရှိသည်။ အရူးတွင် ထင်မှတ်ထားသည်ထက်ပိုမိုသော လေ့လာဆည်းပူးနိုင်စွမ်းရှိသည်။ ဒီအချက်ကို ကျွန်တော်တို့ အလေးအနက်ထားတင်ပြကြရမည်။
အရူးစာရေးသော စားပွဲခုံလေးပေါ်တွင် အ၀ါရောင်ဖဲကြိုးချည်ထားသော ဘွန်ဇိုင်းပင်လေးတစ်ပင်ကိုတွေ့ရှိရသည်။ ရေလက်စကဗျာစာသားကိုလည်းတွေ့ရသည်။

ရွေးချယ်စရာမရှိတော့ရင်
ငါတို့ဘယ်သူ့ကို ဆဲရေးနေမှာလဲ ..........။

လေ့လာရေးအဖွဲ့ဝင်များတွင် ကဗျာဝါသနာပါသူတစ်ယောက်မှမပါပါ။ ထို့အတွက် .. မည်သူမှ ဒီကဗျာအပိုင်းအစကို ဆွေးနွေးဖို့စိတ်ဝင်စားဟန်မပြပါ။ လေ့လာမှုတွေ့ရှိချက်တစ်ခုအနေနှင့်သာ မှတ်တမ်းတင်လိုက်ကြသည်။

အရူး၏ ထမင်းစားပွဲကိုလေ့လာသည်။ ကော်ဖီခွက် အနက်ရောင်တောက်တောက်တစ်ခွက်တွင် 666 ဟုလှပစွာပန်းအက္ခရာဖော်ထားသည်။ 666 သည် စာတန်၏ ကိုယ်ပိုင်အမှတ်အသားဖြစ်သည်။ အရူး အိမ်တွင် ဘုရားစင်လည်းမရှိ။ အရူးသည် စာတန်ကိုးကွယ်သူလား။ သံသယမေးခွန်းများကို ကျွန်တော်တို့ဆွေးနွေးကြသည်။ ထိုင်ခုံပေါ်တွင်တင်ထားသော ဘာသာရေးဆိုင်ရာ ဖတ်လက်စစာအုပ်များအရ အရူးသည် စေတန်ကိုးကွယ်သူလည်းမဟုတ်နိုင်။ အရူးတွင် ဘာသာရှိသလားပြန်ဆန်းစစ်ကြသည်။ အရူးပြောဖူးသော quotes တစ်ခုကို တစ်ယောက်ကရေရွတ်သည်။ ဘာသာရေးဟာ ဆပ်ပြာမှုန့်ဆိုပါတော့ ... ကျွန်တော့်မှာ အ၀တ်အစားမရှိဘူး .........။ထိုစကားသည် လူငယ်များအကြားရေပန်းစားနေသည်။ အရူးသည် လူငယ်များ၏ စိတ်တွင်ဝတ်ဆင်ထားသော 925 များဖြစ်နေပြီလားဟု ကျွန်တော်တို့ ချဲ့ထွင်နှီးနှောကြသည်။
....
ရုတ်တရတ် .........
အခန်းသည် အမှောင်အတိကျသွားသည်။
စူးရှသော ညှော်နံ့ကို ကျွန်တော်တို့ရှူမိလိုက်ကြသည်။ ဗီဇသိအရ ကွှန်တော်တို့ အိမ်ရှေ့တံခါးဆီသို့ပြေးထွက်ကြသည်။ တံခါးသည် ဂျက်ကြနေသည်။ မီးခိုးများပိုမိုများပြားလာသည်။ လောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ပြီ။ မည်သည့်နေရာမှစတင်၍ လောင်ခဲ့မှန်းမသေချာသော်လည်း လောင်ကျွမ်းမှုသည် လျှင်မြန်စွာကူးစက်လာနေသည်။ ကျွန်တော်တို့အားလုံး စတင်၍ သွေးရူးသွေးတန်းဖြစ်လာကြသည်။ တံခါးကို ကြိုးစားဖွင့်သော်လည်း တံခါးကမပွင့်တော့ပေ။ ဆဲဆိုသံများ စတင်၍ ဆူညံပွက်လောရိုက်လာသည်။ အော်ဟစ်အကူအညီတောင်းခံသံများကွဲအက်ထွက်လာသည်။ တံခါးများအားလုံးပိတ်နေကြပြီ။ ပြတင်းပေါက်တံခါးများကိုတွန်းဖွင့်ကြည့်သည်။ ခိုင်ခံ့သော သံတိုင်များပိတ်ကာထားသည်။ အရူးအခန်းထဲတွင် လောင်ကျွမ်းသေဆုံးရတော့မည်ဟူသော အသိသည် ကြေကွဲဆို့နစ်ဖွယ်ဖြစ်လာသည်။ စိတ်သည် တဖျစ်ဖျစ်မြည်ဟည်းနာကျင်လာသည်။ အခန်းတံခါးဝကိုမီရပ်နေစဉ်တွင် ကူးစက်လာသော မီးတောက်မီးလျှံများသည် အရည်ပြားကို စတင်လောင်ကျွမ်းလာသည်။ ကျွန်တော်တို့အားလုံး နောက်ဆုံးကြားလိုက်ရသော အရူးရယ်မောသံသည် တံခါး၏ အပြင်ဘက်ဆီမှ စိတ်ထဲသို့ ဓားနှင့်ခြစ်လိုက်သလို စူးရှအက်ကွဲဝင်ရောက်ခဲ့သည်။ ။

ရွေးချယ်စရာမရှိတော့ရင်
ငါတို့ဘယ်သူ့ကို ဆဲရေးနေမှာလဲ ..........။ ။


။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Zephyr

ဒီအကြောင်းကို ကျွန်တော်ပြောပြတဲ့အခါ ခင်ဗျားတို့က လေ့လာသူတွေကို သနားကြလိမ့်မယ်။ မဟုတ်ရင်လည်း အပြစ်မြင်ကြလိမ့်မယ်။ အရူးတစ်ယောက်ရဲ့ အိမ်ဟာ ခင်ဗျားရဲ့ ခန္ဓာဆိုပါတော့ .... မိတ်ဆွေ .. ဒါကို သင်ဘယ်လိုသဘောရသေးလဲ။ ။

Monday, February 7, 2011

Man Alone with Himself

ကျွန်တော့်မှာထူးထူးဆန်းဆန်းရောဂါတစ်ခုရှိတယ်။ ပျော်စရာကောင်းတာတွေကို ပြန်ဝေပေးချင်တဲ့ရောဂါလို့ဆိုရမယ်။ ဒီနေ့ Nietzsche ရဲ့Man Alone with Himself ဖတ်ရင်း သူရေးတဲ့ ကဗျာတစ်ပုဒ်ဖတ်လိုက်ရတယ်။ အဲဒီစာအုပ်ကို ၀ယ်ထားတာ တစ်နှစ်လောက်ရှိပြီ။ ကြိုက်တာလေး နည်းနည်းဖတ်လိုက်၊ပစ်ထားလိုက်ပဲ။ သိပ်ကြိုက်တဲ့စာအုပ်တွေကို အကုန်ဖတ်လိုက်ရမှာနှမြောလို့ နည်းနည်းချင်းပဲဖတ်တယ်။ တစ်ချို့အကြောင်းအရာတွေက လေးနက်တဲ့အခါ အချိန်ပေးပြီးတွေးချင်တာကြောင့်လည်း စာမသွားတာဖြစ်နိုင်တယ်။ ဒီနေ့ဖတ်လိုက်တဲ့အကြောင်းအရာတွေထဲမှာ သူ့ကဗျာနဲ့ bad poets ဆိုတာလေးကို သဘောကျလို့ ပြန် share လိုက်ပါတယ်။

People as bad poets.
Just as bad poets, in the second half of a line, look for a thought to fit their rhyme, so people in the second half of their lives, having become more anxious, look for the actions, attitudes, relationships that suit those of their earlier life, so that everything will harmonize outwardly. But then they no longer have any powerful thought to rule their life and determine it anew; rather, in its stead, comes the intention of finding a rhyme.

(Neitzche, Man Alone with Himself, Pg 29)

အဲဒါကိုတွေးရင်း ဘာလို့ အသက်ကြီးလေ သတ္တိမရှိလေဖြစ်လာတာလည်းဆိုတာကိုလေည်း ဆက်တွေးမိပါတယ်။ ကျွန်တော်တို့တွေဟာ ပထမပိုင်းကစားပြီးသား လောကကြီးကိုများ ကြောက်သွားတာလား။ ရှေ့တစ်ပိုင်းမှာ ကန်ခဲ့တဲ့အကွက်ကြီးနဲ့အဆင်ပြေမယ့် ကစားသမားတွေကိုဘ၀ထဲမှာ ဖြည့်စွက်နေကြတာလား။ ဘ၀ကို ဒီလိုကြီးပဲဆက်နေသွားမယ်လို့ ကျွန်တော်တို့တကယ်ဆုံးဖြတ်လိုက်ပြီလား.....။ မေးခွန်းတွေက အတော်လေးကို အထိအခိုက်များတဲ့မေးခွန်းတွေဖြစ်လာပါတယ်။ တစ်ခါတစ်လေလည်း အဲဒီသဘောမျိုးမေးတဲ့မေးခွန်းတွေဖတ်ဖူးပါတယ်။ ဒါပေမယ့် ဒီလောက်မထိရောက်ခဲ့ဘူးလို့တွေးမိတယ်။ သူပြောတဲ့ bad poets ဥပမာကတော့ အထိရောက်ဆုံးပဲ။ ရှေ့လေးရက်လောက်မှာ အသက် ၂၉ နှစ်ပြည့်တော့မယ်ဆိုတော့ ဘ၀ကို second half စကန်တော့မယ့်အရွယ်ဖြစ်နေပြီ။ ဘ၀မှာ ငွေကြေးဥစ္စာတွေ သိပ်မရှိရင်လည်း သတ္တိရှိတဲ့သူတော့ဖြစ်ချင်တယ်။ ရှေးရိုးစွဲ သူရဲဘောနည်းတဲ့သူမဖြစ်ချင်ဘူး။ ဘ၀ကို အသစ်ပြန်လုပ်ကြည့်ဖို့ကောင်းတယ်။ အဟောင်းကြီးက ပျင်းစရာသိပ်ကောင်းတယ်။ အတိတ်နဲ့အဆင်ပြေအောင်တော့ ဘာမှ အပိုတွေမလုပ်ချင်ဘူး။ အနာဂတ်နဲ့အဆင်ပြေမယ့် မိတ်ဆွေတွေရှာမယ်။ အသိဥာဏ်ရှာမယ်။ အဲဒါကို တော်တော်လေးတွေးဖြစ်သွားပါတယ်။ How about you? Are you a bad poet too.... :P?

နောက်တော့ နစ်ရှေးကြီးကို သဘောကျတာ သူ့မှာ အနုပညာ အပြည့်ရှိတဲ့အချက်လည်းပါတယ်။
သူက Gothe ရေးတာလေးလည်းရွတ်ပြသွားပါတယ်။ သူကိုးကားတဲ့အပိုင်းက အတော်လေးကို အရသာရှိနေတာတွေ့ရပါတယ်။ ဒီဘက်မှာ ဘာသာပြန်ဖို့စိတ်မပါတဲ့အတွက် မူရင်းကို မူရင်းလိုဖတ်ခွင့်ရတာ အတော်လေးပျော်စရာကောင်းမယ်ထင်ပါတယ်။

The best is the deep quiet in which I live and grow against the world, and harvest what they cannot take from me by fire or sword.
(Gothe)

မြန်မာလိုတော့ ဂိုထေး၊ဂွယ်ထည်၊ဂွေးတိုလို့ အသံအမျိုးမျိုးထွက်ကြတာသူပါပဲ။ သူပြောတဲ့အထဲမှာ စိတ်ချမ်းသာမှုကိုတန်ဖိုးထားတာ အများကြီးပါတယ်။ လူတိုင်း စိတ်ထဲမှာ နေစရာနေရာလေးရှိမှ အိုကေမယ်။ ဘယ်သူမှမရှိတော့ရင်လည်း အဲဒီနေရာလေးကပဲစပြီး ဘ၀ကို ပြန်စလို့ရရမယ်။ ဘ၀မှာ ဆုံးရှုံးသွားတဲ့အခါတိုင်း၊ လဲကျသွားတဲ့အခါတိုင်း၊ကိုယ့်ကိုယ်ကို ပြန်တည်ဆောက်ဖို့ ဂိုထောင်လေးတစ်ခုလိုနေရာလေး။ ငြိမ်းချမ်းမှု၊ စိတ်ချမ်းသာမှုကို ဘယ်သူမှ လုယူလို့မရဘူး။ ရေ၊မီး၊မင်း၊ခိုးသူ၊မချစ်မနှစ်သက်သူတွေ ခိုးသွားလို့မရဘူး။ ကြုံလို့ပြောရရင် တစ်ခါက ရဟန္တာမ တစ်ပါးကို မျက်လုံးလေးသိပ်လှတယ်လို့ ဓားပြကပြောတော့ ရဟန္တာမက မျက်လုံးကို ဆွဲထုတ်ပြီးပေးလိုက်တယ်။ အဲဒီဇာတ်ကွက်ကို သိပ်ကြိုက်တယ်။ ဗန်ဂိုး အရူးထပြီး နားရွက်ဖြတ်တာလောက်ပဲစိတ်ဝင်စားတဲ့ စာပေတွေမှာ ရဟန္တာမ မျက်လုံးထုတ်ပေးတာကို ထည့်မရေးကြသေးဘူး။ လူတွေတန်ဖိုးထားတယ်ဆိုတဲ့ကိစ္စတွေဟာ ခိုင်မြဲတာဘာမှမရှိပါဘူး။ လောကဓံတရားတွေကို အကောင်းလောကဓံလောက်သာကြုံနေလို့ရတော့ ပြုံးပြုံးကလေး ခံရဲတယ်ဆိုတာမျိုးဖြစ်နေတာများပါတယ်။တကယ်တော့ အကောင်းလောကဓံကြုံတယ်ဆိုတာ အမြင့်ကိုတက်နေရတာပါ။ အပေါ်က ပြုတ်ကျရင်ပိုနာပါမယ်။ အထည်သေးပျက်ဟာ အထည်ကြီးပျက်လောက် မခံစားရပါဘူး။ ပျက်တတ်တာတွေကို ပျက်တတ်တယ်လို့ နှလုံးသွင်းမထားရင် တကယ်ပျက်တဲ့အခါ ခံနိုင်ရည်မရှိတော့ပါဘူး။ အပြင်မှာနေဖို့ အချိန်ပေးကြသလို၊ စိတ်ထဲမှာနေဖို့လည်း အချိန်ပေးရင် ဘ၀မှာ ကြံ့ကြံ့ခိုင်ခိုင်နေသွားတဲ့သူတွေ၊အောင်အောင်မြင်မြင်နေသွားတဲ့သူတွေဖြစ်လာမှာပါ။

Among Friends: An Epilogue

1
Fine, with one another silent,
Finer, with one another laughing
Under heaven`s silky cloth
Leaning over books and moss
With friends lightly, loudly laughing
Each one showing white teeth shining.

If I did well, let us be silent,
If I did badly, let us laugh 
And do it bad again by half,
More badly done, more badly laugh,
Until the grave, when down we climb

Friends! Well! What do you say?
Amen! Until we meet again!

2
Don`t excuse it! Don`t forgive!
You happy, heart-free people, give
This unreasonable book of mine
Ear and heart and sheltering!
Truly, friends, my own unreason
Did not grow to earn a curse!

What I find, what I am seeking
Was that ever in a book?
Honor one from the fools` legion!
Learn from out of this fool`s book
How reason can be brought -"to reason"!

So then, friends, what do you say?
Amen! Until we meet again.


ကံကောင်းတာကတော့ ဒီကဗျာကို လူများရိုက်ထားပြီးသားတွေ့လို့ကူးလာလိုက်ပါတယ်။ သူရေးတဲ့ကဗျာကို အရသာမပျက်စေချင်ပါဘူး။ ဒီအတိုင်းလေးပဲခံစားကြည့်ပါ။

ဒီနေ့စာအုပ်နှစ်အုပ်ဖတ်ဖြစ်ပါတယ်။ နောက်တစ်အုပ်ထဲက အကြောင်းအရာတွေကို ရောပြီးမရေးချင်လို့ နောက်နေ့မှ ပို့စ်တစ်ခုထပ်ရေးလိုက်ပါမယ်။

သိပြီးမလုပ်သေးရင် မသိသေးလို့ပဲဆိုတဲ့မဟာမြိုင်ဆရာတော်ရဲ့ စကားကိုပဲ ထပ်ပြီးကိုးကားပြီး၊ သိသလောက် အကောင်းဆုံးတွေ လုပ်နိုင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Wednesday, February 2, 2011

ခရမ်းပြာကြေကွဲမှု အမှုန်အမွှားများ

ခရမ်းပြာကြေကွဲမှု အမှုန်အမွှားများ

ရွာသွန်းမြဲမိုးရည်ချိန်ကျော်လွန်လွန်းတော့ …..ကောင်းကင်ရဲ့ အရောင်ကိုမေ့တယ်။ ပြဒါးလိုမျက်ရည်တွေစီးဆင်းကျလာတဲ့ သူငယ်မရဲ့ ကြေကွဲမှုတွေခိုက်ခိုက်တုန် ………။ တိမ်ပြိုရာသီ ….။ အေးစိမ့်ချွန်မြသော သွားများ၊ လက်တစ်ဖက်မှာ ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားဖို့ ဗလာပဲရှိတယ်။

လင်းပွင့်မှုနဲ့ ပိတ်မိနေခဲ့တဲ့ငှက်လို …….လှောင်အိမ်အပွင့်မှာ ကျောခိုင်းနားနေလိုက်တယ်။ …….သာသာယာယာ ………အဲဒီသာသာယာယာထဲမှာကို ဒဏ်ရာ အလုံအလောက်ပါတယ်။

စကားလုံးမလုံလောက်စွာ ရှုပ်ထွေးနေပြီသားလောကကြီးမှာ နောက်ထပ် စကားလုံးအသစ်တစ်ခုလို ဘ၀ကို မြုပ်နှံထားလိုက်ပါပြီ။ ထပ်လည်း မတူးဆွနဲ့။ ထပ်လည်းမကုတ်ခြစ်ပါနဲ့။ နောက်တစ်ကြိမ် …. ဆိုရင် … သံပြိုင်တွေပြီးပါပြီ။ နောက်တစ်ကြိမ်ရဲ့နောက်မှာ တိတ်ဆိတ်မှုကိုပြန်ရတော့မှာပါ ……။ နေ့နေ့ညညမျှော်လင့်နေတဲ့ အေးခဲတိတ်ဆိတ်မှု ………..။

ရေစိုနေတဲ့ငှက်၊ရေစိုနေတဲ့ကြယ်၊ ရေစိုနေတဲ့မျက်တောင်တစ်ချောင်း၊ရေစိုနေတဲ့ ဘာသာဗေဒ ….. မီးမတွေ့ခင်အထိ ခိုက်ခိုက်တုန်ရီ။

၇ ရက် ၁၁ လ ၂၀၁၀

ကြယ်များသည် သင်နှင့်အတူ

ကြယ်များသည် သင်နှင့်အတူ

ထိုတိတ်ဆိတ်မှုတီးတိုးသံများ သင့်ထံသို့ဝင်ရောက်လာစဉ်ခဏ သင် အသင့်ရှိပါရဲ့လား။ လောကဓံ ကယ်ဒီကောင်းလျှင် ကောင်းသလောက် ၁၈ ကျင်းအပြည့်ကစားကြရအောင်။ စိမ်ခေါ်ထားသော ရဲရင့်ပြတ်သားမှုသည် အရည်ပျော်နေသော ရေခဲတုံ:တစ်ခုပမာ ……..။

ပင်လယ်ရဲ့တစ်ဖက်ကမ်းမှာ မျှော်ငေးနေသူတစ်ယောက်။ အဲဒါဟာ ကျွန်တော်ပါ။ လွမ်းဆွတ်နေရတဲ့ နေရောင်ခြည်တစ်ခြမ်းကို အလင်းပြန်ကြည့်နေတာပါ။ ကျွန်တော်ပါ။ သွေးခဲမတတ် အေးနေတဲ့ဆောင်းရာသီခြုံထားတဲ့ ထင်းရှူးပင်ကြီးကိုကုတ်ခြစ်ပစ်လိုက်တဲ့ဝက်ဝံပါ။ အဲဒါဟာ ကျွန်တော်ပါ။ ဘယ်ဘက်ပါးရော၊ ညာဘက်ပါးပါ ထိုးပေးလာတဲ့ အတွက် ရန်သူမလေးကို နမ်းရှိုက်မိခဲ့ပါတယ်။ အဲဒါဟာ ကျွန်တော်ပါ။

ကျွန်းပြန်များသီချင်းဆိုသလို၊ အရူးများဟစ်အော်ငိုကြွေးသလို၊ ဘုန်းကြီးများ ရှေ့သုံးတောင်မှာ မျက်လွှာချထားသလို သက်ရှိတို့ရဲ့ အပြုအမူတစ်ခုကို ပြုမူပါတယ်။ အဲဒါဟာ ကဗျာရေးတာဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း စီရင်ချက်မပါတဲ့ အမိန့်စာဖတ်ခြင်းတစ်မျိုးပါ။ ဒီဝါကျအဆုံးမှာ ဘာရှိမလဲဆိုတာကို ခင်ဗျားမသိနိုင်ဘူး။ နောက်တစ်နေ့မှာ ရှူမယ့်လေမှာ အောက်ဆီဂျင်ကျန်ဦးမလားမသိနိုင်သလိုပေါ့။ ဗာဟီရတွေကို အရေးကြီးကြောင်းပြနိုင်ဖို့ ကျွန်တော်တို့ အကိုးအကားဆိုတဲ့စကားလုံးကိုတီထွင်ကြတယ်။ အပျင်းပြေ ဆေးလိပ်ဖွာသလို၊ ကွမ်းတံထွေးထွေးသလို၊ အုတ်ရောရော ကျောက်ရောရော အိပ်တန်းပြန်သလို …. ဒီကဗျာကိုမဖတ်စေချင်ဘူး။

သရဏဂုံပျက်လောက်အောင် လွမ်းဆွတ်နေတဲ့ကောင်၊ … လရောင်ကို အလျားလိုက် ထိုးဟောင်နေတဲ့ခွေးပေါ့။ ခွေးဟောင်သံတစ်လျှောက်လုံး လိုက်သွားရတဲ့စိတ် ………. အိမ်မပြန်နိုင်တော့ဘူး …………..။ ဒါကို ခင်ဗျားလည်းသိပါတယ်။ …….. ကျွန်တော်တို့ လူအဖြစ် မြင့်မားတိုးတက်ခဲ့ပြီဆိုတာကို သက်သေပြဖို့ …. သမိုင်းဝင်ကျောက်တုံးများနဲ့မှတ်သားဖို့ … ကဗျာကို ပန်းချီကားလို ထုပ်ရောင်းဖို့၊ …. နောက်ဆုံးအဆင်မပြေလွန်းတဲ့အခါ ……. ကဗျာကို ကိုင်ထားပြီး လက်နက်ချလိုက်ဖို့အထိ ရှည်ရှည်ဝေးဝေး။ ။


Notes:

2010 မှာ အငွေ့ထွက်မတတ် ရေးထားတဲ့ထဲက ပြန်ထုတ်လိုက်တော့ အပုဒ် ၂၀ မပြည့်ဘူး။ အခု ကဗျာရေးလို့မရဘူး ................။ ကဗျာအဟောင်းတွေ ပြန်ဖတ်ရင်း တင်လိုက်တာပါ။ ပျော်ရွှင်စရာမကောင်းတဲ့နှစ်မှာ ကဗျာတွေကျန်ခဲ့တဲ့အတွက် တန်တယ်လို့ပဲမှတ်လိုက်ပါတယ်။ ဒဏ်ရာတွေတော့ အတော်ရလိုက်ပါတယ်။

အမှောင်ထဲမှာ နှစ်ဆယ့်ရှစ်

အမှောင်ထဲမှာ နှစ်ဆယ့်ရှစ်

အံတိုနေပါပြီကွာ …. ဆိုပြီး သွားတုတွေချွတ်ပြတတ်တဲ့ လောကကိုပျင်းတယ်။ ……. မိတ်ဆွေ သင့်မျက်နှာ က ဘာလို့ ရန်သူတွေနဲ့သိပ်တူနေရတာလဲ …….။

အလင်းဟာကွေ့ကောက်ပြီးသွားတယ်။ အလင်းဟာ ဘရိတ်မမိတဲ့ကားတစ်စီးလိုထိုးစိုက်လာတယ်။ အလင်းဟာ ကျေးဇူးခံကျေးဇူးစားပါဆိုပြီး တိုက်ခိုက်နေတယ်။ … ဘယ်ကိုမှမသွားချင်တဲ့သူဟာ နေရာတကာကို ရောက်သလိုပါပဲ …………..။ စိတ်တွေအထားအသိုလွဲနေတဲ့အခါ …. ပျော်ရွှင်ခြင်းဟာလည်း အမှိုက်ပုံတစ်ခုမှာ ဘုတ်ခနဲကျလာတဲ့ဖဲပြားကြိုးခွေလို ………..။

အောင်မြင်ခြင်းကို တိုင်းတာတဲ့ယူနစ်ဟာ စိတ်ဆင်းရဲမှုဖြစ်တယ်။ ကိုယ့်လူ ဘယ်လောက်အောင်မြင်ပြီလဲ။ အနာဂတ်မှာ ဘယ်လိုအောင်မြင်အောင် ကြိုးစားမလဲ ….။ ဆွဲကြိုးချမယ့်ကြိုးဟာ ရွှေကြိုးဖြစ်ဖို့လိုသလား။

စက်ဝိုင်းထဲမှာ လမ်းမှားစရာမရှိဘူးကိုယ့်လူ။ သံသရာအ၀ိုင်းပတ်ထဲ စိတ်အေးလက်အေး လမ်းလေးဘာလေးလျှောက် …။ ကျန်းမာအောင်လေ၀၀ရှူ၊ ဘ၀ကို ဘာဝနာနဲ့တွဲ၊ မနက်မိုးလင်းလာရင် နေကောင်းသွားမှာပါ …အဲဒီလိုယုံလိုက်စမ်းပါ။ နှစ်ဆယ့်ရှစ်နှစ်။

ပြန်မရနိုင်တော့ဘူး။ လူငယ်ဘ၀၊ အမှားအယွင်း လတ်လတ်ဆတ်ဆတ်များ၊ မိုက်သွေးကြွချိန်လက်သီးများ၊ ဖြစ်ချိန်တန်ပျက်ခဲ့သောစီးပွားများ၊ အိုရွယ်သော အပြုံးများ၊ လူမှန်းသိတတ်စ လောကပါလတရားများ၊ …. အမှန်တရားတောင် အတုရှိတယ်။

ငါဖြစ်လာမယ့်ငါကို ငါမဖြစ်ခင်ကအနေအထားထိပြန်ရစ်လိုက်စမ်းပါ။ ထာဝရဘုရားသခင်ဟာ ငါ့မျက်နှာမြင်လို့ကြေကွဲရခြင်းအားဖြင့် ပြစ်ဒဏ်ဆပ်ဖြေနေရမှာမလိုလားလွန်းလို့။ ။

Zephyr

Tuesday, February 1, 2011

မြန်မြန်သွားလိုက်ကြရအောင်လေ။

မြန်မြန်သွားလိုက်ကြရအောင်လေ။

သိပ်အဝေးကြီးကိုမသွားချင်ဘူး။ ဖြစ်နိုင်ရင် မနက်မိုးလင်းမှရှင်ပြန်လိုက်ပါလား။
မနက်ဖြန်မှာ ငါတို့ခွဲရတော့မယ်။ လက်အိတ်မ၀တ်ဘဲ ရှင်ကျွန်မကိုချစ်နိုင်မလား။
ဒဏ်ရာတွေဟာ အတိမ်အနက်မတူတာကလွဲရင် နာတာဟာ နာတာပဲပေါ့။
ကျန်းမာရေးထိခိုက်အောင်မချစ်ပါနဲ့နော် …………။

ရှင်ကျွန်မကို မေ့လိုက်မယ်မဟုတ်လား။ (သေချာတဲ့လေသံ။)
မေ့လိုက်ပါနော်။ အဲဒါဟာ အကောင်းဆုံးဖြစ်မှာပါ။ (သက်ပြင်းတစ်ချက်ချ၊ ရှိုက်ငိုဟန်ပြု)
သံလမ်းတွေဟာမဆုံဘူး။ သက်တံတွေဟာ အစနဲ့အဆုံး ပြန်မဆက်နိုင်ဘူး။
ကျွန်မရှင့်ကိုမေ့နိုင်မှာမဟုတ်ပါဘူး … (၀က်တစ်ကောင်လို တအီအီငိုပြန်)။
အခကြေးငွေပေးပြီး အသုံးမကျတဲ့ရုပ်ရှင်တကားဝင်ကြည့်နေမိတာပါကွာ။
မိုးတိတ်ပြီလား။ ရုံဝင်ကြေးထားခဲ့။
ဒါနဲ့ပဲ နှလုံးသားကို တစ်ဝက်ဆုတ်ခံလိုက်ရပြန်တယ်။

ကောင်းကင်ကိုမော့ကြည့်လိုက်ပါ။
ကျွန်မတို့ရဲ့ကြယ်လေး လင်းနေတုန်းပဲ .. ရှင်သိရဲ့လား။ (မျက်ဝန်းတဖျတ်ဖျတ်လက်နေ)
မရှိတာတွေကို ရေတွက်တဲ့အခါတိုင်း ကျွန်မဘ၀မှာ ရှင်လိုအပ်နေတယ်။ (ရှက်ဟန်ပြု၊ တစ်ဖက်သို့လှည့်)

မကြာတော့ပါဘူး။
ဇာတ်သိမ်းခန်းက အရင်ဆုံးရိုက်ထားပြီးသားလေ။
အဲဒီတော့ ကျွန်မရှင့်ကို လွမ်းကြောင်းပြောပြီးရင်ပြီးပြီ။ (အထူးအဆန်းလိုကြည့်နေ)
မိုးမစဲသေးဘူးဆိုတာသိတယ်။
ဒါပေမယ့်မိုးရေထဲအစိုခံလိုက်တာ ……..
ရုံထဲမှာဆက်ထိုင်နေရတာထက်တော့လွတ်လပ်ပေါ့ပါးသွားတယ်။
… လွှင့်ပစ်လိုက်တယ်။
ရှင့်ကိုကျွန်မချစ်တယ်ဆိုတာတွေညစ်ညမ်းနေတဲ့လေထုတဲ ….
အသက်ရှူမ၀မယ့်အတူ ……
လွှင့်ပစ်လိုက်တယ်။
ငါ့အသက်ဓာတ် ……..၊
မိုးထဲရေထဲ ပေါ့ပါးစွာ။                        ။