လရောင်ရယ်၊
စန္ဒရားသံရယ်၊
အရူးနှစ်ယောက်ရယ်။
ထပ်ဖြည့်ရရင်
သစ်ရွက်ကြွေသံရယ်၊
မြောက်ပြန်လေရယ်၊
စိတ်ငြိမ်ဆေးရယ်။
ခရီးဝေးကြီးကို ခြေထောက်နဲ့သွားလို့ မဖြစ်ရင်
စိတ်နဲ့သွားကြတယ်။
အမှန်တရားဟာ ဖြည်းဖြည်းချင်းပဲ အမြဲရောက်လာတယ်။
ချစ်ခြင်းတရားဟာ တစ်လမ်းမောင်းဆိုတာ မသိဘဲ၊
လမ်းမှားဝင်လာမိတဲ့အခါ
ထင်တာထက် ကြေကွဲရတာပါပဲ။
လရောင်ကို ကွယ်ထားတဲ့သစ်ရွက်ကို
နှလုံးသားသက်သက်နဲ့ ပြုလုပ်ကြတယ်။
လရောင်ကို ချိုးကောက်လိုက်ရင်
ကုမုဒြာကို ဖွင့်တဲ့သော့ ဖြစ်သတဲ့၊
ရည်ရွယ်ချက် မယ်မယ်ရရ မရှိဘဲ၊
လရောင်ကို အပြီးသတ်ကွယ်လိုက်မယ့်
အနက်ရောင်တိမ်တစ်အုပ်ကို
ကောင်းကင်ဆီလွှင့်တင်တယ်။
ဒါဟာ နောက်ဆုံးဖြစ်မှာပါလို့၊
လရောင်လည်းသိ၊
ငါလည်းသိတယ်။
ငေးမိတဲ့ လရောင်နဲ့ ဝေးကွာသွားဖို့
အနက်ရောင် တိမ်တစ်အုပ်ရဲ့
ပျံ့နှံ့အား အရေးကြီးတာပေါ့။
လရောင်ဟာ စံပယ်ပန်းပေါ်ကျတယ်။
လရောင်နဲ့လင်းတဲ့စံပယ်၊
လရိပ်နဲ့ မှောင်တဲ့စံပယ်၊
စံပယ်ပန်းတစ်ပွင့်ဟာ
နှစ်ပွင့်ဖြစ်သွားတယ်။
ချစ်ခြင်းတရားကိုလည်း ဒီလိုပဲနှစ်ခုခွဲထားလိုက်ရမယ်။
လရောင်ကပွဲမှာ
အဖြူရောင်ဝိုင်လေး နွေးသွားလို့
သွန်ပစ်လိုက်ပါပြီ။
ကုန်လွန်သွားတဲ့လရောင်သက္ကရာဇ်မှာ
စန္ဒရားသံအသစ်နဲ့ ဖြတ်သန်းသွားရလိမ့်မယ်။
ဥပေက္ခာတရားဟာ
လူပေါ်မှာ ထားရမှာမဟုတ်ဘဲ၊
အပြုအမူပေါ်မှာ ထားရရိုးမှန်ရင်
အပြုအမူပေါ်မှာ ထားရရိုးမှန်ရင်
လရောင်ရဲ့လင်းဖြာမှုကို
ဥပေက္ခာထားရမှာပါပဲ။
နှစ်ပေါင်းများစွာ
လရောင်နဲ့ဆောက်ထားတဲ့ အိမ်ကလေးကို
ပြန်လည်ဖြိုဖျက်ရမှာဖြစ်လို့
အချိန်တော့နည်းနည်းလိုတယ်။
ရှင်သန်လိုစိတ်လည်း
နည်းနည်းလိုအပ်တာပါပဲ။ ။
Zephyr
No comments:
Post a Comment